၆၇နှစ်မြောက် ပြည်ထောင်စုနေ့
အထိမ်းအမှတ်အဖြစ် တိုင်းရင်းသား လူမျိုးစုများ၏ ဈေးရောင်း ပွဲတော်ကို
မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၉ရက်မှ ၁၁ရက်အထိ ပြုလုပ်မည်ဟု
ပွဲတော်ကျင်းပရေး ကော်မတီ တာဝန်ခံ မယဉ်ယဉ်အေးက ပြောသည်။
ထိုဈေးရောင်းပွဲတော်ကို တိုင်းရင်းသား လူမျိုးစု အသင်းအဖွဲ့ ၁၅ ခုက
ပူးပေါင်း၍ မန္တလေးမြို့ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းတွင်
ဖေဖော်ဝါရီလ ၁၂ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်
ပြုလုပ်မည်ဖြစ်သည်။
ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကချင်၊ ကယန်း၊ ကရင်၊ ကိုးကန့်၊ ချင်း၊ တအောင်း(ပလောင်)၊ ပအိုဝ်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ရှမ်းနီ၊ ဝ ၊ အင်းသားစသော တိုင်းရင်းသား လူမျိုးစုများ၏ ဒေသ ထွက်ကုန်များ၊ ရိုးရာအသုံးအဆောင်၊ ရိုးရာ အစားအစာများကို ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်သည်။
“တိုင်းရင်းသားလူမျိုးစုတွေက ကိုယ့်ရိုးရာအစားအစာကိုပဲ ရိုးရာမပျက် ရောင်းရပါတယ်။ ရှမ်းဆိုလည်း ရှမ်းပြည်ကလာတဲ့ တကယ့်ရိုးရာအစားအစာ၊ ထွက်ကုန်တွေကိုပဲ ရောင်းချခွင့်ပြုပါတယ်။ ရိုးရာမဟုတ်တဲ့ အစားအစာမျိုးကို ပွဲမှာ ရောင်းချခွင့် မပြုပါဘူး” ဟု ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ခံ မယဉ်ယဉ်အေးက ပြောသည်။
ဈေးရောင်းပွဲတော်ကို နံနက် ၉နာရီမှ ည ၁၁နာရီအထိ ရောင်းချသွားမည်ဖြစ်ပြီး ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ
ပြည်ထောင်စုနွယ်ဖွား တိုင်းရင်းသားလူမျိုးစုများ၏ ယဉ်ကျေးမှုအက ပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်သည်။
တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဈေးရောင်းပွဲကို ပြည်ထောင်စုနေ့တွင် ကျင်းပရာ ယခုတစ်ကြိမ်သည် စတုတ္ထအကြိမ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်က ဒုတိယအကြိမ်ကျင်းပခဲ့သည့် ဈေးရောင်းပွဲတော်တွင် တိုင်းရင်းသားမျိုးနွယ်စု ၁၁ ဖွဲ့သာပါဝင်ခဲ့သည်။
Mizzima
No comments:
Post a Comment