ရန်ကုန်၊ ဒီဇင်ဘာ ၁၅
အရှေ့တောင်အာရှ အားကစား ပွဲတော်တွင်
ပါဝင်ကူညီသူ စေတနာ့ ဝန်ထမ်းများအတွက် ပံ့ပိုးကူညီသူ (Sponsor) အဖြစ်
သတ်မှတ်ထားသည့် ကုမ္ပဏီက ရက်လွန် ခေါက်ဆွဲခြောက်များ ရိက္ခာအဖြစ်
ထုတ်ပေးသည်ဆိုသည့် ကိစ္စများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက
စစ်ဆေး
အရေးယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
SEA Games ပြိုင်ပွဲအတွက် ဆက်ဆံရေး အရာရှိ (Liaison
Officer) အဖြစ် ပါဝင်ဆောင်ရွက်နေသူ တစ်ဦးထံမှ အဆိုပါသတင်း ထွက်ပေါ်လာခြင်း
ဖြစ်ပြီး ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း၊ အဆိုပါသတင်း
မှန်ကန်ပါက ကုမ္ပဏီ၏ လုပ်ရပ်မှာ လုံးဝ မသင့်တော်ကြောင်း ၎င်းက ထပ်လောင်း
ပြောကြားသည်။
“အခု အဲဒီကိစ္စတွေအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို
သတင်းပို့ပြီး လိုအပ်တာတွေ ပြန်လည် စိစစ်ဆောင်ရွက်ဖို့ ပြောထားပြီးပါပြီ။
တရားဝင် စစ်ဆေးတာတွေလည်း လုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
ပြိုင်ပွဲကာလအတွင်း
ဆက်ဆံရေး အရာရှိအဖြစ် တာဝန် ထမ်းဆောင် နေသူများကို အိပ်ခန်းဆောင်
တစ်ခုအတွင်း လူဦးရေ ဆယ်ဂဏန်းအထိ ပြည့်သိပ်စွာ နေရာချထားမှု၊
လျှပ်စစ်မီးနှင့် သွားလာရေး အဆင်မပြေမှုများအပြင် Sponsor ကုမ္ပဏီက ရက်လွန်
ခေါက်ဆွဲခြောက်များ ထုတ်ပေးမှုကို ဒုတိယနှစ် တက္ကသိုလ် ကျောင်းသူ ဆက်ဆံရေး
အရာရှိ (LO) တစ်ဦးက လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထုတ်ဖော် ပြောကြားသည်။
အဆိုပါ
ပြောကြားမှုအပေါ် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရ ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးရဲထွဋ်က ယင်းဖြစ်ရပ်များအတွက် စိတ်မကောင်းပါကြောင်း
ပြန်လည် ပြောဆိုသည်။
နှစ်ပေါင်း ၄၀ ကျော်အကြာ မြန်မာနိုင်ငံတွင်
တစ်ကျော့ပြန် ကျင်းပခွင့်ရသည့် အားကစားပြိုင်ပွဲ အောင်မြင်စေရန်
ကူညီနေသူများမှာ အနေအစား လွန်စွာ ဆင်းရဲနေသည့်အပြင် တာဝန်ရှိသူများ၏
ရိုင်းပျစွာ ဆက်ဆံမှုကိုလည်း ကြုံတွေ့ရကြောင်း အဆိုပါ ကျောင်းသူက
ပြောဆိုသည်။
SEA Games တွင် ပါဝင်ကူညီနေသူများ အခက်အခဲ
ကြုံတွေ့နေရမှုအတွက် သက်ဆိုင်ရာ ဌာနများတွင် အပြည့်အဝ တာဝန်ရှိပြီး
တာဝန်သိရန်၊ တာဝန်ယူရန် လိုအပ်ကြောင်း၊ ဆက်ဆံရေး အရာရှိအဖြစ် ပါဝင်
ဆောင်ရွက်နေသူများ အဆင်မပြေမှု ကြုံတွေ့ပါက အချိန်မရွေး အသိပေးစေ
လိုပါကြောင်း၊ ယင်းအပြင် အဆင်မပြေမှုများအတွက် အလေးအနက် တောင်းပန်ပါကြောင်း
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
လူငယ်တစ်ယောက်
ဖြစ်သည့်အတွက် အဆင်မပြေမှုကြောင့် စိတ်ထဲ ခံစားရသည်များကို ထုတ်ဖော်
ရေးသားမိခြင်း ဖြစ်ပြီး တာဝန်ရှိသူများက ဖြေရှင်းချက်များ
ထုတ်ပြန်ပေးသဖြင့် ကျေးဇူးတင် ပါကြောင်း၊ အခြားမည်သည့် ရည်ရွယ်ချက်မျှ
မရှိကြောင်း အဆိုပါ ကျောင်းသူက လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့်
ပြန်ကြားသည်။
မြန်မာနိုင်ငံတွင် ကျင်းပနေသည့် (၂၇) ကြိမ်မြောက်
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် စေတနာ့ ဝန်ထမ်းများ၊ ဆက်ဆံရေး
အရာရှိများကို အားကစားဝန်ကြီးဌာနက ဖိတ်ခေါ်ခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက်
ဝန်ကြီးဌာနများက လူဦးရေ သတ်မှတ်၍ တာဝန်များ ခွဲဝေ ချထားပေးခြင်း ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment