တရပ်လုံး၏ အားပေးထောက်ခံမှုကို ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)မှာ ၁၉၉၀ ခုနှစ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပေသည်။ သို့သော် စစ်အာဏာပိုင်များက အန်အယ်လ်ဒီအား အာဏာလွှဲပေးခြင်း မရှိခဲ့ချေ။
နိုင်ငံတော်အာဏာကို
ဆက်လက်ဆုတ်ကိုင်ထားခဲ့ကြသော စစ်ဗိုလ်ချုပ်များကား နောက်ပိုင်းတွင်
နိုင်ငံရေးကကွက်ကို ပိပိရိရိလုပ်လာခဲ့သည်။ ဦးစွာ
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ သစ်တစ်ရပ်ကို မိမိတို့ အလိုကျရေးဆွဲကာ
အတည်ပြုပြဌာန်းခဲ့သည်။ ပြီးလျှင် ၂၀၁၀ ခုနှစ်တွင် ဒုတိယအကြိမ်မြောက်
အထွေထွေရွေးကောက်ပွဲကို ကျင်းပြုလုပ်ခဲ့ပေသည်။ အန်အယ်လ်ဒီက
အဆိုပါရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့် အားလျှော်စွာ ယူနီဖောင်းချွတ်ကာ
ရွေးကောက်ပွဲဝင်ခဲ့ကြသော အငြိမ်းစား စစ်ဗိုလ်ချုပ်များ၏ ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလွယ်တကူပင် အနိုင်ရရှိခဲ့သည်။
ဤသို့ဖြင့် ဗိုလ်ချုပ်ကြီးဟောင်းနှစ်ဦး ဖြစ်ကြသော ဦးသိန်းစိန်နှင့်
ဦးရွှေမန်းတို့မှာ နိုင်ငံတော်သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌ
အသီးသီးဖြစ်လာခဲ့ကြပေသည်။
သမ္မတကြီး ဦးသိန်းစိန်တစ်ယောက်
နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် မကြာမှီမှာပင်
နိုင်ရေးအကျဉ်းသား အချို့ကို လွှတ်ပေးခဲ့ရာ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ
ရောင်ခြည်သန်းလာခဲ့သည်။ တချိန်တည်းမှာပင် နိုင်ငံရေးနှင့်
စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအချို့ စတင်ပြုလုပ်လိုက်ပြီး
နိုင်ငံတကာ အသိုင်းအဝိုင်းထဲသို့ ပြန်လည်ဝင်ရောက်နိုင်ရန်
ခြေလှမ်းပြင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အားလည်း နေအိမ်အကျယ်ချုပ်မှ
လွှတ်ပေးခဲ့ရာ မြန်မာနိုင်ငံ၏ နိုင်ငံရေးရာသီဥတုမှာ မထင်မှတ်ဘဲ
ပိုမိုပွင့်လင်းလာခဲ့သည်။ သို့သော် အတိုက်အခံအများစုမှာ ယုံကြည်မှုမရှိကြဘဲ
ဟန်ပြပြုလုပ်နေခြင်း ဖြစ်သည်ဟုသာ ထင်မှတ်ခဲ့ကြသည်။ မည်သို့ဆိုစေ
အမေရိကန်အပါအဝင် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်
ဆက်ဆံမှုများ စတင်ပြုလုပ်လာခဲ့ကြပေသည်။ ဤကဲ့သို့ နိုင်ငံတကာ
အသိုင်းအဝိုင်းမှ အပြုသဘောဆောင်ဆက်ဆံကာ
လိုက်လျောမှုများပြုလုပ်ခဲ့ကြခြင်းကြောင့် ဦးသိန်းစိန်အစိုးရက
နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများအား ရပ်တန့်ပစ်လိုက်မည်ကို
အတိုက်အခံနိုင်ငံရေး အသိုင်းအဝိုင်းမှ စိုးရိမ်မကင်းဖြစ်ခဲ့ကြသည်။
ဤသို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံအချို့နှင့်
လူ့အခွင့်အရေးအဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော
ပိတ်ဆို့မှုများကို တမုဟုတ်ချင်း မရုပ်သိမ်းပစ်ကြရန် နိုင်ငံတကာ
အသိုင်းအဝိုင်းသို့ ဆောင်သြခဲ့ကြသည်။ သို့သော် သမ္မတကြီး ဦးသိန်းစိန်က
နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အရှိန်မပျက်
ဆက်လက်ဆောင်ရွက်ခဲ့ ခြင်းဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများအား
ရုပ်သိမ်းလိုက်ကြအောင် စွမ်းဆောင်နိုင်ခဲ့သည်။
သမ္မတကြီး ဦးသိန်းစိန်အစိုးရအနေဖြင့်
အန်အယ်လ်ဒီအပေါ်တွင်လည်း အရေးပါလှသော လိုက်လျောမှု တစ်ခုပြုလုပ်ခဲ့သည်။
၎င်းမှာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ရွေးကောက်ပွဲ ဝင်ခွင့်ရရန်
လမ်းဖွင့်ပေးခဲ့မှုပင်ဖြစ်သည်။ ဤသို့ဖြင့် ၂၀၁၂ ခုနှစ်ပြုလုပ်ခဲ့သော
ကြားဖြတ်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီကပါ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
လစ်လပ်ကိုယ်စားလှယ်နေရာ ၄၅ နေရာရှိသည့်အနက် ၄၃ နေရာတွင် အန်အယ်လ်ဒီက
မထင်မှတ်ဘဲ အနိုင်ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်မှာလည်း
ရွေးကောက်ခံကိုယ်စားလှယ် တစ်ဦးအဖြစ် လွှတ်တော်တက်ကာ
ပါလီမန်ဒီမိုကရေစီနိုင်ငံရေးကို စတင်မြည်းစမ်းနိုင်ခဲ့သည်။ သူ့အနေဖြင့်
ဒီမိုကရေစီတိုက်ပွဲကို ဦးဆောင်နေခဲ့ရာမှ လွှတ်တော်တွင်း
အတိုက်အခံခေါင်းဆောင်အဖြစ် အသွင်ပြောင်းလာခဲ့သည်။ သို့သော်
လွှတ်တော်ရောက်သူ့အခန်းကဏ္ဍမှာ ဒီမိုကရေစီတိုက်ပွဲတုန်းကလို
အရေးပါမှုမရှိတော့ချေ။
ဒေါ်အောင်ဆန်းစုကြည်အဖို့
လက်ရှိပြည်တွင်းနိုင်ငံရေးနှင့် လူမှုရေးအခြေအနေများကို စနစ်တကျသုံးသပ်ကာ
ပေါ်လစီချမှတ်ရန် လိုအပ်လှပါသည်။ ယခင်ကဲ့သို့ ပြည်သူ့ထောက်ခံမှုရရှိအောင်
အစွမ်းကုန်ကြိုးပမ်းရပါမည်။ ပြည်သူထောက်ခံမှုမပါသော မည်သည့်လှုပ်ရှားမှုမှ
အောင်ပွဲမခံနိုင်ချေ။ ဘင်္ဂလီများ၏ တစ်အိမ်ထောင်ကလေး နှစ်ယောက် ကိစ္စကို
လူ့အခွင့်အရေးချိုးဖောက်မှုဟု ပြောဆိုဝေဖန်ခြင်းဖြင့် ဒေါ်စုတစ်ယောက်
ပြည်သူ့ချဉ်ဖတ်ဖြစ်မှန်း မသိဖြစ်သွားသည်ကို သတိပြုသင့်ပါသည်။
တရုပ်နိုင်ငံတွင် လူဦးရေးအဆမတန်များပြားလွန်းလှသဖြင့် တအိမ်ထောင်ကလေး
တစ်ယောက်ပေါ်လစီကို မလွဲမရှောင်သာ ချမှတ်ခဲ့ရသည်။ ဤကိစ္စကို
လူ့အခွင့်အရေးချိုးဖောက်မှုဟု ဝေဖန်၍ ရပါမည်လော။ နိုင်ငံရေးသမား
တစ်ယောက်အဖို့ အမျိုးသားအကျိုးစီးပွားထက် မည်သည့်အရာကိုမှ
ရှေ့တန်းတင်၍မရချေ။ အမေရိကန် သမ္မတအိုဘားမားမှာလည်း ငြိမ်းချမ်းရေး
နိုဘယ်လ်ဆုရှင် တစ်ယောက်ပင်ဖြစ်ပါသည်။ သို့သော်လည်း သမ္မတအိုဘားမားအဖို့
မိမိတိုင်းပြည်အကျိုးစီးပွားအတွက် နိုင်ငံတချို့တွင် မလွှဲမရှောင်သာ
စစ်ပွဲများဆင်နွှဲနေရပါသည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တစ်ယောက်အနေဖြင့်
ဤကဲ့သို့ မပြုသင့်ဟု ပြောဆိုဝေဖန်၍ မရပါ။
ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ၂၀၁၅
ခုနှစ်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် အနိုင်ရလိုပါက ပါတီကို
ပိုမိုအားကောင်းလာအောင် စည်းရုံးရန်လိုအပ်သည်ဟု ကျွန်တော်ထင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ချခံထားရစဉ်က ပါတီကို
မည်မည်ရရဦးဆောင်ထားနိုင်သူဟု ပြောပြလောက်အောင် မတွေ့ခဲ့ရချေ။
သဘောထားတင်းမာလှသော ပါတီခေါင်းဆောင်တစ်ယောက် နှစ်ယောက်မှာလည်း
ဟောင်ဖွာဟောင်ဖွာ ပြောရုံမှလွဲ၍ ပါတီအတွက် ဘာမှ ဟုတ်တိပါတ်တိ
မလုပ်နိုင်ခဲ့ချေ။ အမိန့်အမှတ် ၁/၉၀ ကို လက်မှတ်ထိုးကာ ထိုစဉ်က
စစ်အစိုးရကျင်းပခဲ့သော အမျိုးသားညီလာခံသို့ တက်လိုတက်နှင့် ခြေမကိုင်မိ
လက်မကိုင်မိ ဖြစ်နေခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှ
လွတ်လာပြီးမှသာ ယင်းအမျိုးသားညီလာခံမှ အန်အယ်လ်ဒီပါတီဝင်များ
နှုတ်ထွက်ဖြစ်ခဲ့ကြသည်။ အားမနာတမ်းပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်မရှိသော
အန်အယ်လ်ဒီမှာ ဝိဥာဏ်မဲ့ကိုယ်အလားပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မရှိသော
အန်အယ်လ်ဒီမှာ ဝိဥာဏ်မဲ့ကိုယ်အလားပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်
စွန့်လွှတ်အနစ်နာခံခဲ့သမျှမှာလည်း နိုင်ငံတကာဆုများရသည်မှလွဲ၍
မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲအတွက် ပြောပြလောက်အောင် ထိရောက်မှုမရှိခဲ့ချေ။
ယခုအခါ အများပြောဆိုဝေဖန်နေကြသည့်
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးမှာ မလွဲမသွေ
လုပ်ကြရမည့် အရေးကြီးဆုံးကိစ္စပင်ဖြစ်ပါသည်။ နိုင်ငံအနာဂါတ်အတွက်
ဒီမိုကရေစီစနစ်နှင့် အဆီအငေါ်မတည့်လှသော
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေများအား မပြောင်းအဖြစ်
ပြောင်းလဲပစ်ကြရပါမည်။ ဥပမာအားဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိသော
နိုင်ငံသားတိုင်း သမ္မတဖြစ်ပိုင်ခွင့်ရရှိအောင် လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေက ကန့်သတ်ထားချက်များကို ပြောင်းလဲပစ်ရန် လိုအပ်ပါသည်။ ထို့အတူ
လွှတ်တော်အသီးသီးတွင် စစ်ဦးချုပ်က ရွေးချယ်စေလွှတ်မည့် တပ်မတော်သားများအတွက်
နေရာ ၂၅ % ပေးထားသော ဥပဒေ တနည်းအားဖြင့်
ရွေးကောက်တင်မြှောက်ပိုင်ခွင့်ရှိသော ပြည်သူများ၏ လေးပုံတပုံသော
အခွင့်အာဏာကို စစ်ဦးစီးချုပ်တစ်ဦးတည်းအပေါ် ပုံအပ်ပေးထားသော ဥပဒေကိုလည်း
မလွဲမသွေ ဖျက်သိမ်းပစ်ရန် လိုအပ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့်
ဤဥပဒေကို တခါတည်း ဖျက်သိမ်းပစ်ရန် အခက်ကြုံနေပါက တပ်မတော်သား
ကိုယ်စားလှယ်အရေအတွက်ကို တစ်ဆင့်ချင်းလျော့ချပစ်မည့် ဥပဒေပြင်ဆင်မှုကို
ပြုလုပ်နိုင်ပါသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် မြန်မာ့နိုင်ငံရေးအတွင်
တပ်မတော်ပါဝင်ပတ်သက်မှု ကင်းလွတ်သင့်လှပါပြီ။
၎င်းပြင် ဗဟိုချုပ်ကိုင်မှုကိုလျှော့ချကာ
ပြည်နယ်များအား ထိုက်သင့်သောအာဏာနှင့် လုပ်ပိုင်ခွင့်များ ပေးရန်လည်း
အလွန်ပင်လိုအပ်လှပါသည်။ ပြည်ထောင်စုဆိုသော အမည်နာမနှင့်
လိုက်လျောညီထွေဖြစ်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖြည့်စွက်မှုများကို
မလွဲမသွေလုပ်ကြရပါမည်။ မြန်မာနိုင်ငံရှိ လူမျိုးတိုင်းချစ်ကြည်ရင်းနှီးစွာ
ပူးပေါင်းနေထိုင်လိုကြမည့် အနှစ်သာရရှိသည့်
ပြည်ထောင်စုတည်ဆောက်ခြင်းဖြင့်သာ ပြည်ထောင်စုမပြိုကွဲ ရေးကို
အာမခံနိုင်ပါလိမ့်မည်။ ကြွေးကြော်သံပြုရုံမျှဖြင့် ပြည်ထောင်စုကြီး
အဒွန့်ရှည်တည်တန့် နေမည်မဟုတ်ပေ။ ထိုနည်းတူစွာပင်
တိုင်းရင်းသားလူမျိုးများအား ထိုက်သင့်သော အခွင့်အရေးမပေးဘဲ တိုင်းရင်းသား
စည်းလုံးညီညွှတ်မှုမပြိုကွဲရေးကို ကြွေးကြော်နေ၍ အကျိုးထူးမည်မဟုတ်ပါ။
တိုင်းရင်းသားလူမျိုးများ၏ တန်းတူညီမျှရေးနှင့်
ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကို အသိအမှတ်ပြုရန် ဝန်လေးနေပါက လောလောဆယ်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြုလုပ်နေသော
ဆွေးနွေးပွဲများလည်း အောင်မြင်နိုင်စရာ အကြောင်းမရှိချေ။
နောက်တစ်ခုပြောလိုသည်မှာ
ဦးသိန်းစိန်အစိုးရ၏ တနိုင်ငံလုံးတပြေးညီစွာဖွံ့ဖြိုးတိုးတက်ရေး
ကြွေးကြော်သံနှင့် ပတ်သက်၍ပင် ဖြစ်ပါသည်။ ဤကြွေးကြော်သံမှာ
လူတိုင်းသဘောကျစရာဖြစ်ပါသည်။ သို့သော် လက်တွေ့အခြေအနေနှင့် ကြွေးကြော်သံမှာ
တခြားစီဖြစ်နေပါသည်။ လေးလမ်းသွားလမ်း၊ လေးလမ်းသွားလမ်းမှ
ခြောက်လမ်းသွားလမ်းအဖြစ် တဖြည်းဖြည်းတိုးတက်လာခဲ့သည်။ အခြားဒေသတခုတွင်မှု
ဆယ့်နှစ်ရာသီ သွားနိုင်သော လမ်းတစ်လမ်းပင် ကောင်းကောင်းမရှိ။
မြစ်ကူးတံတားများဆိုလျှင်လည်း ဒေသတစ်ခုတွင် တစ်ခုမှနှစ်ခု၊ နှစ်ခုမှ
သုံးခုဖြစ်လာသည်။ အခြားဒေသတစ်ခုတွင်မှု မခိုင့်တခိုင်မြစ်ကူးတံတားလေး
တစ်ခုရှိသည်ပင်လျှင် ကုသိုလ်ကံကောင်း၍ဟု ဆိုစရာဖြစ်နေသည်။ ၄င်းပြင်
ဒေသတစ်ခုတွင် လျှပ်စစ်တစ်ယူနစ်ကို ကျပ် ၅၀ ပေးရစဉ်တွင် အခြားဒေသတစ်ခု၌ ကျပ်
၅၀၀ ပေးနေရသည်မှာ တစ်နိုင်ငံလုံး တပြေးညီစွာ ဖွံ့ဖြိုးတိုးတက်ရေး
ကြွေးကြော်သံကို ပျက်ရယ်ပြုသလို ဖြစ်နေပါသည်။
လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌
အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် ရှိနေပါသည်။ ၁၉၉၀ ခုနှစ်က
နိုင်ငံရေးအခင်းအကျင်းနှင့် ၂၀၁၅ ခုနှစ်တွင် ဖြစ်ရှိနေမည့်
နိုင်ငံရေးအခင်းအကျင်းမှာ လွန်စွာကွာခြားနေလိမ့်မည်ဟု ကျွန်တော်ယူဆပါသည်။
ယခုအခါ ပြည်နယ်များတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့်
ဒေသခံတိုင်းရင်းသားပါတီများ ဒေသခံတိုင်းရင်းသားပါတီများ
ပေါင်းစည်းနေကြသည်ကို တွေ့ရှိနေရပါသည်။ သို့ဖြစ်ရာ ရှေ့လာမည့်
ရွေးကောက်ပွဲတွင် ပြည်နယ်များ၌ ဒေသတွင်းတိုင်းရင်းသား ပါတီများသာ
နိုင်ခြေရှိပါသည်။ အားလုံးသိကြသည့်အတိုင်း ယခုအခါ အန်အယ်လ်ဒီနှင့်
ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေးအရှိန်အဝါ ကျဆင်းလျှက်ရှိနေပါသည်။
အန်အယ်လ်ဒီကသာ လျစ်လှူရှုထားပါက ရှေ့လာမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကပင် ထပ်မံအနိုင်ရရှိသွား လိမ့်မည်ဟု
ကျွန်တော်တထစ်ချပြောရဲပါသည်။
မောင်အောင်ခိုင်
၁၁/၁၂/၂၀၁၃
၁၁/၁၂/၂၀၁၃
by arakan times

No comments:
Post a Comment