Monday, December 16, 2013

ဆီးဂိမ်းစ်ကာလအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ နိုင်ငံခြားသားလာရောက်မှု များပြား

 ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်ကြသူများအား ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ်

ဆီးဂိမ်းစ်အားကစားပြိုင်ပွဲ ကာလအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ နိုင်ငံခြားသားဝင်ရောက်မှု များပြားလာကြောင်း ရန်ကုန်တိရစ္ဆာန်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ အကောင်သစ်များ ထပ်မံထည့်သွင်းထားခြင်းမရှိသော်လည်း တိရစ္ဆာန်ရုံသန့်ရှင်းရေးနှင့် အသေးစားပြင်ဆင်မှုများကို လုပ်ဆောင်ထားကြောင်း သိရသည်။
"ဆီးဂိမ်းစ်ကာလမှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို နိုင်ငံခြားသား ၀င်ရောက်တာက အရင်ထက် ပိုများလာတယ်။ လူဝင်အရေအတွက်ကိုတော့ ခန့်မှန်းလို့မရဘူး။ ဒီနေ့ဆို လာအိုနိုင်ငံက ကစားသမားတွေ အများကြီးလာတယ်။
ဆီးဂိမ်းစ်ပြိုင်ပွဲရှိလို့ လာကြတာ။ ပုံမှန်ဆိုရင်တော့ နည်းတယ်" ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ဆိုသည်။  
နိုင်ငံခြားသားများအတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝင်ကြေးကို တစ်ဦးလျှင် ကျပ် ၂၀၀၀ သတ်မှတ်ထားပြီး ပြည်တွင်းရှိ အသင်းအဖွဲ့အများကို တစ်ဦးလျှင် ကျပ် ၅၀၀၊  သာမန်ဝင်ရောက်လေ့လာသူများကို တစ်ဦးလျှင် ၀င်ကြေးကျပ် ၁၀၀၀ အဖြစ် ကောက်ခံလျှက်ရှိကြောင်း သိရသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကမ္ဘာ့ရှားပါးတိရစ္ဆာများဖြစ်သည့် ပန်ဒါနီ၊ ကျား၊  ခြင်္သေ့၊ ကြံ့ဖြူ၊ ရေမြင်းပု၊ ကြံ့သူတော်၊ သစ်ကုလားအုတ်၊ ရွှေသမင်၊ ချင်ပန်စီမျောက်ဝံ၊ ဆင်၊ မျောက်လွဲကျော်၊ ကြောင်တံငါ၊ မျောက်ညို၊ ဖျံ၊ ဂျီလှောင်(ယုန်သမင်)၊ ဒေါင်းစိမ်း၊ ဒေါင်းပြာ၊ မန်ဒါလီရိုင်း၊ ဒုံးစက်၊ ကတ်ဆိုဝါရီ၊ ကြိုးကြာ၊ ကြယ်လိပ်တို့ကို အများပြည်သူလေ့လာနိုင်ရန် ပြသထားသည်။
မကြာသေးမီကာလအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ရှားပါးမျိုးနွယ်ဝင် ကျားဖြူတစ်ကောင်၊ သစ်ကုလားအုတ်တစ်ကောင်နှင့် အမေဇုန်တောမှ အယ်လ်ပိုင်းမား ငါးတို့ကို အသစ်ထည့်သွင်းပြထားပြီး  ရေမြင်း၊ တောကြီးမြွေဟောက်တို့မှ သားပေါက်ထားကြောင်း သိရသည်။

by eleven

No comments:

Post a Comment