Friday, December 20, 2013

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် အမျိုးသမီးများကို အိမ်တွင်းမှု သင်တန်းပေးမည်


မောင်တော၊ ဒီဇင်ဘာ ၁၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ပြေးလာပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ခိုလှုံနေသည့် ရခိုင်မျိုးနွယ်စုဝင် အမျိုးသမီးများနှင့် ဒေသခံ အမျိုးသမီးများကို မောင်တောမြို့ အိမ်တွင်းမှု သိပ္ပံကျောင်းတွင် သင်တန်း ပေးသွားမည် ဖြစ်ကြောင်း
တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ ရခိုင် လူမှုကူညီ စောင့်ရှောက်ရေး အသင်းထံမှ သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသူများနှင့် မောင်တော ခရိုင် တောင်ပြိုမြို့နယ်ခွဲရှိ အိမ်တွင်းမှုနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အတတ်ပညာ စနစ်တကျ သင်ကြားရန် လိုအပ်သည့် အမျိုးသမီးများကို ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်သင်တန်း ပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းတက်မည့် အမျိုးသမီးများ စာရင်းကို ကျေးရွာများသို့ သွားရောက်ကာ ကောက်ယူနေကြောင်း အဆိုပါအသင်းမှ ကော်မတီဝင်တစ်ဦးက ဆိုသည်။

အဆိုပါ အမျိုးသမီးများကို အပ်ချုပ်၊ ဇာထိုး၊ ပန်းထိုး၊ စောင်၊ ပုဆိုးရက်လုပ်သည့် ရက်ကန်းစသည့် အိမ်တွင်းမှု ပညာတို့ကို သင်တန်းပေးမည် ဖြစ်ကြောင်း ရခိုင် လူမှုကူညီ စောင့်ရှောက်ရေး အသင်းထံမှ သိရှိရသည်။

တောင်ပြို လက်ဝဲ မြို့နယ်ခွဲတွင် ရခိုင်၊ ဒိုင်းနက်၊ မရမာကြီး လူမျိုးများ နေထိုင်လျက် ရှိကြပြီး ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေး လာသူများနှင့် ဘာသာစကား မတူကြသဖြင့် ဆက်ဆံရေးတွင် အခက်အခဲ ရှိကြောင်း၊ ယဉ်ကျေးလိမ္မာနှင့် ဘာသာစကား သင်တန်းများကိုလည်း လာမည့် နှစ်ဆန်းပိုင်းတွင် သင်တန်းပေးမည် ဖြစ်ကြောင်း အဆိုပါအသင်းမှ ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ ရခိုင် လူမှုကူညီ စောင့်ရှောက်ရေး အသင်းကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ တောင်ပြိုမြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။


The Voice Weekly

No comments:

Post a Comment