ငွေကြေး၊ အာဏာနဲ့ OSI
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုံးက ဗြိတိသျှသံရုံး ဧည့်ခန်းမှာ ထားလေ့ရှိတဲ့
စာအုပ်တအုပ်ကို အမှတ်ရမိတယ်။ အဲဒီစာအုပ်ကတော့ အရပ်ဘက် အဖွဲ့အစည်း
/လူထုအခြေပြုအဖွဲ့အစည်းလို့ခေါ်တဲ့ Civil Society Organization တွေကို
မြန်မာနိုင်ငံမှာ အများအပြား ထူထောင်ပြီး အဲဒီအဖွဲ့အစည်းတွေရဲ့
ကြပ်မတ်ထိန်းချုပ်မှုနဲ့ အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီ
အစိုးရထူထောင်ရေး ဆိုတဲ့ အတွေးအခေါ်ကို မလေးရှား စာရေး ဆရာ တယောက်ရေးထားတဲ့
စာအုပ်ပါ။
ထူးခြားတာကတော့ မူရင်းက အင်္ဂလိပ်ဘာသာနဲ့ရေးတဲ့ စာအုပ်ဖြစ်ပေမဲ့
သံရုံးဧည့်ခန်းမှာ ရှိတာက မြန်မာဘာသာပြန်စာအုပ်ဖြစ်နေတဲ့ အချက်ပါ။ မြန်မာ
ဘာသာပြန်ဆိုပေမဲ့ မြန်မာ နိုင်ငံက စာရေးဆရာ တယောက်ယောက် ဘာသာပြန်တာလည်း
မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ တရားဝင် ထုတ်ဝေတဲ့ စာအုပ်လည်း မဟုတ်ဘူး။
ဒါပေမဲ့ အဲဒီစာအုပ်ကို ဗြိတိသျှ သံရုံးဧည့်ခန်းမှာ အမြဲတွေ့ရတယ်။
နိုင်ငံတနိုင်ငံရဲ့ အစိုးရကို ဖြုတ်ချရေး အကြံဥာဏ်ပေးတဲ့ စာအုပ်တအုပ်ကို
ဗြိတိသျှ သံရုံးမှာ တွေ့ရတော့ စိတ်ထဲမှာ နည်းနည်း ထူးဆန်းမိတယ်။
လူထုအခြေပြုအဖွဲ့အစည်းလို့ ခေါ်တဲ့ အဖွဲ့အစည်းတွေအသုံးပြုပြီး ဖြုတ်ချရေး
နည်းလမ်းကို အကြံပေးထားတော့ အတွေးအခေါ်သစ်တရပ် လို့လည်း ထင်မှတ်မှားစရာ
ဖြစ်တယ်။
ဒါပေမဲ့ နောက်တော့ ဒီစာအုပ်ကို ရန်ကုန်က လူငယ်တချို့ရဲ့ အိမ်တွေမှာ
မိတ္တူစာအုပ်အဖြစ် တွေ့လာရ တယ်။ ဒီတော့မှ ဒီစာအုပ်ရဲ့ မူလလမ်းကြောင်း
ရေသောက်မြစ်ကို သိလာရတယ်။ တကယ်တော့ အဲဒီစာ အုပ်ကို ဘာသာပြန်ထုတ်ဝေတာက
လူငယ်တွေကြားမှာ အေစီလို့ ရေပန်းစားခေါ်ဝေါ်ကြတဲ့ အမေရိကန် သံရုံးရဲ့
ပြန်ကြားရေးဌာနကပါ။ အဲဒီ အမေရိကန် စင်တာကနေ လူငယ်တွေကို
သင်တန်းပေါင်းများစွာ တိုးတိုးတိတ်တိတ်ပေးခဲ့တာဟာ မဝေးသေးတဲ့ ကာလတခုမို့
အားလုံးမှတ်မိကြမှာပါ။ အဲဒီသင်တန်းတွေထဲ က သင်တန်းတခုကနေ ထုတ်ဝေဖြန့်ချိတဲ့
စာအုပ်ပါ။ စာအုပ်ကို ထုတ်ဝေ ဖြန့်ချိရုံတွင် မကဘူး။ အဲဒီစာအုပ် ရေးတဲ့
စာရေးဆရာပါ မြန်မာနိုင်ငံကို အရောက်လာပြီး အဲဒီ အမေရိကန် စင်တာမှာပဲ
အရပ်ဖက် အဖွဲ့အစည်းတွေကို အသုံးပြုပြီး အစိုးရဖြုတ်ချရေးနည်းလမ်းကို
ဆွေးနွေးပို့ချခဲ့ဖူးပါတယ်။ သင်တန်းတက်ဖူး တဲ့ လူငယ်တွေ
မှတ်မိကြပါလိမ့်မယ်။
အဲဒီစာအုပ်ရဲ့ အနှစ်ချုပ်ကတော့ လက်နက်ကိုင် တော်လှန်ရေးကို ဆန့်ကျင်တယ်။
လက်နက်ကိုင် တော်လှန်ရေးအစား အရပ်ဘက် အဖွဲ့အစည်းတွေ ထူထောင်ပြီး အစိုးရကို
ဖြုတ်ချရေးဆိုတဲ့ နည်းလမ်း ဖြစ်ပါတယ်။
နိုင်ငံတကာ အတွေ့အကြုံနည်းတဲ့ ကျနော်တို့ ဗမာလူငယ်တွေကတော့ အမေရိကန်က
ဘာလမ်းကြောင်း ချပေးတယ်ဆိုတာ မရိပ်မိခဲ့ကြဘူး။ အခုချိန်မှာတော့ အားလုံး
ရုပ်လုံးပေါ်လာတယ်။ အမေရိကန်ဟာ မြန်မာနိုင်ငံမှာ သူတို့လိုချင်တဲ့
နိုင်ငံရေး အကွက်အကွင်း၊ အခင်းအကျင်း တရပ်ပေါ်လာဖို့ နှစ်ပေါင်း နှစ်ဆယ်၊
အစိတ် အချိန်ယူပျိုးထောင်ခဲ့တယ်။ အခုအခါ Myanmar Peace Centre နဲ့ ဗဟု၊
Egress တို့ထဲကို ရောက်လာကြမယ့် မြန်မာတချို့ကိုလည်း အမေရိကန်ကို
ငွေကုန်ကြေးကျခံခေါ်ယူပြီး အမေရိကန် အတွေးအခေါ်သင်ကြား ပို့ချ
လေ့ကျင့်ပေးခဲ့တယ်။ အဲဒီလို ပျိုးထောင်လာတဲ့ အမေရိကန်ဆော့ဖ်ပါဝါရဲ့
ဦးတည်ချက်ဟာ ဘာလဲ ဆိုတာ ခုတော့ အကောင်အထည်နဲ့ တကွမြင်သာလာတယ်။
ဒီနေ့မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာစားနေတဲ့ NGO အဖွဲ့အစည်းတွေ
အပြိုင်းအရိုင်း ထွက်ပေါ်လာနေပြီ။ လူငယ်တွေထဲ မှာလည်း NGO တွေမှာ
အလုပ်လိုချင်လွန်းလို့ သူ့ထက်ငါ အလုအယက်။ နိုင်ငံရေးသမားလောက၊ လူမှုရေး
လောကမှာလည်း ဒိုနာရှာရတာ အမော။ NED က ကိုအောင်မော်ဇင်တို့၊ OSI က
ဒေါ်မော်ရင်း အောင်သွင်တို့နဲ့ မိတ်ဖွဲ့ချင်လို့ ပွဲစားရှာသူတွေ၊
ပွဲကစားသူတွေလည်း မနည်းမနော။
တကယ်တော့ မြန်မာနိုင်ငံကို အမေရိကန်စင်တာကနေ CSO တွေ၊ NGO တွေနဲ့
မိတ်ဆက်ပေးနေချိန်မှာ အရှေ့အလယ်ပိုင်းနဲ့ အရှေ့ဥရောပမှာတော့ အမေရိကန်
ပြုစုပျိုးထောင်ထားတဲ့ NGO တွေ တော်တော် အလုပ်လုပ်ပြီးနေကြပါပြီ။
တော်တော်လည်း အငြင်းပွားနေကြပါပြီ။ အဲဒီ NGO တွေကို
နိုင်ငံတော်တော်များများက စီအိုင်အေရဲ့ Fifth Column ပဉ္စမံတပ်သား လို့
လက်ညှိုးထိုး ပြစ်တင် ဝေဖန်နေပါပြီ။ NGO တွေရဲ့ နိုင်ငံခြားအလှူငွေ
ရယူမှုကို စစ်ဆေးတဲ့၊ ကန့်သတ်တဲ့ ဥပဒေတွေကိုလည်း နိုင်ငံတချို့က
ထုတ်ပြန်နေပါပြီ။ အစ္စရေးလို အမေရိကန်ရဲ့ ဝမ်းမနာသား နိုင်ငံမျိုးတောင်
အဲဒီလို ဥပဒေထုတ်တဲ့ နိုင်ငံထဲမှာ ပါပါတယ်။ တခြား ထင်ရှားတဲ့
နိုင်ငံတွေကတော့ ရုရှား၊ အိန္ဒိယ၊ ကမ္ဗောဒီးယား၊ မလေးရှား၊
ဘင်္ဂလားဒေ့ရှ်တို့ပါ။ အမေရိကန်မှာလည်း နိုင်ငံခြားအစိုးရရဲ့
ထောက်ပံ့ငွေဆိုရင် မှတ်ပုံတင်ရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို တင်ပြရပါတယ်။
အမေရိကန်ဟာ သူ့နိုင်ငံတွင်းမှာတော့ နိုင်ငံခြားအစိုးရရဲ့ငွေဆိုရင်
မှတ်ပုံတင် စာရင်းစစ်ပေမဲ့ တခြားနိုင်ငံမှာ တော့ NGO တွေ ပြန့်ပွားလာရေးကို
သူတို့က တွင်တွင်ကျယ်ကျယ် ဝါဒဖြန့်ချိပေးသလို NGO တွေကို
ငွေကြေးထောက်ပံ့ခြယ်လှယ်ပါတယ်။ ဒါကလည်း စီအိုင်အေအတွက် လက်တွေ့ကျကျ
အကျိုးဖြစ်ထွန်းတာ ကို နှစ်ပေါင်း ၆၀ ကျော် အတွေ့အကြုံရှိခဲ့ပြီးပါပြီ။
ငွေကြေးထောက်ပံ့ခြယ်လှယ်တယ်ဆိုတာကလည်း တခါ တလေမှာ
တိုက်ရိုက်ခြယ်လှယ်တာမျိုးရှိသလို တခါတလေမှာ သွယ်ဝိုက်ခြယ်လှယ်ပါတယ်။
တိုက်ရိုက်ခြယ် လှယ်တယ်ဆိုတာက လုပ်ငန်းစဉ်အသေးစိတ်မှာ
ဝင်ရောက်စွက်ဖက်တာမျိုးပါ။ သွယ်ဝိုက်ခြယ်လှယ်တယ် ဆိုတာကတော့
သူတို့အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ ပေါ်လစီချတဲ့ NGO တွေကို
ငွေကြေးထောက်ပံ့ပြီး သူတို့ အကျိုးနဲ့ မကိုက်တဲ့ NGO တွေကိုတော့
လူ့အဖွဲ့အစည်း အတွက် ဘယ်လောက်ပဲ အကျိုးရှိရှိ ပစ်ထားလိုက် တာမျိုးပါ။
ဒီလိုဆောင်ရွက်ခြင်းအားဖြင့် NGO အများစုဟာ သူတို့ လုပ်ငန်းစဉ် ( သူတို့
Agenda) အတိုင်း ဆောင်ရွက်တဲ့ အဖွဲ့တွေ ဖြစ်လာပါတယ်။ သတင်းအမှောင်ကျပြီး
ခေတ်လည်း နောက်ကျ၊ ငွေလည်း ရှားပါး ဆင်းရဲတဲ့ နိုင်ငံမျိုးတွေမှာတော့
အမေရိကန်ဟာ ငွေကို လမ်းခင်းပြီး လွယ်လွယ်ကူကူ လုပ်ကိုင်သွား ပါတယ်။
ဒီနေ့ခေတ်မြန်မာနိုင်ငံကို ပြန်ကြည့်လိုက်တဲ့ အခါ မြန်မာဟာ အဲသလို နိုင်ငံ
အမျိုးအစားစာရင်းမှာ အကြုံးဝင်လာနေတာတွေ့လာရပါတယ်။ ၈၈ ငြိမ်း၊ပွင့်
အဖွဲ့အပါအဝင် မြန်မာနိုင်ငံက NGO အဖွဲ့အစည်းတွေရဲ့ ၉၀ ရာနှုန်းဟာ
နိုင်ငံခြား ထောက်ပံ့ငွေနဲ့ မွေးဖွားကြီးပြင်းလာတဲ့ အဖွဲ့အစည်းတွေ
ဖြစ်နေတာကို တွေ့လာရတယ်။
၈၈ မျိုးဆက်အဖွဲ့ဆိုရင် သူတို့ အဖွဲ့နာမည်ကိုတောင် ပွင့်လင်း
လူ့အဖွဲ့အစည်းလို့ နာမည်ပေးလိုက်ပါသေး တယ်။ ဒါဟာ ၈၈ မျိုးဆက်အဖွဲ့ရဲ့
နိုင်ငံရေးဗဟုသုတ ခေါင်းပါးမှုကို ပေါ်လွင်ထင်ရှားစေပါတယ်။ တကယ်လို့သာ ကမ္ဘာ့
ဒီမိုကရေစီ အင်အားစုတွေကြားမှာ ဂျော့ခ်ျဆိုးရော့စ်ရဲ့ Open Society
Institute ဟာ ဘယ်လောက်နာမည်ပျက်တယ်၊ ဘယ်လောက်ငြင်းခုန်မှုတွေ
ဖြစ်နေတယ်ဆိုတာကို သိရင် ၈၈ မျိုးဆက်အဖွဲ့ဟာ ဒီနာမည်ကို ခံယူလိမ့်မယ်
မထင်ဘူး။
တကယ်တော့ CSO လို့ခေါ်ကြတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ NGO လို့ခေါ်ကြတဲ့
အစိုးရနဲ့ မပတ်သက်တဲ့ အဖွဲ့အစည်းတွေဟာ သူတို့အဖွဲ့အစည်းတွေရဲ့
ရည်ရွယ်ချက်တွေကြောင့် အငြင်းပွားစရာ ပြဿနာတွေ တက်နေကြတာ မဟုတ်ဘူး။
အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်တွေကတော့ များသောအားဖြင့်
ရည်ရွယ်ချက်ကောင်းတွေပဲ။ အဖွဲ့အစည်း ရည်ရွယ်ချက်တွေကြောင့် Fifth Column
ခေါ် ပဉ္စမံ တပ်သား အဖြစ် နိုင်ငံတကာမှာ စွပ်စွဲ ပြောဆိုခံနေရတာ မဟုတ်ဘူး။
သူတို့ကို ဒီလို စွပ်စွဲပြောဆိုခံနေရတာဟာ သူတို့ကို ငွေပေးပြီး
ကြိုးကိုင်နေတဲ့ ဒိုနာ အဖွဲ့အစည်းတွေရဲ့ အရိပ်ထိုး
လွှမ်းမိုးမှုတွေကြောင့်ပါ။
ငွေယူတာ အပြစ်မဟုတ်ဘူး။ ငွေကို အလွဲသုံးစားလုပ်တာကသာ အပြစ်ဖြစ်တယ်လို့
တချို့က ပြောပါတယ်။ ဒီစကားဟာ မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမဲ့ အပြည့်အဝ
မမှန်ဘူး။ ငွေကို အလွဲသုံးစား မလုပ်ပေမဲ့ အန္တရာယ်ရှိနိုင်သေးတယ်။ ငွေရဖို့
အတွက် ငွေရှင် အကြိုက်မူဝါဒတွေအောက် ရောက်မှန်းမသိ ရောက်ကုန် ကြတဲ့
အဖွဲ့အစည်းတွေ အများကြီးပဲ။ အဲသလို အဖွဲ့တွေ အများစုဖြစ်လာတဲ့အခါ ငွေကို
အလွဲသုံးစား မလုပ် သည့်တိုင်အောင် ကိုယ်ဟာ ကြိုးကိုင်ခံ အဖွဲ့အစည်း
ဖြစ်မှန်း မသိဖြစ်လာတတ်ပါတယ်။ ငွေမျက်နှာကြောင့် သူ့မူဟာ
ကိုယ့်မူဖြစ်လာတတ်တယ်။ သူ့အလုပ်ဟာ ကိုယ့်အလုပ်ဖြစ်လာတတ်တယ်။ ကြာလာတော့
ကိုယ့်ကိုယ်ကိုယ် ဘာမှန်း မသိတော့တဲ့ ဘဝအထိ ရောက်သွားတတ်ပါတယ်။
အဲသလို ငွေပေးကြိုးကိုင်ခြယ်လှယ်တတ်တဲ့ အဖွဲ့အစည်းတွေကတော့ Open Society
Institute (OSI) ၊ National Endowment for Democracy (NED) နဲ့ ဥရောပက
အဖွဲ့အစည်းတချို့ပါ။
OSI
"NGO အဖွဲ့အစည်းတွေကို အစိုးရတွေက ပဉ္စမံတပ်သားလို့ ယူဆပြီး
ကြောက်ရွံ့လာကြတယ်။ အဲသလို အစိုးရတွေရဲ့ စွပ်စွဲ ကြောက်ရွံ့ခြင်းခံရတဲ့ NGO
တွေရဲ့ အများစုကတော့ ဂျော့ခ်ျ ဆိုးရော့စ်က ငွေကြေးထောက်ပံ့နေတဲ့
အဖွဲ့တွေဖြစ်ပါတယ်" လို့ The Christian Science Monitor ရဲ့ ပင်တိုင်
ဆောင်းပါးရှင် ဒန်မာဖီက သူ့ရဲ့ "NGO ထောက်ပံ့လှူဒါန်းငွေကို သူတို့ဘာလို့
ကြောက်ကြသလဲ" ဆောင်းပါးမှာ ရေးသားထားပါတယ်။
ဆိုးရော့စ်ဟာ သူ့ကိုယ်သူ ပရဟိတ သမား အလှူ့ရှင်ကြီး အဖြစ် ရည်ညွှန်း ပြောဆိုတတ်တယ်။
ဆိုးရော့စ်ဟာ The Council of Foreign Relations, The World Economic Forum,
နဲ့ Human Rights Watch (HRW) တို့မှာ ထိပ်တန်းနေရာတွေကို ယူထားသူဖြစ်သလို
နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေး အဖွဲ့ International Crisis Group
ကိုထူထောင်သူလည်း ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဦးသိန်းစိန်
အစိုးရတို့ကို ICG ကစောစောစီးစီး ထောက်ခံခဲ့တာတွေဟာ ဆိုးရော့စ်ရဲ့
လက်ရာတွေလို့ ဆိုနိုင်ပါတယ်။ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေးသမားအဖြစ်
ကမ္ဘာကပြောလာအောင် ဦးဦးဖျားဖျား အသံထုတ် နှပ်ကြောင်းပေးခဲ့တဲ့
အဖွဲ့အစည်းဖြစ်ပါတယ်။
အမေရိကန်အစိုးရလို နိုင်ငံကြီးတခုအနေနဲ့ ဦးသိန်းစိန်ကို ထောက်ခံဖို့
မြန်မာအစိုးရနဲ့ ပူးပေါင်း လုပ်ဖို့ဆိုတာ အရင်က ပြောထားတဲ့ လူ့အခွင့်အရေး၊
ဒီမိုကရေစီရေး စံချိန်စံညွှန်းတွေကို ချက်ချင်းခါချပြီး
ငါစိတ်ပြောင်းသွားပြီ၊ ငါမင်းတို့ကို ထောက်ခံလိုက်တော့မယ်၊ အရင်
ဒီမိုကရေစီသမားတွေ နေရစ်ခဲ့ကြတော့လို့ ပစ်ပစ်ခါခါ ပေါ်ပေါ်ထင်ထင်
ကောက်လုပ်လိုက်လို့ ရတာမျိုး မဟုတ်ဘူး။ ဦးသိန်းစိန်ကို ထောက်ခံဖို့အတွက်
တဘက်မှာ ဦးသန်းရွှေ ၊ ဦးသိန်းစိန်တို့ကို အပြောင်းအလဲ လေသံ ထုတ်ပေးဖို့ ၊
ဟန်ပြဖြစ်ဖြစ် ပြောင်းလဲပြဖို့ နားချရပါတယ်။ ဒါနဲ့တွင် မရသေးပါဘူး။
ဦးသိန်းစိန်ကောင်းကြောင်း ဦးသိန်းစိန် ဒီမိုကရေစီ အပြောင်းအလဲတွေ
လုပ်နေပြီဖြစ် ကြောင်း ရှေ့ကနေ နှပ်ကြောင်းပေး လမ်းဖွင့်ပေးမယ့် လူတွေ
အသံထုတ်ပေးမယ့်လူတွေ လိုအပ်တယ်။ အဲဒီလို အလုပ်မျိုးတွေကို ဆိုးရော့စ်ရဲ့
ICG လိုအဖွဲ့မျိုးက အရင်ဆုံး ဦးဆောင်လုပ်ပေးခဲ့တယ်။ ဆိုးရော့စ် နဲ့
ထဲထဲဝင်ဝင် ပတ်သက်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW (Human Right
Watch) လိုအဖွဲ့မျိုးက တဖြည်းဖြည်း နောက်ကလိုက်ပေးတယ်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW တို့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေး
အဖွဲ့ ICG တို့ဆိုတာ မီဒီယာကို ရှေ့က ဦးဆောင်နိုင်သူတွေလည်း ဖြစ်ကြတယ်။
HRW တို့ ICG တို့ ဆိုတာ သူတို့က ကြေညာချက် တစောင် ထုတ်ပြီး
အဲဒီကြေညာချက်မှာ မြန်မာဆိုတဲ့ စာလုံးတလုံးပါတာနဲ့ ပြည်ပ အသံလွှင့် ဌာနတွေက
သတင်းချက်ချင်းရေး အင်တာဗျူးချက်ချင်းမေးပြီး အသံလွှင့်ကြတဲ့
အဖွဲ့အစည်းမျိုးဖြစ်တယ်။ HRW တို့ ICG တို့ဟာ မီဒီယာကို
ထိန်းချုပ်ထားနိုင်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြတယ်။ သတင်းကို
ဖန်တီးပေးနိုင်တဲ့ သြဇာရှိ အဖွဲ့အစည်းတွေ ဖြစ်ကြတယ်။ ဒီလိုနည်းမျိုးနဲ့
ဆိုးရော့စ်ရဲ့ အဖွဲ့အစည်းတွေဟာ ဦးသိန်းစိန်ကို ပြုပြင်ရေးသမား
နာမည်ထွက်အောင် ဆောင်ရွက်ခဲ့တယ်။
ဆိုးရော့စ်ဟာ အရင်းအနှီးရဲ့ မျက်နှာ တခုတည်းပဲ ကြည့်တတ်သူဖြစ်ပါတယ်။
သူ့အနေနဲ့ နိုင်ငံတွေရဲ့ နိုင်ငံ ရေးမှာ ပါဝင်စွက်ဖက်သမျှဟာလည်း အဲသလို
စွက်ဖက်ပြီးရင် အဲဒီနိုင်ငံကနေ သူလှူထား၊ ရင်းထားသမျှရဲ့ အဆပေါင်းများစွာ
ပြန်လည်ရအောင် ယူခဲ့တာချည်းပဲ ဖြစ်တယ်။ အခုသူဟာ မြန်မာပြည်မှာ ဒီမိုကရေစီ
အစိုးရပေါ်လာမှာကို မစောင့်နိုင်တော့ဘူး။ အတိုက်အခံတွေက ဒီမိုကရေစီအစိုးရ
ဖြစ်အောင် မလုပ်နိုင်တော့တဲ့အခါ ဆိုးရော့စ်ဟာ ဦးသိန်းစိန်ကို
ဒီမိုကရေစီနာမည်တပ်ပြီး မြန်မာပြည်မှာ စီးပွားရေး ဝင် လုပ်ဖို့
ခြေလှမ်းလာတာဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်မှာ သူဟာ အာရှစီးပွားရေးကို ကမောက်ကမ ဖြစ်အောင်လုပ်ခဲ့ဖူးတယ်။
ထိုင်းစီးပွားရေး ပြိုလဲတဲ့အထိ စတော့ရှယ်ယာ ဈေးကစားခဲ့တယ်။
ထိုင်းနိုင်ငံရေးသမား တယောက်က ဂျော့ခ်ျဆိုးရော့စ်ဟာ ဒရက်ကူလာလို့ခေါ်တဲ့
သွေးစုပ်ဖုတ်ကောင်ပါပဲ လို့ဆိုတယ်။ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ
မိုဟာမက်ကလည်း ၁၉၉၇ အာရှ စီးပွားရေးပျက်စီးရတာတခုလုံးဟာ ဆိုးရော့စ်ရဲ့
Quantum Fund လက်ချက်လို့ ပြစ်တင်ဝေဖန်ခဲ့တယ်။
ယူဂိုစလားဗီးယားနိုင်ငံမှာ အသက်များစွာပေးဆပ်ခဲ့ရပြီး နိုင်ငံ
အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့ရတဲ့ ဖြစ်စဉ်မှာ လည်း ဘဏ္ဍာရေး ကဏ္ဍကနေ အဓိက
လှုပ်ရှားခဲ့သူဟာ ဂျော့ခ်ျဆိုးရော့စ် ဖြစ်ပါတယ်။
၁၉၉၂ စက်တင်ဘာမှာတော့ ဗြိတိသျှ ပေါင်စတာလင်ငွေကို ဘဏ္ဍာရေး ဈေးကွက်မှာ သူဝင်
ငွေကစားပြီး တနေ့တည်းနဲ့ ဒေါ်လာသန်း တထောင် အမြတ်ယူခဲ့ဖူးတယ်။
ပေါင်စတာလင်ငွေကြေးကတော့ ကမောက်ကမ ဖြစ်ပြီး ငွေတန်ဖိုး ထိုးကျသွားခဲ့တယ်။
အဓိပ္ပါယ်ကတော့ အင်္ဂလိပ်လူမျိုးတယောက်ချင်းစီရဲ့ ငွေဟာ အင်္ဂလိပ်တွေ
မသိလိုက်ရဘဲ ဆိုးရော့စ် အိတ်ထဲရောက်သွားတာပါပဲ။ ဒါပေမဲ့ သူ့ကြောင့်
အင်္ဂလိပ်ဆင်းရဲသားတွေ ဘယ်လောက် ဒုက္ခရောက်သွားမလဲဆိုတာကို ဆိုးရော့စ်က
မစဉ်းစားပါဘူး။
ဒါနဲ့ ပတ်သက်လို့ "ဘဏ္ဍာရေး ဈေးကွက်မှာ ငွေကစားတဲ့အခါ လုပ်သင့်မလုပ်သင့်
ဆိုတာတွေ ကိုယ်ကျင့်တရားစံနှုန်းတွေနဲ့ ကိုက်မကိုက် ဆိုတာတွေကို
ကျုပ်ဘယ်တော့မှ မစဉ်းစားဘူး" လို့ ဆိုးရော့စ် ကိုယ်တိုင်က ပြောခဲ့ဖူးပါတယ်။
"စီးပွားရေး လုပ်တဲ့အချိန်မှာ ကျင့်ဝတ်တွေ သိက္ခာတွေကို ထည့်တွက်နေ တာဟာ
ကိုယ့်လက်ကိုယ် ကြိုးနဲ့ တုတ်ထားတာဖြစ်တယ်။ အောင်မြင်မှုမရနိုင်ဘူး" လို့
၂၀၀၃ ခုစက်တင်ဘာ လက အင်တာဗျူးတခုမှာ သူကိုယ်တိုင် ထုတ်ပြောခဲ့တယ်။
ကျနော်တို့ဟာ နိုင်ငံတော် အစိုးရတွေက ဒါပဲသုံး၊ ဒါပဲ တရားဝင်တယ်လို့
သတ်မှတ်ပေးထားတဲ့ ငွေစက္ကူလေးတွေကို ကျပ်တသောင်းနှစ်သောင်း ရဖို့အရေး ၊
လေးငါးဒေါ်လာရဖို့ အရေး ချွေးပြိုက်ပြိုက် ကျအောင် အလုပ်လုပ်နေချိန်မှာ
ဆိုးရော့စ်လို သန်းထောင်ချီချမ်းသာတဲ့ သူဌေးကြီးတွေက ကျနော်တို့
ရမယ့်ငွေကို စက္ကူစုတ်ဖြစ်အောင် လုပ်ပစ်ပြီး သူတို့ အတွက် အမြတ်အစွန်း
ရှာဖွေနေပါတယ်။
ပင်သစ်ဘဏ်ရဲ့ စတော့ရှယ်ယာကို ၁၉၈၈ ခုနှစ်တုန်းက အတွင်းသတင်းနှိုက်ပြီး
ဈေးကစားခဲ့မှု (Insider trading ) နဲ့ ၂၀၀၂ ခုနှစ်မှာ သူ့ကို ပြင်သစ်
အစိုးရက တရားစွဲပြီး ဒေါ်လာ ၂ သန်းဒဏ်ငွေရိုက်တာလည်း ခံခဲ့ရတယ်။
တကြိမ်မှာတော့ အမေရိကန် သမ္မတဖြစ်လာမယ့် ဂျော့ခ်ျဘုရှ် အငယ်ရဲ့ Spectrum 7
ကုမ္ပဏီ ခွက်ခွက်လန် ရှုံးပြီး ဒေါ်လာ သန်းချီကြွေးတင်မယ့်အချိန်မှာ
ဆိုးရော့စ်ဟာ အမှိုက်ဖြစ်တော့မယ့် ရှယ်ယာတွေကို ဝယ်ပြီး အသက်ဆက်
ပေးခဲ့ဖူးတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆိုးရော့စ်က ဘယ်လိုပြောခဲ့သလဲ
ဆိုတော့ "ကျုပ်ဝယ်လိုက်တာဟာ နိုင်ငံရေးသြဇာကို ပိုက်ဆံပေးဝယ်လိုက်တာ" လို့
ပြောခဲ့တယ်။
ဆိုးရော့စ်ဟာ အာဖရိက၊ လက်တင်အမေရိက၊ ကရစ်ဘီယံ၊ အာရှတို့မှာရှိတဲ့
တော်လှန်ရေးသမား၊ နိုင်ငံရေးသမား၊ ပညာရှင်တွေကို ဝယ်ယူပါတယ်။
နောင်တချိန်မှာ နိုင်ငံရေးအာဏာရလာမယ့်သူ၊ ဒါမှ မဟုတ် နောင်တချိန်မှာ
နိုင်ငံရေး သြဇာရှိလာမယ့်သူလို့ သူယူဆတဲ့သူတွေကို ငွေကြိုပေးစနစ်နဲ့
ဝယ်ယူတာ ဖြစ်ပါတယ်။ အဲသလိုဝယ်ယူတဲ့အခါမှာလည်း များသောအားဖြင့် ဗြောင်ငွေပေး
ဝယ်ယူလေ့ရှိပါတယ်။
ဆိုးရော့စ်ဟာ သူ့ကိုယ်သူ အမေရိကန်နဲ့ မပတ်သက်သူလို့ ပြောလေ့ရှိပါတယ်။
ဒါပေမဲ့ ဒီမိုကရေစီ ဘက်တော်သား အများစုကတော့ သူ့ကို စီအိုင်အေလူလို့သာ
သတ်မှတ်လေ့ရှိပါတယ်။
နယူးယောက်က သမိုင်းဘာသာသင်တဲ့ အထက်တန်းပြဆရာမတယောက်လည်း ဖြစ်ပြီး
နိုင်ငံရေးတက် ကြွ လှုပ်ရှားသူ တယောက်လည်း ဖြစ်တဲ့ ဟဲသာ ကော့တင် က
ဆိုးရော့စ်နဲ့ ပတ်သက်ပြီး ရေးသားတဲ့ နယ်ချဲ့ဝါဒ မှော်ဆရာ သို့မဟုတ်
နှစ်ဖက်ချွန် သူလျှို ဆိုတဲ့ ဆောင်းပါးမှာ အခုလို ရေးခဲ့တယ်။
စီအိုင်အေနဲ့ ဆိုးရော့စ်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ တထပ်တည်းဖြစ်ပါတယ်။
သူတို့နှစ်ဖွဲ့စလုံးဟာ ဆိုရှယ်လစ် ဝါဒ ပျက်စီးရေး ရည်မှန်းချက်နဲ့
ဆောင်ရွက်သူတွေသာဖြစ်ပါတယ်။ တောင်အာဖရိကမှာ စီအိုင် အေက ကွန်မြူနစ်
အတိုက်အခံတွေကို ရှာဖွေဖော်ထုတ်ရာမှာ ဆိုးရော့စ်ရဲ့ အကူအညီကို ရယူခဲ့တယ်။
ဟန်ဂေရီ၊ ပိုလန်၊ ဆိုဗီယက်ယူနီယံ တို့မှာ စီအိုင်အေ၊ NED ၊ AFL-CIO ၊ USAID
တို့ဟာ ဆိုးရော့စ်ရဲ့ Open Society Fund ကခန့်ထားတဲ့ ဝန်ထမ်းတွေ ရဲ့
အကူအညီရယူပြီး ကွန်မြူနစ် ဆန့်ကျင်ရေး လုပ်ငန်းတွေကို ပူးပေါင်း
ဆောင်ရွက်ခဲ့တယ်။ ဆိုးရော့စ် ကိုယ်တိုင်ကလည်း "နိုင်ငံတိုင်းမှာ ရှိတဲ့
အဖွဲ့အစည်းတွေ ဟာ ဘာနိုင်ငံရေးအရောင်အသွေး ရှိသလဲဆိုတာ ကျုပ်ကလေ့လာပြီး
ကျုပ်နဲ့ နိုင်ငံရေး အမြင်တူသူတွေဆိုရင် ထင်ရှားသူဖြစ်စေ၊
မထင်ရှားသူဖြစ်စေ၊ အဲဒီလိုလူတွေကို ရှာဖွေ စုစည်း ထောက်ပံ့ပေးနေတယ်" လို့
ဖွင့်ပြောပါတယ်။
ရုရှား ဘီလျံနာ သူဌေးကြီး ဘောရစ် ဘရက်ဇော့ဗ်စကီ ကတော့ ဆိုးရော့စ်ဟာ
စီအိုင်အေဖြစ်ကြောင်း သူသိခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားပြီး "ဆိုးရော့စ်ဟာ
စီအိုင်အေ သူလျှိုဆိုတာကို သိလိုက်ရတော့ ကျနော်ဖြင့် သတိမေ့မတတ်
လန့်သွားမိတယ်" လို့ ဆိုပါတယ်။
တကယ်တန်း ဆိုးရော့စ်ဟာ စီအိုင်အေ သူလျှိုပါလို့ အထောက်အထားပြပြီး အတိအကျ
လက်ဆုပ်လက်ကိုင် ပြောဖို့ ခက်ပေမဲ့ သူ့အဖွဲ့ အစည်းတွေမှာ
သူခန့်ထားတဲ့လူတွေကို ကြည့်ရင်တော့ သူဘယ်လိုလူဆိုတာကို
ခန့်မှန်းလို့ရပါတယ်။
ဆိုးရော့စ် အဖွဲ့တွေထဲမှာ သြဇာအကြီးဆုံး အဖွဲ့တဖွဲ့က ၁၉၈၆ ခုမှာ
တည်ထောင်ခဲ့တဲ့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေး အဖွဲ့ပါ။ အဲဒီအဖွဲ့ကို
အမေရိကန် နိုင်ငံရေးနဲ့ ထောက်လှမ်းရေးဆရာကြီးတွေနဲ့ ဖွဲ့စည်း ထားပါတယ်။
ဒါရိုက်တာအဖွဲ့ထဲမှာ အမေရိကန် သမ္မတတွေရဲ့ နိုင်ငံရေး အကြံပေး
ဇဘစ်နျူးဘာဇင်စကီ ပါပါတယ်။ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း
မော်တန် အဘရာမိုဝစ်ဇ်၊ နေတိုး ရဲ့ ဥရောပ စစ်ဦးစီးချုပ်ဟောင်း ဝက်စလီ ကလပ်၊
အမေရိကန် လုံခြုံရေး အကြံပေးဟောင်း ရစ်ချတ်အယ်လင်၊ တို့ပါဝင်ပါတယ်။
ရစ်ချတ်အယ်လင်ဟာ အီရန်ကွန်ထရာ အရေးမှာ နာမည်ပျက်နဲ့ ကျော်ကြားခဲ့သူပါ။
ဆိုးရော့စ်ဟာ ဟင်နရီ ကစ်ဆင်းဂျား ၊ ဗားစလပ်ဟာဗယ်၊ ပိုလန်ဗိုလ်ချုပ်
ဗွိုက်ချက် ယာရူဇက်ဆကီ တို့ရဲ့ မိတ်ဆွေကြီးလည်း ဖြစ်ပါတယ်။
ဒလိုင်းလားမားနဲ့ ရုရှား သမ္မတဟောင်း မီဟိုင်း ဂေါ်ဘာချော့ဗ် တို့ကိုတော့
ဆန်ဖရန်စစ္စကိုမှာ အင်စတီကျုတွေ၊ ဖောင်ဒေးရှင်းတွေဖွင့်ဖို့
အဆောက်အဦးပေးထားပါတယ်။ တရုတ်နိုင်ငံ က ဒလိုင်းလားမား ၊ ရုရှားနိုင်ငံက
ဂေါ်ဘာချော့ဗ်တို့ကို ဒီလို မြှောက်စားထားတာ အကြောင်းရှိပါလိမ့်မယ်။
၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ၊ Waldorf-Astoria ဟိုတယ်မှာ World Economic Forum က
အစည်းအဝေးလုပ်နေချိန်မှာ လူထုအမြောက်အများက ဂလိုဘယ်လိုက်ဇေးရှင်း
ဆန့်ကျင်ဆန္ဒပြပွဲ ဆင်နွှဲခဲ့ တယ်။ အဲဒီအချိန်မှာ ဆိုးရော့စ်ဟာ အမေရိကန်ရဲ့
တခြားအရေးပါတဲ့ ဝါဒဖြန့်ချိသူတွေဖြစ်ကြတဲ့ ဇဘစ်နျူး ဘာဆင်စကီ၊ ဆင်မြူရယ်
ဟန်တင်တန်၊ ဖရန်စစ် ဖူကူယားမား တို့နဲ့ အတူ မိန့်ခွန်းပြောဖို့
စောင့်ဆိုင်းနေ ချိန်ပါ။ သူတို့အားလုံးဟာ အမေရိကန် မွေးထားတဲ့ လက်ရွေးစင်
ဝါဒဖြန့်ချိရေးသမားတွေ ချည်းပါပဲ။ ဆိုးရော့စ်ဟာ အမေရိကန်ရဲ့
ပေါ်လစီဖန်တီးသူတွေ ၊ ဝါဒဖြန့်ချိသူတွေ၊ စီအိုင်အေ၊ NED လို အဖွဲ့တွေနဲ့
နီးနီးကပ်ကပ်လက်တွဲ အလုပ်လုပ်သူဖြစ်ပါတယ်။
အထက်မှာ ပြောခဲ့သလိုပဲ ဆိုးရော့စ်ဟာ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးကို
ဖျက်စီးပြီး သူ့အတွက် ဒေါ်လာ သန်းထောင်ချီ အမြတ်ထွက်အောင် လုပ်တတ်သလို
အမေရိကန်သမ္မတလောင်းအပါအဝင် ကမ္ဘာတဝန်းက တော်လှန်ရေးသမား၊
နိုင်ငံရေသမားတွေကို ဒေါ်လာ သန်းချီပေးဝယ်တတ်သူတယောက်လည်း ဖြစ်ပါတယ်။
ဒီလို ငွေပုံပေါ်ထိုင်ပြီး နိုင်ငံရေးသမားတွေကို ခိုင်းစားတတ်တဲ့ ဆိုးရော့စ်
အတွက်တော့ ဗမာပြည်က နိုင်ငံရေးသမားတွေဟာ သိပ်ဈေးချိုပါလား၊
သိပ်အရတော်လှပါလားလို့ တွေးနေမှာ ဧကန်ဖြစ်ပါတယ်။
အဆုံးသတ်အနေနဲ့ ဆိုးရော့စ် ဘယ်လိုလူလဲ ဆိုတာ ထင်ထင်ရှားရှား မြင်သာအောင်
သူပြောတဲ့ စကားတခွန်းကို ကိုးကားချင်ပါတယ်။ "ရှေးတုန်းက ရောမခေတ်မှာ
ရိုမန်တွေပဲ မဲပေးခွင့်ရတယ်။ အဲဒါဟာ ရောမခေတ်ဒီမိုကရေစီပဲ။ ဒီနေ့ ဂလိုဘယ်
အရင်းရှင်ခေတ်မှာတော့ တကမ္ဘာလုံး အတွက် အမေရိကန်တွေပဲ မဲပေးခွင့်ရတယ်။
အဲဒါဟာ ဒီနေ့ခေတ် ဒီမိုကရေစီပဲ" လို့ ဆိုးရော့စ် ပြောတဲ့စကားဟာ ဆိုးရော့စ်
ဘယ်လိုလူဆိုတာကို အကောင်းဆုံး သရုပ်ဖော်နိုင်တဲ့စကားဖြစ်ပါလိမ့်မယ်။
(နောက်တပိုင်းမှာ NED အကြောင်းရေးပါမယ်။)
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
(မူရင်းသတ်ပုံအတိုင်း Zaw Win ဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြသည်။)

No comments:
Post a Comment