Saturday, December 7, 2013

တရုတ်နိုင်ငံ အလံ မီးရှို့ဆန္ဒ ထုတ်ဖော် သူများကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး ထိခိုက်သည့် ပြစ်မှုဖြင့် တရားစွဲ

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး အတွက် ဒဂုံမြို့နယ်ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးရှေ့တွင် တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒ ထုတ်ဖော်ခဲ့သူ လေးဦးကို ဒဂုံမြို့နယ် တရားရုံးက နိုင်ငံတော် အစိုးရ သို့မဟုတ် နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ထိခိုက်သည့် ပြစ်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ၅၀၅ (ခ) အပြင် ခွင့်ပြုချက်မရ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ပုဒ်မ ၁၈ ဖြင့်လည်း တရားစွဲဆိုထားကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်ပံတောင်းတောင်အရေး တက်ကြွ လှုပ်ရှားသူ ဒေါ်နော်အုန်းလှ အပါအဝင် လေးဦးသည် ဆူးလေဘုရားမှ စတင်ကာ တရုတ်နိုင်ငံ သံရုံးထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တော်အလံကို မီးရှို့ဆန္ဒထုတ် ဖော်ခဲ့ခြင်း ဖြစ်သည်။
“တစ်ယောက်ကို ဖမ်းဆီးလိုက်ပါပြီ၊ ကျန်တဲ့ သူတွေကိုလည်း တရားစွဲပြီးပြီဆိုတော့ ဖမ်းဆီးဖို့ ဆက်သွယ် ဆောင်ရွက်နေပါပြီ” ဟု ၎င်းကဆိုသည်။ တရားစွဲဆို ထားသူများထဲမှ တက်ကြွလှုပ်ရှားသူ ဦးတင်ထွဋ်ပိုင်ကို ဒီဇင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်တွင် ဖမ်းဆီးခဲ့ပြီး ရုံးတင် စစ်ဆေးရန်အတွက် အင်းစိန်ထောင်အတွင်း ချုပ်ထားကြောင်း ဒဂုံမြို့နယ် ရဲစခန်းထံမှ သိရသည်။ အဆိုပါ အလံကို မီးရှို့ ဆန္ဒထုတ်ဖော်ခြင်းသည် တရုတ်နိုင်ငံနှင့် လူမျိုးကို မုန်းတီးမှုကြောင့် ပြုလုပ်ခြင်း မဟုတ်ဘဲ လက်ပံတောင်းတောင် စီမံကိန်း လုပ်ကိုင်နေသော တရုတ်နိုင်ငံပိုင် ဝမ်ပေါင် ကုမ္ပဏီကို ရပ်ဆိုင်းစေလိုသော ဆန္ဒဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အဆိုပါ ဆန္ဒထုတ် ဖော်မှုတွင် ပါဝင်သူ ဒေါ်နော်အုန်းလှက ပြောကြားသည်။
“အခုထိတော့ ရဲစခန်းက ဆက်သွယ်ခြင်း မရှိသေးဘူး။ သူများအလံကို မီးရှို့လို့ တရားစွဲမယ် ဆိုရင်လဲ ဖမ်းပေါ့။ သမိုင်းက စကားပြောသွားပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။ ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြစ်မှု မြောက်ရန်မှာ အစိုးရကိုဖြစ်စေ၊ ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို ကျူးလွန် လာချင်အောင် ပြည်သူကိုသော် လည်းကောင်း၊ ပြည်သူ (သို့မဟုတ်) သီးခြားလူစုကိုသော် လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံဖြင့် ဖော်ပြချက် ကောလာဟလ သို့မဟုတ် သတင်းကို ပြုခြင်း၊ ထုတ်ပြန်ခြင်း၊ ဖြန့်ချိခြင်းဖြစ်စေ ပြုလုပ် သူကို ထောင်ဒဏ် ၂ နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း တရားလွှတ်တော် ရှေ့နေများထံမှ သိရသည်။
ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းများကို အကြမ်းဖက် နှိမ်နင်းမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၂၉ ရက်တွင် လက်ပံတောင်းအရေး တက်ကြွ လှုပ်ရှားသူ အယောက်ငါးဆယ်ခန့်သည် ဆူးလေမှ တရုတ်သံရုံးရှေ့သို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီး သံရုံး အနီး အလုံမြို့နယ် ရဲစခန်းမှ တားဆီးမှုများ ပြုလုပ်ပြီးနောက် ဆန္ဒထုတ်ဖော်သူများက တရုတ်နိုင်ငံ အလံကို မီးရှို့ခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒ ထုတ်ဖော် သူများကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး ထိခိုက်သည့် ပြစ်မှုဖြင့် တရားစွဲ

No comments:

Post a Comment