၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံရာမှာ လူမျိုးနေရာမှာ ဖြေကြားသူရဲ့
ဖြေကြားချက်အတိုင်း ထည့်သွင်းသွားမှာ ဖြစ်တယ်လို့ ပြည်သူ့အင်အား ဦးစီးဌာနက
ပြောပါတယ်။ သန်းခေါင်စာရင်း ကောက်ယူရင် တိုင်းရင်းသား လူမျိုးစုတွေ အကြား
စည်းလုံးညီညွှတ်မှုကို ထိခိုက်လာနိုင်တဲ့ စိုးရိမ်ပူပန်မှုတွေ
တိုင်းရင်းသားခေါင်းဆောင်တွေ အကြား ရှိနေတဲ့ အတွက် နိုင်ငံတကာ နည်းပညာ
အကြံပေးအဖွဲ့အနေနဲ့ ဘယ်လို လုပ်ဆောင်ဖို့ ရှိသလဲ ဆိုတဲ့ ဒီဗွီဘီရဲ့
မေးခွန်းနဲ့ ပတ်သက်ပြီး ပြည်သူ့အင်အား ဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ
ညီညီက အခုလို ဖြေဆိုခဲ့တာပါ။
“သန်းခေါင်စာရင်း သဘော သဘာဝကတော့ မြန်မာနိုင်ငံမှာ လူဦးရေ
ဘယ်လောက်ရှိသလဲ။ အသက်အပိုင်းအခြားအလိုက် ဘယ်လိုရှိသလဲ။ ပညာရေး အနေအထားတွေ
ဘယ်လို ရှိသလဲ ဒါတွေကို သိပြီးတော့မှ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး
ကိစ္စတွေမှာ အသုံးချဖို့ဖြစ်ပါတယ်။ စာရင်းကောက် ဆရာ၊ ဆရာမ မေးတဲ့အခါမှာ
ဖြေကြားသူက ဖြေကြားတဲ့အတိုင်းပဲ ချပြီးရေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်
သန်းခေါင်းစာရင်းက တိုင်းရင်းသားတွေ ခွဲခြားဖို့ မရည်ရွယ်ပါဘူး။
သန်းခေါင်စာရင်းရဲ့ သဘောသဘာဝက လူဦးရေ ဘယ်လောက်ရှိသလဲဆိုတာ အဓိကထားမှာ
ဖြစ်ပါတယ်။ သူတို့ရဲ့ ဖြေကြားတဲ့အတိုင်း စာရင်းဇယားကို
ထုတ်ပြန်မှာဖြစ်ပါတယ်။”
သန်းခေါင်စာရင်း ကောက်ယူရာမှာ မြန်မာနိုင်ငံ ဘယ်နေရာမှာ
ဘယ်လိုလူမျိုးတွေ နေထိုင်သလဲ ဆိုတာ သိနိုင်ဖို့ အတွက် လူမျိုးနဲ့ ပတ်သက်တဲ့
မေးခွန်းတခု ပါရှိပါတယ်။
သန်းခေါင်စာရင်းဟာ မြန်မာနိုင်ငံမှာ လူဦးရေ ဘယ်လောက်ရှိသလဲ
အသက်အပိုင်းအခြား အလိုက် ဘယ်လိုရှိသလဲ ပညာရေး အနေအထားတွေ ဘယ်လို ရှိသလဲ
ဆိုတာကို သိရှိပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ အသုံးချဖို့
ဖြစ်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၃၀ ကတည်းက သန်းခေါင်စာရင်း
မကောက်လာခဲ့တဲ့ အတွက် တိုင်းပြည်မှာရှိတဲ့ လူဦးရေ အရွယ်အစားကို
ပြောပြဖို့ရာ ခဲယဉ်းနေသလို ကောက်ခံရတဲ့ ရည်ရွယ် ချက်က တိုင်းပြည်ရဲ့
လူဦးရေနဲ့ ဖွဲ့စည်းပုံကို သိဖို့ဖြစ်တယ်လို့ ကုလသမဂ လူဦးရေဆိုင်ရာ
ငွေကြေး ရန်ပုံငွေအဖွဲ့က မစ္စတာ Werner Haugက ပြောပါတယ်။
နိုင်ငံတကာ စံနှုန်းနဲ့ လူ့အခွင့်အရေးတွေနဲ့ အညီ မေးခွန်းဖြေဆိုရာမှာ
ကိုယ့်ကိုယ်တိုင် ဖွင့်ပြ ပြောဆိုနိုင်တဲ့ မေးခွန်းလုပ်ထားတဲ့ အတွက်
ဖြေကြားသူက မိမိဘယ်အုပ်စု ဘယ်လူမျိုးစုမှာ ပါတယ်ဆိုတာကို
ပွင့်ပွင့်လင်းလင်း ပြောလို့ရသလို ရရှိလာတဲ့ အချက်အလက်တွေကို ပွင့်လင်း
မြင်သာအောင် လုပ်ဆောင်ထားပေးမှာ ဖြစ်တဲ့အတွက် နိုင်ငံတော် အစိုးရက
တိုင်းရင်းသား ဒေသတွေမှာ ဘယ်လို ရင်းနှီးမြှုပ်နှံမှုမျိုးလုပ်ရမလဲဆိုတာကို
စဉ်းစားနိုင်မှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
သန်းခေါင်းစာရင်းကောက်ခံရာမှာ နိုင်ငံအတွင်း ရှိနေတဲ့ လူဦးရေ စာရင်းကို
သိရဖို့အတွက် ကောက်ခံတာဖြစ်ပြီး နိုင်ငံခြားရောက်နေတဲ့
မြန်မာနိုင်ငံသားများကို ထည့်သွင်းကောက်ခံသွားမှာ မဟုတ်တဲ့အကြောင်း ဒေါက်တာ
ညီညီက ပြောပါတယ်။
“ပြည်တွင်းမှာ ရှိတဲ့ လူတွေကိုပဲ ကောက်တာဖြစ်ပါတယ်။ ဒါမှသာ ဘယ်သူတွေက
ဘယ်နေရာမှာ ရှိပြီးတော့ ဘယ်လို ပံ့ပိုးကူညီရမလဲဆိုတာ သိဖို့ ကောက်တာ
ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ကိုယ့်နိုင်ငံတွင်းမှာရှိတဲ့ လူကိုပဲ
စာရင်းကောက်တာ ထုံးစံ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားမှာ ရောက်နေတဲ့
လူတွေကိုတော့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကောက်မယ့် သန်းခေါင်စာရင်းမှာ
နိုင်ငံခြားမှာ ရောက်နေတဲ့ နိုင်ငံသားများကို ကောက်ဖို့ မရှိပါဘူး။
စာရင်းကောက်မှာက နိုင်ငံခြားမှာ သွားရောက် တာဝန်ထမ်းဆောင်နေတဲ့သူများ၊
တရားဝင် ပညာသင်ကြားနေတဲ့ သူများကို သက်ဆိုင်ရာ နိုင်ငံတွေမှာ ရှိတဲ့
သံရုံးက ကောက်မှာပါ။ တရားမ၀င်သွားရောက်နေတဲ့ မြန်မာနိုင်ငံသားမှာကို
ကောက်မှာမဟုတ်ပါဘူး။”
ဒါအပြင် သန်းခေါင်စာရင်း ကောက်ယူရာမှာ ရခိုင်ပြည်နယ်မှာ အငြင်းပွားနေတဲ့
ရိုဟင်ဂျာနဲ့ ဘင်္ဂါလီ အသုံးအနှုန်းကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ အမေးကို
ဒေါက်တာ ညီညီ က အခုလို ရှင်းပြပါတယ်။
“ရိုဟင်ဂျာဆိုတဲ့ ပြဿနာက မကြာသေးခင်ကမှ ပေါ်လာတာပါ။ ကျနော်တို့
သန်းခေါင်းစာရင်း က နှစ်ပေါင်း များစွာ ကောက်လာတာပါ။ နှစ်ပေါင်း ၃၀
မကောက်ခဲ့ဘူးဆိုပေမယ့်လည်း လွတ်လပ်ရေးမရခင် ခေတ်မှာလည်း သန်းခေါင်းစာရင်း
ကောက်ခဲ့ပါတယ်။ ၁၉၇၃၊ ၈၃ မှာလည်း သန်းခေါင်းစာရင်း ကောက်ခဲ့ပါတယ်။
ကောက်ခဲ့တဲ့ သန်းခေါင်းစာရင်းမှာ ဖြေတဲ့သူက ဖြေတဲ့အတိုင်း
ရေးသွင်းခဲ့တာဖြစ်ပါတယ်။ အခုကောက်တဲ့ သန်းခေါင်းစာရင်း မှာလည်း ဖြေကြားသူက
ဘယ်လိုပဲဖြေဖြေ သူတို့ ဖြေကြားတဲ့အတိုင်းပဲ ရေးသွင်းမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ဘယ်တိုင်းရင်းသားမဆို သူတို့
ဖြေကြားတဲ့အတိုင်းပဲ ရေးသွင်းမှာဖြစ်ပါတယ်။”
သန်းခေါင်စာရင်းဟာ မြန်မာနိုင်ငံ နယ်နမိတ်အတွင်းမှာရှိတဲ့ လူဦးရေ
စာရင်းကို ကောက်ခံတာ ဖြစ်ပြီး ပြည်သူတွေအကြား အိမ်ထောင်စု စာရင်းနဲ့
ရောထွေးတာတွေ ဖြစ်နေတယ်လို့ ဒေါက်တာ ညီညီက ပြောပါတယ်။
နေပြည်တော် မင်္ဂလာသိရီဟိုတယ်မှာ မြန်မာနိုင်ငံအတွင်း တတိယအကြိမ်မြောက်
နိုင်ငံတကာ နည်းပညာ အကြံပေး ဘုတ်အဖွဲ့ရဲ့ ၂၀၁၄ လူဦးရေနဲ့ အိမ်ထောင်စု
သန်းခေါင်စာရင်း ကောက်ခံမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို ဇန်န၀ါရီ ၂၂ မှ ၂၅
နေ့အထိ ကျင်းပနေပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ ဒီကနေမှာ သတင်းစာရှင်းလင်းပွဲ
ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
DVB

No comments:
Post a Comment