ရန်ကုန်၊ မဇ္ဈိမ။ တွံတေးမြို့နယ်အပိုင် ပန်းလှိုင်မြစ်ကမ်းပေါ်က ကျူးကျော်သူများအရေး ဖြေရှင်းဆောင်ရွက်ပေးရန် သမ္မတကို စာတင်တောင်းဆိုထားသည်ဟု မူလမြေပိုင်ရှင်တစ်ဦးလည်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ ဗဟိုမှ အလုပ်အမှုဆောင်လည်းဖြစ်သူ ဦးသာဆိုင်က ဒီဇင်ဘာ ၂၉ တွင် မဇ္ဈိမကို ပြောသည်။
ယင်းနေရာများသည် မူလအမည်ပေါက် ပိုင်ရှင်များ ရှိနေပြီး လူအုပ်စုများဖြင့် ဥပဒေမဲ့ ကျူးကျော်ဝင်ရောက်နေပြီး ကျူးကျော်တဲအိမ်များ ဆောက်လုပ်နေမှုအပေါ် ဥပဒေနှင့်အညီ အရေးယူတားဆီးပေးရန် ဒီဇင်ဘာ ၂၆ ရက်က သမ္မတထံသို့ စာတင်တောင်းခံလိုက်ခြင်း ဖြစ်သည်။
“အမှုဖွင့်ထားပေမယ့် အရေးယူဆောင်ရွက်ပေးခြင်း မရှိဘူး၊ ဒါကြောင့် သမ္မတဆီကိုပါ စာတင်ပြီး ဖြေရှင်းပေးဖို့ တောင်းဆိုထားတာပါ”ဟု ဦးသာဆိုင်က ပြောပြသည်။
လက်ရှိ ကျူးကျော်သူများ ဝင်ရောက်နေထိုင်နေသော မြေနေရာများမှာ မူလအမည်ပေါက်ပိုင်ရှင်များ ရှိနေပြီး တွံတွေးမြို့နယ် ပဒန်ရေကျော်ကျေးရွာနှင့် ခလောက်ချိုက်ကျေးရွာတို့မှ ဒေသခံများ ပိုင်ဆိုင်သော ဥယျာဉ်ခြံမြေများ ပါဝင်နေသည်။
အဆိုပါ မြေကွက်များပေါ်သို့ မြေအခမဲ့ဖြန့်ဝေပေးနေသည်ဟု သတင်းလွင့်မှုများနှင့် ဦးဆောင်သူအချို့တို့က လူအင်အား (၂၀၀) ခန့်နှင့် ဒီဇင်ဘာ ၁ ရက်နေ့ ညနေက ဝင်ရောက်ကျူးကျော်တဲထိုးမှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် ဒီဇင်ဘာ ၂ ရက်နေ့တွင်လည်း ထပ်မံရောက်ရှိလာသော အင်အား ၃၀၀ ကျော်ခန့်ရှိသူများက တုတ်ဓါးလက်နက်များ ကိုင်ဆောင်ပြီး တွံတေးလမ်းမ လမ်းဘေး ဝဲယာနိုင်ငံတော်ပိုင်မြေများနှင့် ဒေသခံများပိုင် နေရာများကိုပါ ဝင်ရောက် ကျူးကျော် တဲထိုးမှုများကို ပြုလုပ်ခဲ့ကြသည်။
ယင်းသို့ ပြုလုပ်မှုကြောင့်လည်း ကျူးကျော်သူများနှင့် ဒေသခံကျေးရွာသားများအကြား အခြေအနေတင်းမာမှုများ ဖြစ်ပွားခဲ့ပြီး “အုပ်ချုပ်ရေးပိုင်းက အားနည်းတာပါ။ ဥပဒေရှိပြီးသားကို အကောင်အထည်မဖော်နိုင်တော့ ဒီလိုပြဿနာတွေ ဖြစ်လာတာပါ” ဟု NDF ပါတီ ဗဟိုမှ ဦးသာဆိုင်က ဆိုသည်။
ထို့ပြင် ယင်းသို့ ကျူးကျော်ခံရမှုများတွင် ယင်းအမည်ပေါက်ပိုင်ဆိုင်ပြီး စက်မှုမြေယာအဖြစ် လျှောက်ထားသည့် NDF ပါတီဗဟိုဥက္ကဌအပါအဝင် ငါးဦးစပ်ရှယ်ယာဝင်ထားသည့် မြေဧကပေါင်း (၈၇)ဧကထိ ပါဝင်နေသည်ဟုဆိုသည်။
ယင်းသို့ မြေယာကျူးကျော်မှုများကြောင့် ကျူးကျော်သူများကို ဦးဆောင်လာသည့် ဒီမိုကရက်တစ်ပါတီမှ ကိုကျော်ထက်နိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီမှ ကိုသန်းဌေး၊ ကိုမြင့်သန်း၊ ကိုညီညီအောင်နှင့် ကိုလှမြိုင်ဆိုသူတို့ကိုလည်း အရေးယူတားဆီးပေးရန် ခလောက်ချိုက်ရဲစခန်းတွင် အမှုဖွင့်ထားသေးသည်။
အဆိုပါ ကျူးကျော်မှုများနှင့် ပတ်သက်၍ ဒီမိုကရက်တစ်ပါတီမှ လှိုင်သာယာမြို့နယ်တာဝန်ခံဖြစ်သူ ကိုကျော်ထက်နိုင် က “ ပြည်သူတွေက အကူအညီတောင်းတဲ့အတွက် ပန်းလှိုင်မြစ်ထဲက သောင်ထွန်းနေတဲ့ ဒီမြေနုကျွန်းပေါ်မှာ ကိုယ်ထူကိုယ်ထနဲ့ ယာယီတဲထိုးနေကြတာပါ။ ဒုက္ခသည်စခန်းပုံစုံမျိုးပါ။ ပြည်သူက အခွန်ဆောင်ဆိုလည်း ကျွန်တော်တို့ အခွန်ဆောင်မယ်၊ တသက်လုံးနေရမယ်ဆိုလည်း ပိုကောင်းတာပေါ့” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပေးခဲ့သည်။
ယင်းသို့ လာရောက်နေထိုင်သော ကျူးကျော်များသည် လှိုင်သာယာမြို့နယ်မှ ဖြစ်ပြီး အာဏာပိုင်မှ မဖြစ်မနေ ဖျက်ပေးကြရမည်ဟု အမိန့်စာရောက်ရှိသည့်အတွက် ပန်းလှိုင်မြစ်မြေနုကျွန်းပေါ်တွင် လာရောက်နေထိုင်ရသူများဖြစ်သည်။
လက်ရှိတွင် ကျူးကျော်သူများသည် အဆိုပါ မြေနုကျွန်းပေါ်သာမက တွံတေးမြို့နယ်မှ ဒေသခံများပိုင်ဆိုင်သော မြေယာများ၊ ဥယျာဉ်များအပြင် ၊ အစိုးရပိုင် တွံတေးလမ်းမတန်း ဝဲ၊ယာရှိ မြေများပေါ်သို့ပါ ကျူးကျော်တဲများ ဝင်ရောက်ဆောက်လုပ်ထားပြီး တဲပေါင်း (၅၀၀၀) နီးပါးခန့်ရှိနေသည်။
အဆိုပါ မြေယာကျူးကျော်မှုများတွင် နောက်ကွယ်မှ စီးပွားရေးသမားများလည်း ပါဝင်နေပြီး ကျူးကျော်ထားသော မြေများအား ပြန်လည်ရောင်းစားနေကြသည်ဟုလည်း ဒေသခံများထံမှ စုံးစမ်းသိရှိရသည်။
၂၀၁၃ ခုနှစ် ၂ လပိုင်းကလည်း လှိုင်သာယာမြို့နယ် အဆင့်မြင့်နှင့် ငါးထိပ်အကြားရှိ အစိုးရပိုင်မြေကွက်ပေါ်သို့လည်း ကျူးကျော်သူများက ဥပဒေမဲ့စွာဖြင့်ပင် ဝင်ရောက်တဲထိုးနေထိုင်ခဲ့ကြသည်။
ထို့နောက်ပိုင်းတွင် ယင်းသို့ကျူးကျော်ထားသော မြေယာများအား ၁၀ သိန်းဝန်းကျင်ဖြင့် ပြန်လည်ရောင်းစားမှုများလည်း ရှိနေသည်။
by mizzima


No comments:
Post a Comment