မြန်မာနိုင်ငံရေးသမားတွေနဲ့ NED ကွန်ရက်
နာမည်နဲ့ လုပ်ရပ် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ အဖွဲ့တဖွဲ့ကတော့ NED ပါ။
နာမည်က National Endowment for Democracy ဒီမိုကရေစီ ကူညီထောက်ပံ့ရေး
အဖွဲ့ပါ။ လက်တွေ့ဆောင်ရွက်ချက်တွေက တော့ ဒီမိုကရေစီကို ဟန့်တားတဲ့ လုပ်ရပ်၊
သူတပါး နိုင်ငံရဲ့ နိုင်ငံရေးကို ကိုယ့်အကျိုးစီးပွားနဲ့
တသားတည်းဖြစ်အောင် ခြယ်လှယ်တဲ့ လုပ်ရပ်တွေချည်းပါပဲ။
နာမည်ခံတာက ဒီမိုကရေစီ ၊ လက်တွေ့လုပ်တာက သူတို့ အကျိုးပါ။ သူတို့
အကျိုးဆိုတာ အမေရိကန် ပြည်သူတို့ရဲ့ အကျိုးစီးပွားလို့ အဓိပ္ပါယ်
မထွက်ပါဘူး။ အရင်းရှင် ကော်ပိုရေးရှင်းကြီးတွေ ၊ ကမ္ဘာ့ အချမ်းသာဆုံး
လက်တဆုပ်စာ လူတွေရဲ့ အကျိုးစီးပွားလို့သာ အဓိပ္ပါယ်ထွက်ပါတယ်။ NED တို့ CIA
တို့ဟာ အဲဒီ ကမ္ဘာ့အချမ်းသာဆုံး ကော်ပိုရေးရှင်း၊ ကမ္ဘာ့အချမ်းသာဆုံး
လက်တဆုပ်စာကိုပဲ ကိုယ်စားပြုပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး လက်တဆုပ်စာကို
ကိုယ်စားပြုပြီး၊ အများစု အလုပ်သမား ၊ လယ်သမားတွေကို ဆန့်ကျင်ခြင်း၊
ကမ္ဘာ့ဆင်းရဲသားထုကြီးကို ဆန့်ကျင်ခြင်းကိုယ်၌သည်ပင် ဒီမိုကရေစီရဲ့
ဆန့်ကျင်ဘက် ဖြစ်လာပါတယ်။
ကော်ပိုရေးရှင်းကြီးတွေ အတွက်တော့ အမြတ်အစွန်းဟာ အဓိက ရည်မှန်းချက်
ဖြစ်ပြီး အဆုံးစွန် မျှော်လင့်ချက်က ဘာမဆို ရောင်းနိုင်ခွင့်
ဘာမဆိုဝယ်နိုင်ခွင့် ဖြစ်ပါတယ်။
ဒီမိုကရေစီဆိုတာ အမေရိကန်ပဲလို့ ထင်နေသူတွေ ၊ အမေရိကန်ဆိုတာ
ဒီမိုကရေစီပဲလို့ ထင်နေသူတွေ အတွက်တော့ National Endowment for Democracy
ဒီမိုကရေစီ ကူညီထောက်ပံ့ရေး အဖွဲ့ ဆိုတဲ့ နာမည်လှလှလေးကြောင့်
ချက်ချင်းကြွေသွားလောက်ပါတယ်။ အမေရိကန်အစိုးရရဲ့ ဒီမိုကရေစီ
ဖျက်ဆီးတဲ့လုပ်ရပ်တွေကို စောင့်ကြည့်နေသူ အမေရိကန်ပြည်တွင်း ဒီမိုကရက်နဲ့
ကမ္ဘာတဝန်းက ဒီမိုကရက်တွေ အတွက်တော့ NED ဟာ ကြောက်စရာကောင်းလောက်အောင်
အန္တရာယ်ကြီးတဲ့ အဖွဲ့အစည်း တခုဖြစ်နေပါတယ်။
NED ကို ၁၉၈၃ ခုနှစ် သမ္မတ ရေဂင် လက်ထက်မှာ ဖွဲ့စည်းခဲ့တယ်။ ၁၉၇၀
ကျော်ကာလမှာ ဝါးတားဂိတ် အရေး ပေါ်ပေါက်ပြီး သမ္မတ နစ်ဆင်ဟာ သူ့ရဲ့
ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်ကြောင့် ရာထူးက နှုတ်ထွက် သွားရတယ်။ ဒီဖြစ်စဉ်ရဲ့
နောက်မှာ စီအိုင်အေဟာ လွှတ်တော်ကော်မတီပေါင်းစုံရဲ့ ဆက်တိုက် စုံစမ်း
စစ်ဆေးမှုတွေကို နှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ရတယ်။ သီတင်းပတ်တိုင်းလောက်မှာ
စီအိုင်အေ သတင်းတွေ တက်နေတယ်။ စီအိုင်အေရဲ့ ဥပဒေချိုးဖောက်မှုတွေသာမက၊
တခါတရံမှာ ရာဇဝတ်မှုကျူးလွန်တာတွေပါ ပေါ်ထွက်လာတယ်။ စီအိုင်အေအဖွဲ့ဟာ
အကြီးအကျယ်နာမည်ပျက်ပြီး အုပ်ချုပ်သူ အစိုးရအဖွဲ့အတွက်လည်း အရှက်ရစရာ
ဖြစ်လာတယ်။
ဒီလိုအခြေအနေမှာ တခုခုလုပ်မှ ဖြစ်တော့မယ်လို့ အမေရိကန်အစိုးရက
စဉ်းစားမိလာတယ်။ မှန်ပါတယ်။ သူတို့ တခုခုလုပ်ခဲ့ပါတယ်။ အဲဒီတခုခုဟာ
စီအိုင်အေရဲ့ ဆိုးဝါးလှတဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်လိုက် တာလို့
ထင်ရင်တော့ မှားပါလိမ့်မယ်။ တကယ်လုပ်လိုက်တာက စီအိုင်အေရဲ့ ဆိုးဝါးလှတဲ့
လုပ်ရပ်တချို့ကို နာမည်လှလှ ပေးထားတဲ့ အဖွဲ့အစည်းသစ်ကို လွှဲပြောင်းပေးပြီး
လုပ်ခိုင်းလိုက်တာပါပဲ။ အဲဒီအဖွဲ့ကတော့ တခြား မဟုတ်ဘူး။ ဒီမိုကရေစီ
ကူညီထောက်ပံ့ရေးဆိုတဲ့ NED ပါပဲ။ တချိန်က စီအိုင်အေက လျှို့ဝှက်လုပ်
ဆောင်တဲ့ အလုပ်တွေကို ဗြောင်လုပ်ခွင့်ရတဲ့ အဖွဲ့အစည်းဟာ NED ဖြစ်လာပါတယ်။
စီအိုင်အေ အရာရှိဟောင်း ဖြစ်တဲ့ ဖိလစ် အေဂျီး (Philip Agee) က "စီအိုင်အေ
အရာရှိဟောင်း တဦးပြောပြသော အရပ်ဘက် အဖွဲ့အစည်းများကို အသုံးပြု၍
အစိုးရများကို ဖြုတ်ချရန် အမေရိကန်၏ ကြံစည်ဆောင်ရွက်မှုများ" ဆိုတဲ့
ဆောင်းပါးမှာ NED စတင်ပေါ်ပေါက်လာပုံနဲ့ ပတ်သက်ပြီး အခုလို ရေးသားခဲ့ပါတယ်။
"၁၉၈၃ ခုနှစ်မှာ လုပ်ငန်းစဉ်အသစ်တွေကို ဆောင်ရွက်ဖို့ NED ဆိုတဲ့
အဖွဲ့အစည်းသစ်ကို ဖွဲ့စည်းလိုက်တယ်။ လုပ်ငန်းစဉ်အသစ်ဆိုပေမဲ့ တကယ်တန်း
အသစ်တွေတော့ မဟုတ်ပါဘူး။ ၁၉၄၇ ခုနှစ်က စပြီး စီအိုင်အေဟာ အစိုးရမဟုတ်တဲ့
နိုင်ငံခြား အဖွဲ့အစည်းတွေကို လျှို့ဝှက်ငွေထောက်ပံ့ပြီး ကြိုးကိုင်ကစားတဲ့
အလုပ်တွေ လုပ်ခဲ့ပြီးသားပါ။ စီအိုင်အေရဲ့ အဲဒီကြီးမားတဲ့ စစ်ဆင်ရေး ကြီးဟာ
ကမ္ဘာနဲ့ချီကျယ်ပြန့်ပြီး နိုင်ငံရေးပါတီတွေ၊ အလုပ်သမား သမဂ္ဂတွေ၊
စီးပွားရေး အဖွဲ့အစည်းတွေ၊ လူငယ်နဲ့ ကျောင်းသား အဖွဲ့အစည်းတွေ၊
အမျိုးသမီးအုပ်စုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဘာသာရေး အစည်းအရုံးတွေ၊
ပညာရှင်အဖွဲ့တွေ၊ ယဉ်ကျေးမှု အဖွဲ့တွေနဲ့ သတင်းလုပ်ငန်းတွေကို
ပစ်မှတ်ထားချဉ်းကပ်ခဲ့ပါတယ်။ ပြည်တွင်းရော ပြည်ပမှာပါ ကွန်ရက်ဖြန့်ကျက်
ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကာလတွေ အတွင်းမှာ
စီအိုင်အေဟာ ကန့်လန့်ကာနောက်ကွယ်ကနေ သြဇာလွှမ်းမိုးပြီး တနိုင်ငံပြီး
တနိုင်ငံ တဖွဲ့ပြီး တဖွဲ့မှာ အားကောင်းတဲ့ လူပုဂ္ဂိုလ်တွေကို အသုံးပြုပြီး
လက်ဝဲအဖွဲ့အစည်းတွေ ကို ချေမှုန်းခဲ့တယ်။ အစိုးရတွေကို ဖြုတ်ချခဲ့ပါတယ်။
စီအိုင်အေရဲ့ အဲဒီအလုပ်ကို NED လက်လွှဲလိုက်တာဖြစ်ပါတယ်။"
NED ဖွဲ့စည်းရေး ဥပဒေမူကြမ်းကို ရေးဆွဲရာမှာ ပါဝင်ခဲ့သူ အယ်လင်
ဝိန်းစတိန်းကလည်း ၁၉၉၁ ခုနှစ်မှာ ပြောကြားရာမှာ "အခုအချိန်မှာ NED
ကလုပ်နေတဲ့ အလုပ်အများအပြားဟာ အရင်တုန်းက စီအိုင်အေက ပုန်းလျှိုးကွယ်လျှိုး
လုပ်ခဲ့တဲ့ အလုပ်တွေပါပဲ" လို့ပြောခဲ့ပါတယ်။
NED ဝက်ဘ်ဆိုက်စာမျက်နှာမှာ ရေးသားထားချက်အရ NED ဟာ လူ့အခွင့်အရေး
ဆောင်ရွက်တဲ့ သူတွေ ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ ဥပဒေစိုးမိုးရေး
ဆောင်ရွက်သူတွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ (
လူထုအခြေပြုအဖွဲ့အစည်းတွေ)ကို တိုက်ရိုက်ငွေကြေးထောက်ပံ့တဲ့
အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။
NED ဟာ ကမ္ဘာတလွှားက ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို ပုဂ္ဂလိကနည်း၊ အစိုးရနဲ့
မသက်ဆိုင်တဲ့နည်း နဲ့ ထောက်ပံ့ကူညီဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလို့လည်း
ဆိုပါတယ်။ ဒီနေရာမှာ "အစိုးရနဲ့ မသက်ဆိုင်တဲ့" ဆိုတဲ့စကားကို
အထူးသတိပြုဖို့လိုပါတယ်။ NED ဟာသူ့ကိုယ်သူ အစိုးရနဲ့ မသက်ဆိုင်တဲ့
အဖွဲ့အစည်းပါ NGO ပါလို့ ရည်ညွှန်းပြောဆိုလေ့ရှိပါတယ်။ ဒါဟာ သူ့အဖွဲ့အစည်းက
ကိုယ့်ကိုယ်ကိုယ် ပြောတဲ့အပြော၊ ကိုယ့်ကိုယ်ကိုယ် ပုံဖော်တဲ့
ပုံရိပ်ဖြစ်ပါတယ်။ ဒါပေမဲ့ NED ငွေအားလုံးနီးပါးဟာ အစိုးရဆီကလာတဲ့ ငွေတွေ
ဖြစ်ပါတယ်။ NED ဟာ NGO မဟုတ်ပါဘူး။ GO ပါ။ အစိုးရအဖွဲ့အစည်းဖြစ်ပါတယ်။
NED ဟာ အမေရိကန် ကွန်ဂရက် ဆီကနေ နှစ်စဉ်အချိုးကျ ခွဲတမ်းရပါတယ်။
ကွန်ဂရက်စ်ကနေ အဲသလို ခွဲဝေပေးနိုင်ဖို့ အဓိကငွေကြေးထောက်ပံ့ပေးသူတွေကတော့
National Democratic Institute for International Affairs (
ဒီမိုကရက်တစ်ပါတီနဲ့ ချိတ်ဆက်နေတဲ့ အဖွဲ့အစည်း) ၊ The International
Republican Institute (ရီပတ်ဘလစ်ကင်ပါတီနဲ့ ဆက်စပ် အဖွဲ့အစည်း) ၊ American
Center for International Labor Solidarity (နိုင်ငံတကာ လက်ဝဲ အလုပ်သမား
အဖွဲ့ အစည်းတွေကို ချေမှုန်းဖို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်း) ၊ Center for
International Private Enterprise (အမေရိကန် ကုန်သည် ကြီးများအသင်း)
တို့ဖြစ်ပါတယ်။
ဒါဆိုရင် NED ဟာ ဘာ့ကြောင့် သူ့ကိုယ်သူ NGO လို့ ပြောချင်တာပါလဲ။ ပထမအချက်က
အမေရိကန် အစိုးရရဲ့ နိုင်ငံတကာမှာ ကျူးကျော်စွက်ဖက်တဲ့
ဆောင်ရွက်ချက်တွေနဲ့ NED နဲ့မဆက်စပ်ချင်လို့ပါ။ နောက်တချက် ကတော့
ပိုအရေးကြီးပါတယ်။ နိုင်ငံတော်တော်များများမှာ နိုင်ငံခြားအစိုးရတွေဆီက
ရတဲ့ငွေနဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့ ၊ ကန့်သတ်တဲ့
ဥပဒေပြဌာန်းချက်တွေရှိနေလို့ပါ။ အမေရိကန် အစိုးရကိုယ်တိုင်မှာလည်း အဲသလို
ဥပဒေမျိုးရှိပါတယ်။ နိုင်ငံခြားအစိုးရတွေကနေ ငွေကြေးထောက်ပံ့ပြီး
နိုင်ငံရေးစွက်ဖက်မှုလုပ်မှာကို ကာကွယ်တားဆီးတဲ့ ဥပဒေပါ။ အမေရိကန်မှာ
နိုင်ငံခြား အစိုးရ ထောက်ပံ့ငွေ အသုံးပြုတဲ့ လူတဦးချင်းဖြစ်စေ၊
အဖွဲ့အစည်းဖြစ်စေ ရှေ့နေချုပ်ဆီမှာ မှတ်ပုံတင်ရတယ်။ အသေးစိတ်
ဆောင်ရွက်လှုပ်ရှားမှုနဲ့ ဘဏ္ဍာရေး အသေးစိတ် အစီရင်ခံစာ တွေကို ၆
လတကြိမ်တင်ရတယ်။ NED ဟာနိုင်ငံခြားမှာ သူတို့ပေးတဲ့ငွေကို
သက်ဆိုင်ရာနိုင်ငံတွေမှာ ပြဌာန်းထားတဲ့ အဲသလို အလားတူ ဥပဒေတွေနဲ့
ကင်းလွတ်ချင်လို့ သူ့ကိုယ်သူ NGO ပါလို့ ပြောနေတာဖြစ်ပါတယ်။
တကယ်တော့ NED ရနေတဲ့ ငွေဟာ အထက်မှာ ပြောခဲ့သလိုပဲ ဒီမိုကရက်တစ်ပါတီနဲ့
ရီပတ်ဘလစ်ကင် ပါတီတို့ဆီက ငွေက အများစုပဲ။ အဲဒီလို အမေရိကန် အဓိက
ပါတီကြီးတချို့ရဲ့ ထောက်ပံ့ငွေကို NED ကနေ တဆင့် တခြားနိုင်ငံက ပါတီတွေကို
ထောက်ပံ့နေတာဟာ တကယ်တော့ အမေရိကန် ဥပဒေနဲ့ကို မညီညွတ်ပါဘူး။ အမေရိကန်ထဲက
နှစ်ပါတီက တခြားနိုင်ငံက ပါတီတွေကို ကွန်ဂရက်စ်က တဆင့် NED ကတ ဆင့်
လွှမ်းမိုးခွင့်ရတယ်ဆိုတာ အမေရိကန် ပါတီအချင်းချင်းကြားမှာ
အခွင့်ကောင်းယူတဲ့ လုပ်ရပ် ၊ မမျှတတဲ့ လုပ်ရပ်ပါ။ ဒါဥပဒေနဲ့ မညီပါဘူး။
ဒါ့အပြင် NED က တခြားနိုင်ငံတွေမှာ ငွေထောက်ပံ့သလိုမျိုး တခြားနိုင်ငံက
အမေရိကန်မှာ လာလုပ်ရင်လည်း အမေရိကန်က လက်ခံမှာ မဟုတ်ပါဘူး။ ဆိုပါစို့။
တရုတ်နိုင်ငံကနေ သူတို့နဲ့ နီးစပ်တဲ့ အမေရိကန် သမ္မတလောင်း ဒါမှ မဟုတ်
အမေရိကန် နိုင်ငံရေးပါတီကို ငွေကြေးအမြောက်အများ ထောက်ပံ့မယ် ဆိုရင်
အမေရိကန် အနေနဲ့ ဘယ်လို တုန့်ပြန်မလဲ။ အမေရိကန်ဟာ ပြင်းပြင်းထန်ထန်
အရေးယူမှာ မုချ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲသလို လုပ်ရပ်မျိုးနဲ့ အလားသဏ္ဍန်တူတဲ့
လုပ်ရပ်ပေါင်းများစွာကို NED ဟာကမ္ဘာတလွှားမှာ ပြုလုပ်ခဲ့တယ်။
NED ဟာ နိုင်ငံတကာက ရွေးကောက်ပွဲတွေမှာ သူတို့ဟာ ရွေးကောက်ပွဲအကြောင်း
ကောင်းကောင်း နားမလည်တဲ့သူတွေကို ရွေးကောက်ပွဲ အကြောင်း ကကြီး ၊ ခကွေး
သင်တန်းပေးနေသလို ပြောဆိုလေ့ရှိပါ တယ်။ ဒါပေမဲ့ သူ့သက်တမ်းတလျှောက်မှာ
တကယ်တန်းလုပ်တာကတော့ ရွေးကောက်ပွဲတွေမှာ သူလိုချင်တဲ့ဘက်က အနိုင်ရအောင်
ငွေအားသုံးပြီး အမျိုးမျိုး ကြိုးကိုင်ခြယ်လှယ် ဆော့ကစား
သွားခဲ့တာပဲဖြစ်ပါတယ်။ ဥပမာ တချို့ကို ပြောရရင် ၁၉၉၀ နီကာရာဂွါ
ရွေးကောက်ပွဲ၊ ၁၉၉၆ မွန်ဂိုလီးယား ရွေးကောက်ပွဲတို့မှာ သူတို့ကြိုက်တဲ့
အစိုးရ တက်နိုင်အောင် ကူညီထောက်ပံ့ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့
ဘူလ်ဂေးရီးယား နိုင်ငံမှာ ဒီမိုကရေ စီနည်းကျကျ ရွေးကောက်တင်မြှောက်ထားတဲ့
အစိုးရကို သူတို့ မကြိုက်တဲ့ အတွက် ဖြုတ်ချနိုင်အောင် ကူညီခဲ့ပါတယ်။ ၁၉၉၁
နဲ့ ၁၉၉၂ ခုနှစ် အယ်လ်ဘေးနီးယားမှာလည်း အလားတူပြုလုပ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်
စလိုဗက်ကီးယား မှာတော့ အမေရိကန် မလိုလားတဲ့ ဝန်ကြီးချုပ်
ရှုံးနိမ့်သွားအောင် ငွေကြေးအင်အား သုံးပြီး ဆောင်ရွက်ခဲ့တယ်။
ဗင်နီဇွဲလားနိုင်ငံ သမ္မတ ဟူးဂိုးချားဗက်ဇ် ဟာ အမေရိကန် အစိုးရက အင်မတန်
မုန်းတီးသူဖြစ်ပါတယ်။ သူမုန်းတီးတဲ့ ချားဗက်ဇ်ကို သမ္မတရွေးကောက်ပွဲမှာ
ရှုံးအောင်၊ အခြေခံ ဥပဒေဆန္ဒခံယူပွဲမှာ ရှုံးအောင် ငွေကြေးအင်အား အလုံးအရင်း
အမြောက်အများ အသုံးပြုပြီး အတိုက်အခံ ပါတီကို အကြီးအကျယ်
ထောက်ပံ့ခဲ့ပါတယ်။ ဒါပေမဲ့ ဗင်နီဇွဲလားမှာ မအောင်မြင်ခဲ့ပါဘူး။
ဟေတီနိုင်ငံမှာ တိုးတက်တဲ့ ၊ ဒီမိုကရေစီကျတဲ့ အမြင်ရှိသူ သမ္မတ ယွင်း ဘာထရန်
အရစ္စတိုက် ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ ညွန့်ပေါင်းအုပ်စုဆိုတဲ့ အဖွဲ့ကို
၁၉၉၀ နောက်ပိုင်းမှာ NED ကတောက်လျှောက် ငွေ ကြေးထောက်ပံ့ကူညီခဲ့ပါတယ်။
NED ဟာ ရံဖန်ရံခါမှာ သူတို့ရဲ့ ငွေကြေးဘက်လိုက်ကူညီမှု အတွက်
အကြောင်းပြချက်ပေးရာမှာ သူတို့ဟာ ဗဟုဝါဒကို အားပေးတာ ဖြစ်တယ်၊
အတိုက်အခံနိုင်ငံရေး ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးတာပါလို့
ဆင်ခြေပေးလေ့ရှိပါတယ်။ "နိုင်ငံရေး စနစ်တခုအတွင်းမှာ မိမိအသံကို
ထုတ်ဖော်ပြောဆိုခွင့်မရသူတွေ အတွက် ကျနော်တို့က ထောက်ခံအားပေးနေတာပါ" လို့
NED ရဲ့ အရာရှိ လူဝီဆာ ကုန်းက ပြောပါတယ်။ ဒါပေမဲ့လည်း မက္ကဆီကို၊
အယ်လ်ဆာဗေးဒိုး၊ ဂွါတီမာလာ၊ နီကာရာဂွါ၊ တို့မှာရှိတဲ့ လက်ဝဲ အင်အားစုတွေ
ကိုတော့ သူတို့ အသံထွက်ခွင့်ရအောင်၊ အတိုက်အခံအဖြစ် ရပ်တည်နိုင်အောင်
အကူအညီ မပေးပါဘူး။ သူတို့ကို အသံမထွက်နိုင်အောင် ငွေကြေးအင်အားသုံးပြီး
ဖိနှိပ်ပါတယ်။ ကျူးဘားက အတိုက်အခံကိုတော့ ငွေကြေး အမြောက်အများ
ထောက်ပံ့ကူညီပါတယ်။
ကျူးဘားကို ထောက်ပံ့ကူညီပုံဟာ ဆိုရင် အင်မတန်
ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်။ Cuban-American National Foundation
အမေရိကန်ရောက် ကျူးဘားနိုင်ငံသားများ ဖောင်ဒေးရှင်းအဖွဲ့ဆိုတဲ့ ကက်စထရို
ဆန့်ကျင်ရေး အဖွဲ့ CANF ကို NED က ဒေါ်လာ ၂ သိန်းခွဲ ထောက်ပံ့ခဲ့ပါတယ်။ CANF
အဖွဲ့က လူးဝစ် ပိုဆဒါ ကာရိုင်းစ် ကို ငွေကြေးပြန်လည်
ထောက်ပံ့တာဝန်ပေးခဲ့ပါတယ်။ အဲဒီ လူးဝစ် ပိုဆဒါ ကာရိုင်းစ် ဟာ ခေတ်သစ်ကာလ
အကြမ်းဖက်မှု သမိုင်းမှာ အကြင်နာတရား အကင်းမဲ့ဆုံး အရက်စက်ဆုံး အကြမ်းဖက်
သမား တယောက်ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ကျူးဘားလေယာဉ်ကို
ဖောက်ခွဲဖျက်ဆီးခဲ့ရာမှာ လူပေါင်း ၇၃ ယောက်သေဆုံးခဲ့ပါတယ်။ ၁၉၇၇
ခုနှစ်မှာတော့ ဟားဗားနား ဟိုတယ်မှာ ဗုံးတွေ ဆက်တိုက်ဖောက်ခွဲ ခဲ့ပါတယ်။
၂၀၀၀ ခုနှစ်မှာတော့ ပနားမားမှာ ကျူးဘား သမ္မတ ဖီဒဲလ် ကက်စထရို
မိန့်ခွန်းပြောကြားစဉ် ဗုံးဖောက်ခွဲ လုပ်ကြံခဲ့ပါတယ်။ မအောင်မြင်ပါဘူး။
အဲဒီပွဲမှာကျမှာ သူဟာ ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။
၁၉၉၄ ခုနှစ်ကနေ ၁၉၉၆ ခုနှစ် အတွင်းမှာ NED ဟာ အမေရိကန်ပြည်ထောင်စု
လွတ်လပ်တဲ့ လုပ်သား ဖွံ့ဖြိုးရေး အဖွဲ့ Amreican Institute for Free Labour
Development အဖွဲ့ကို ၁၅ ကြိမ် ငွေကြေးထောက်ပံ့ခဲ့တယ်။ စုစုပေါင်း
ထောက်ပံ့ငွေ ဒေါ်လာ ၂ သန်းခွဲရှိတယ်။ အဲဒီအဖွဲ့ဟာ အမေရိကန် ပြည်တွင်းနဲ့
နိုင်ငံတကာက တိုးတက်တဲ့ အလုပ်သမားသမဂ္ဂတွေကို နှိမ်နင်းဖို့ စီအိုင်အေက
ဆယ်စုနှစ် ပေါင်း များစွာ အသုံးပြုခဲ့တဲ့ အဖွဲ့အစည်းပါပဲ။
NED ဟာ နိုင်ငံတကာမှာလည်း အဲဒီနိုင်ငံတွေရဲ့ လက်ဝဲ အလုပ်သမားသမဂ္ဂတွေ ၊
အလုပ်သမား အကျိုး စီးပွား ဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်တဲ့ သမဂ္ဂတွေကို
နှိမ်နင်းဖို့ လက်ယာ အလုပ်သမားသမဂ္ဂတွေ ကို ငွေကြေးထောက်ပံ့တယ်။ အဲသလို
လုပ်ရပ်တွေကို ပြင်သစ်၊ စပိန် ၊ ပေါ်တူဂီနဲ့ တခြားနိုင်ငံတချို့မှာ
လုပ်ခဲ့တယ်။ ၁၉၈၃ ၊ ၁၉၈၄ ခုနှစ်တုန်းက ပြင်သစ်ပြည်မှာ လက်ဝဲယိမ်း
ပါမောက္ခတွေရဲ့ အဖွဲ့အစည်းကို ဖြိုခွဲနှိမ်နင်းဖို့ လက်ယာ ပါမောက္ခတွေနဲ့
ကျောင်းသားတွေရဲ့ သမဂ္ဂကို NED ကငွေကြေးထောက်ပံ့ပေးခဲ့ တယ်။
ဒီတော့ မြန်မာနိုင်ငံမှာလည်း ဒီအလားအလာတွေဟာ သတိထားစရာတွေ ဖြစ်လာပါပြီ။
အလုပ်သမား အရေး၊ လယ်သမား အရေးကို တစိုက်မတ်မတ် ဆောင်ရွက်မယ့်သူတွေ ၊
လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ ရေးမူမှာ သန္နိဌာန်ခိုင်ခိုင်မာမာနဲ့ ရေရှည်
ဇောက်ချ ဆောင်ရွက်မယ့် သူတွေဟာ တချိန်မှာ NED ရဲ့ ရန်သူဖြစ်လာကြလိမ့်မယ်။
NED က တိုက်ရိုက်ဖြစ်စေ၊ သူထောက်ပံ့ထားတဲ့ လူနဲ့ အဖွဲ့အစည်းတွေ ကနေတဆင့်
သွယ်ဝိုက်ပြီးတော့ဖြစ်စေ ချေမှုန်းခံရသူတွေ ဖြစ်လာကြလိမ့်မယ်။
တချိန်က CIA ၊ NED ဟာ မြန်မာစစ်အာဏာရှင်တွေက မုန်းတီးသူဖြစ်ခဲ့ကြတယ်။
စစ်အစိုးရလက်ထက်မှာ စီအိုင်အေကို ဆန့်ကျင်တဲ့ ဆောင်းပါးတွေ ရေးခဲ့ဖူးတာကို
မှတ်မိကြမယ် ထင်ပါတယ်။ ဘာ့ကြောင့် အပြန်အလှန် မုန်းခဲ့ကြသလဲ။ အခုဘာ့ကြောင့်
ချစ်ကုန်ကြသလဲ။ ဒီအချက်ကို ကျနော်တို့ အလေး အနက်ထား စဉ်းစားကြဖို့
လိုပါတယ်။
အမေရိကန်က စစ်အာဏာရှင်တွေကို မကြိုက်ဘူး ဆိုတာဟာ သူတို့ အရင်းအနှီးတွေ
ရင်းနှီးမြှုပ်နှံခွင့် မရတဲ့ အာဏာရှင်တွေကိုသာ မကြိုက်တာဖြစ်ပါတယ်။
ဆော်ဒီအာရေးဗျလို သူတို့ အကျိုးနဲ့ ကိုက်ညီတဲ့ အာဏာရှင်မျိုးဟာ အမေရိကန်ရဲ့
မဟာမိတ်ပါ။ မူဘာရက်လို အီဂျစ် အာဏာရှင်မျိုးဟာလည်း အမေရိကန်ရဲ့
မဟာမိတ်ပါ။ သူတို့ အကျိုးနဲ့ ကိုက်ညီရင် အာဏာရှင်ပေမဲ့
မဟာမိတ်ဖြစ်နိုင်ပါတယ်။ ဆဒန် ဟူစိန်လို အီရတ် အာဏာရှင်တောင်မှ သူတို့
အကျိုးနဲ့ ကိုက်ညီခဲ့စဉ်က အမေရိကန်ရဲ့ မဟာမိတ်ပါ။ လူ ၈ သိန်းလောက်သတ်ပြီး
အာဏာရလာတဲ့ အင်ဒိုနီးရှားဆူဟာတိုဟာလည်း နောက်ဆုံးအချိန်အထိ အမေရိကန်ရဲ့
မဟာမိတ်ပါ။ ချီလီပီနိုချေးဟာလည်း သမ္မတ အာယန်းဒေးကို ဖြုတ်ချဖို့ အမေရိကန်
တင်ပေးထားတဲ့ အာဏာရှင်ပါ။ အာဏာရှင်တိုင်းကို အမေရိကန်က မမုန်းတတ်ပါဘူး။
အမေရိကန်ဘက်က အာဏာရှင်ကို တကယ်မုန်းပြီဆိုရင် အဲသလို မုန်းတာဟာ
သူတို့ကော်ပိုရေးရှင်းကြီးတွေကို လက်ဝါးကြီးအုပ်ခွင့် မပေးတဲ့
အာဏာရှင်မို့သာ ဖြစ်ပါလိမ့်မယ်။
စစ်အစိုးရဘက်ကလည်း အမေရိကန်ကို မုန်းခဲ့တယ်။ ဘာလို့ မုန်းတာလဲ။ သူတို့ဘက်က
အစဉ်တစိုက် လိုလားတောင့်တခဲ့ပါလျက်ကယ်နဲ့ ဥပေက္ခာပြုရက်လွန်းလို့ပါ။
ကိုယ့်နေရာမှာကိုယ် ကိုယ့်ဖာသာ ဗိုလ်ကျစိုးမိုးနေတာကို လွတ်လွတ်လပ်လပ်
ဗိုလ်ကျစိုးမိုးခွင့် မပေးလို့ပါ။ သူတို့ကို ဖြုတ်ချမယ် တကဲကဲ
လုပ်နေလို့ပါ။ အမေရိကန်ဘက်ကရော ဘာ့ကြောင့် ဖြုတ်ချဖို့ လုပ်ခဲ့သလဲ။ ၈၈
အရေးအခင်းကြီးမှာ ပြည်သူလူထုကြီးတရပ်လုံးက ခါးခါးသီးသီး
မုန်းတီးစက်ဆုပ်မှုကို ပြသခဲ့တဲ့ အစိုးရမို့ပါ။ ဒီလိုလူထု မုန်းတဲ့
အစိုးရကို ဖြုတ်ချနိုင်ရင် အမေရိကန်ကို ပြည်သူလူထုက
ထောက်ခံကြလိမ့်မယ်ဆိုတာကို သိထားလို့ပါ။
ဒါပေမဲ့ အခုတော့ ဒါတွေဟာ အတိတ်ဖြစ်သွားပါပြီ။ အမေရိကန်ဟာ အာဏာရအောင်
မယူနိုင်တဲ့ မြန်မာဒီမို ကရေစီသမားတွေကို မစောင့်နိုင်တော့ပါဘူး။
ဦးသိန်းစိန်ကို ဒီမိုကရေစီ တံဆိပ်ကပ်ပေးလိုက်ပါပြီ။ ဦးသိန်းစိန်နဲ့
အပေါင်းအပါများကလည်း အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို
လက်ကမ်းလှမ်းကြိုထားပြီး ပါပြီ။ သူတို့အတွက် ဆုံမှတ်တခုကို
ရှာတွေ့သွားပါပြီ။ အမေရိကန်အတွက်တော့ ဦးသိန်းစိန် ဒီမိုကရေစီပဲဖြစ်ဖြစ် ၊
ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး။
ဒီမိုကရေစီအတုပဲဖြစ်ဖြစ် ၊ ဒီမိုကရေစီ အစစ်ပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး။
သူတို့ စီးပွားရေး ဝင်လုပ်ရဖို့က အဓိက ဖြစ်လာပါပြီ။ ပထဝီနိုင်ငံရေးအရ
အချက်အချာကျတဲ့ မြန်မာကျားကွက်ကို မဟာဗျူဟာ အရ စိုးမိုးထားရေးက
အဓိကဖြစ်နေပါပြီ။
ဒါပေမဲ့ လက်ပံတောင်းလို အဖြစ်အပျက်မျိုးဖြစ်လာရင် အမေရိကန်
ကော်ပိုရေးရှင်းကြီးတွေကို အကာအကွယ်ပေးဖို့ မြန်မာအစိုးရက
အာမခံရပါလိမ့်မယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ် ပေးတဲ့
စာချုပ်စာတမ်းတွေကို အစိုးရဘက်က ကြိုကြိုတင်တင် ချုပ်ဆိုပေးရပါမယ်။
တချိန်တည်းမှာပဲ အလုပ်သမားအရေး ၊ လယ်သမားအရေး လှုပ်ရှားမယ့်သူတွေ၊
လူ့အခွင့်အရေး ၊ ပတ်ဝန်းကျင်အရေး တောင်းဆိုမယ့်သူတွေနဲ့ ရင်ဆိုင်လာရရင်
ကူညီ ဟန့်တားပေးနိုင်မယ့်သူတွေ အမေရိကန်နဲ့ ရင်းနှီးသူတွေ လိုအပ်ပါတယ်။
အဲသလိုလူတွေကို တော့ NED ကငွေပေးမွေးမြူနေပါပြီ။
အမေရိကန် အရင်းရှင်တွေလာရင် တရုတ်အရင်းရှင်တွေလို ခြံစည်းရိုးဖြဲပြီး
ဂမူးရှူးထိုး ၊ အငမ်းမရ မလာပါဘူး။ အုံနဲ့ကျင်းနဲ့ လာပါတယ်။ လိုချင်တဲ့
အခင်းအကျင်း ၊ အကွက်အကွင်းကို ကြိုတင်ပြင်ဆင်ပြီးမှ လာပါတယ်။
လိုချင်တဲ့ အခင်းအကျင်း၊ လိုချင်တဲ့ အကွက်အကွင်းဆိုတာ ဘယ်လိုဟာမျိုးလဲ။
အမေရိကန် ကော်ပိုရေးရှင်းကြီးတွေကို အကာအကွယ်ပေးမယ့် ရင်းနှီးမြှုပ်နှံမှု
ဥပဒေမျိုးချုပ်ဆို ပေးထားရပါမယ်။ အဲသလို ဥပဒေမျိုး ချုပ်ဆိုနိုင်ဖို့
အမေရိကန် အခြေစိုက် Transnational Institute နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက
စည်းရုံးဆောင်ရွက်နေပါပြီ။ အဲဒီ ဥပဒေဟာ လက်ပံတောင်းမှာလို လူထုနဲ့ ပြဿနာ
တက်လာရင် ကော်ပိုရေးရှင်းကြီးတွေဘက်က ခိုင်အောင် ၊
ကော်ပိုရေးရှင်းကြီးတွေကို ထိရင် နိုင်ငံတကာ ခုံရုံးအထိတက်ပြီး
အရေးဆိုနိုင်အောင် အပိုင်ချုပ်မယ့် စာချုပ်မျိုးပါ။ မြန်မာခရိုနီနဲ့
စစ်အာဏာရှင်ကြီးများရဲ့ အကျိုးကိုသာ ကြည့်တဲ့ ခေါင်းဆောင်ကြီးများကလည်း
အဲသလိုစာချုပ်မျိုးကို လက်ခံဖို့ အသင့်ဖြစ်နေပါပြီ။ အဲဒီဥပဒေကြမ်းကို
မကြာခင် မြန်မာနိုင်ငံ လွှတ်တော်မှာ အသစ်တင်ဖို့ရှိပါတယ်။ ဒါ့အပြင် အမေရိကန်
ဆော့ဖ်ပါဝါဖြစ်တဲ့ NED ရဲ့ကွန်ရက် ဖြန့်ကျက်ပြီးသား ရှိရပါမယ်။
ဒီ့အတွက်လည်း ပိုက်ဆံရရင် ကောင်းတာပဲလို့ လွယ်လွယ်တွေးတဲ့ ဘုမသိဘမသိ
နိုင်ငံရေးသမား တော်တော်များများကို စုဆောင်းနေပါပြီ။ နောင်တချိန်လက်တွေ့
အသုံးပြုတဲ့အခါ ကလန်ကဆန်လုပ်မယ့်သူ ၊ အမေရိကန် ဘက်ကနေပြောရရင်
စားပြီးနားမလည် လုပ်မယ့်သူဟာ နည်းနည်းပါးပါးလောက်သာ ရှိပါလိမ့်မယ်။
အများစုဟာ သူ့ဆန်စားထားတော့ ရဲရပါတော့မယ်။
ဒီလိုမျိုးလုပ်ရပ်တွေကြောင့် ကမ္ဘာမှာ ဒီမိုကရက်တွေ၊ အလုပ်သမားအရေး ၊
လယ်သမားအရေး လှုပ်ရှားသူ တွေ၊ ဆိုရှယ်ဒီမိုကရက်တွေ၊ အစိုးရမဲ့ဝါဒီတွေ၊
သဘာဝထိန်းသိမ်းရေး အစိမ်းရောင်ပါတီတွေ၊ ဆိုရှယ်လစ်တွေ၊ ကွန်မြူနစ်တွေ၊
စစ်ဆန့်ကျင်ရေးသမားတွေ၊ အမျိုးသမီးရေးလှုပ်ရှားသူတွေက NED
ကိုဆန့်ကျင်ကြပါတယ်။ သူတို့ရဲ့ ဆန့်ကျင်မှုဟာ အရင်မြန်မာစစ်အစိုးရက
အမေရိကန်ကို ဆန့်ကျင်တဲ့ ဆန့်ကျင်မှုနဲ့ အနှစ်သာရအားဖြင့် ကွဲပြားပါတယ်။
မြန်မာဟာ တရုတ်နိုင်ငံနဲ့ ကပ်ရက်နိုင်ငံဖြစ်ပါတယ်။ တောင်အာရှနဲ့
အရှေ့တောင်အာရှရဲ့ ပေါင်းကူး တံတား ဖြစ်ပါတယ်။ အဲသလို မြန်မာ့မြေမှာ
အမေရိကန် ၊ တရုတ် ၊ အိန္ဒိယတို့လို အင်အားကြီးတွေ လာရောက်အားပြိုင်ကြမယ့်
ကာလတခုကို ရောက်လာပါပြီ။ ဒီလိုကာလမျိုးမှာ ကျနော်တို့ဟာ ဒေသအမြင်သက်သက်နဲ့
ရေတိုကြည့်လို့ မလုံ လောက်တော့ပါဘူး။ နိုင်ငံတကာအမြင်နဲ့
ကြည့်ဖို့လိုပါပြီ။ နိုင်ငံတကာမှာ သူတို့ ဘယ်လိုလုပ်ခဲ့ကြသလဲ။ အတိတ်ကာလမှာ
သူတို့ ဘယ်လို လုပ်ခဲ့ကြသလဲဆိုတာ မသိရင် ရှေ့လာမယ့် အနာဂတ်မှာ သူတို့ ဘာတွေ
လုပ်မယ်ဆိုတာကို ကျနော်တို့ ကြိုမြင်နိုင်မှာ မဟုတ်ပါဘူး။
အမေရိကန် ၊ ဥရောပ လက်ဝါးကြီးအုပ်အရင်းရှင်ကြီးတွေ၊
တရုတ်လက်ဝါးကြီးအုပ်အရင်းရှင်ကြီးတွေ ၊ အိန္ဒိယ လက်ဝါးကြီးအုပ်
အရင်းရှင်ကြီးတွေကနေ မြန်မာအလုပ်သမားလယ်သမားတွေရဲ့ ဘဝကို တိုက်စား
ချေမွသွားမယ့် ရန်ကို ကျနော်တို့ ကာကွယ်နိုင်မှသာ ကျနော်တို့ရဲ့
နောင်မျိုးဆက်ဟာ ရှင်သန်ရပ်တည် နိုင်ပါလိမ့်မယ်။ ဒီလိုမလုပ်နိုင်ရင်
ခရိုနီနဲ့ အာဏာရှင်ဟောင်းတွေ နိုင်ငံခြားသား အရင်းရှင်ကြီးတွေက ကျိကျိတက်
ချမ်းသာပြီး အများစုပြည်သူကြီးက ဆင်းရဲသထက်ဆင်းရဲတဲ့ ခေတ်ဆိုးကြီးကို
ကျနော်တို့ ကြုံတွေ့ရပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် ငွေဆိုတာ အလကားရရင် ကောင်းတာပဲ ဆိုပြီး ရသမျှငွေကို
အားရဝမ်းသာ ယူနေသုံးနေ ကြတဲ့ နိုင်ငံရေးသမား ကြီး/ငယ်တွေ အတွက်
အခုအချိန်မှာ ခဏလောက်ရပ်ပြီး ပြန်လည် စဉ်းစားသုံးသပ် ကြဖို့
အချိန်ကျရောက်ပါပြီ။ အလကားရတယ်ဆိုတာ ဘာမှ မရှိပါဘူး။ တခုခုယူထားရင် တခုခု
ပြန်ပေးရ ပါလိမ့်မယ်။ ကိုယ့်ထက်လည်တဲ့ နပ်တဲ့လူတွေက
ဖောချင်းသောချင်းပေးနေတဲ့ ငွေဟာ ပိုလို့တောင် အလကား မဟုတ်သေးတယ်ဆိုတာ
ကျနော်တို့သတိပြုရပါလိမ့်မယ်။ ကျနော်တို့ နိုင်ငံရေးသမားကြီး/ငယ် တွေဟာ
ငွေနဲ့ရက်ထားတဲ့ ကွန်ရက်ထဲမှာ ရုန်းမထွက်နိုင်တဲ့ ယင်ကောင်ငယ်လေးတွေလို
ဖြစ်မှာကို အစိုးရိမ်ကြီး စိုးရိမ်မိပါတယ်။
(နိုင်ငံရေးသမားရောင်းရန်ရှိသည် အပိုင်း ၄ ပိုင်း ပြီးပါပြီ။)
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
(မူရင်းသတ်ပုံအတိုင်း Zaw Win ဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြသည်။)

No comments:
Post a Comment