နေပြည်တော်၊ ဇန်နဝါရီ ။ ။ အာဇာနည်ကုန်းတွင် လုပ်ကြံခံခဲ့ရသည့်
တောင်ကိုရီးယားနိုင်ငံ နိုင်ငံအကြီးအကဲများ၏ အထိမ်းအမှတ် အဆောက်အဦး
ဆောက်လုပ်ရန် မြန်မာနှင့်တောင်ကိုရီးယားနိုင်ငံအစိုးရတို့အ
ကြားဆောင်ရွက်နေမှုနှင့်ပတ်သက်၍ အာဇာနည် မိသားစုဝင်အချို့က သဘောမတူကြောင်း
ထုတ်ဖော် ပြောကြားလိုက်ကြသည်။
၁၉၈၃ခုနှစ် အောက်တိုဘာလ ၉ ရက်က အာဇာနည်ကုန်းတွင် မြန်မာ့အာဇာနည်ခေါင်း
ဆောင်ကြီးများအား ဂါရဝပြုရန် ရောက်ရှိစဉ် တောင်ကိုရီးယားသမ္မတကို
မြောက်ကိုရီးယားနိုင်ငံမှ လုပ်ကြံ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာမှ
ကျဆုံးခဲ့သည့် တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးအပါအဝင် ဝန်ကြီး
လေးဦး၊သံအမတ်တစ်ဦးတို့အပါအဝင် တောင်ကိုရီးယားနိုင်ငံသား၁၇ဦးကို
အထိမ်းအမှတ်အဆောက်အဦး တည်ဆောက်ရန် ဆောင်ရွက်လျှက်ရှိသည့် အပေါ်
အာဇာနည်ဝင်မိသားစုများက ၄င်းတို့၏သဘောထားများကို ထုတ်ဖော်ပြောကြားကြခြင်း
ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က’’ဘယ်လိုပုံစံနဲ့
ဘယ်နေရာမှာ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲလို့မေးထား တယ်။သူတို့ ဖက်ကိုလည်း
နားလည်တယ်။ ဘာပဲပြောပြော။ သူတို့ရဲ့ ခေါင်းဆောင်ကျဆုံးသွားတဲ့ နေရာဆိုတော့
သူတို့ အထိမ်း အမှတ်လုပ်ချင်တာမျိုး ကျွန်မနားလည်တယ်။
ကျွန်မတို့ပြည်သူတွေပြောတာလဲ ကျွန်မဖတ်ရတယ်။ ဒီလို အထိမ်းအမှတ်တစ်ခုခုတော့
သဘောတူတယ်။ ဒါပေမယ့် ကျွန်မက အာဇာနည်ကုန်းထဲထည့်ထား တာတော့
သဘောမတူဘူး။သူတို့ အထိမ်း အမှတ် လုပ်ချင်တယ် ဆိုတာတော့ ကျွန်မ
ကန့်ကွက်စရာမရှိဘူး။ ဘယ်လိုနေရာမှာ ဘယ်လိုပုံစံနဲ့
လုပ်မယ်ဆိုတာတော့နှစ်ဖက်လက်ခံနိုင်အောင် လုပ်ဖို့ သိပ်အရေးကြီးတယ်လို့
ထင်တယ်။ နှစ်ဖက်ဆိုတာ အစိုးရ ကိုပဲ ပြောတာမဟုတ်ဘူးနော်၊ ကျွန်မတို့
ပြည်သူတွေက လက်ခံရမယ်၊ သူတို့ ပြည်သူတွေလဲ လက်ခံရမယ်၊ ပြည်သူ
နှစ်ဖက်ကြားမှာ ဒါဟာသင့်တော်တယ်ဆိုပြီးတော့ လက်ခံတယ်ဆိုတဲ့ အခြေအနေမျိုး
ဖြစ်စေချင်တယ်’’ဟုပြောသည်။
အာဇာနည် မန်းဘခိုင်သမီးဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်မှ အာဇာနည်ကုန်းသည်
လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သည့် အာဇာနည်များကို ဂါရဝပြုရန် ထားရှိသည့်
နေရာဖြစ်ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးအရ မည်သည့် သဘောတူညီချက်ရှိ
သည်ကို မသိသော်လည်း အစိုးရကသာ စဉ်းစားဆုံးဖြတ်ရမည်ဖြစ်ပြီး ၄င်းတို့၏
ပုဂ္ဂိုလ်ရေးနှင့် မသက်ဆိုင်ဟုထင်မြင်ကြောင်းဆိုသည်။
အာဇာနည် ဦးရာဇတ်၏သားဖြစ်သူ ဦးတင်မြင့်က’’အာဇာနည်ဗိမာန်ကို အဟောင်းကနေ အသစ်ပြန် ဆောက်တုန်းကတောင် အာဇာနည်
တွေနဲ့အတူ
ထားတဲ့ ဗိုလ်မှူးနှစ်ယောက်ကိုတောင် အသစ်မှာ မထားတော့တာ ဒီနှစ်ဦးကိုတောင်
အာဇာနည်လို့ မသတ်မှတ်တော့ဘဲ နိုင်ငံခြားက လူတွေကို အာဇာနည်ကုန်းမှာ
ထားဖို့ဆိုတာကို သက်ဆိုင်ရာကလူတွေ စဉ်းစားဖို့လိုတယ်’’ ဟုပြောသည်။
၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယား သမ္မတ
ချန်ဒူးဝှန် အား ရည်ရွယ်၍ မြောက်ကိုရီးယား အကြမ်းဖက်သမားများက
ဗုံးခွဲတိုက်ခိုက်ခဲ့ရာပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့်
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးအပါအဝင်
ဝန်ကြီးလေးဦး၊သံအမတ်ကြီးတစ်ဦးအပါအဝင် တောင်ကိုရီးယား၁၇ဦးသေဆုံးခဲ့ပြီး
မြန်မာ သတင်း ထောက် အချို့ သေဆုံးခဲ့ရသည်။ စုစုပေါင်း
သေဆုံးသူ(၂၁)ဦးရှိခဲ့သည်။
အဆိုပါကျဆုံးခဲ့မှုနှင့်ပတ်သက်၍ ၂ဝ၁၂ခုနှစ်အောက်တိုဘာ(၁၁)ရက်
ကြာသာပတေးနေ့ထုတ် တောင်ကိုရီးယား Chosun Ilbo သတင်းစာ မျက်နှာဖုံးတွင်
ခန္ဓာကိုယ် ရုပ်ပျက်ဆင်းပျက်၊ သွေးသံတရဲရဲဖြင့် ဂူဗိမာန်၏
အကျိုးအပဲ့များအကြား အလဲလဲအပြိုပြိုဖြစ်နေပုံနှင့် သံရုံး ဝန်ထမ်းတစ်ဦးက
အော်ဟစ်နေပုံကို ဖော်ပြခဲ့ဖူးသည်။
အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ မြောက်ကိုရီးယား ဗိုလ်မှူးတစ်ဦးနှင့်
ဗိုလ်ကြီး နှစ်ဦးဟု ယူဆရသည့် မသင်္ကာသူများကို မြန်မာရဲတပ်ဖွဲ့နှင့်
တပ်မတော်က ဖမ်းဆီးနိုင်ခဲ့သည်။
ထိုဗုံးဖောက်ခွဲမှုမှစ၍ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့်
သံတမန် ဆက်ဆံရေး ဖြတ်တောက် ခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင်မှ မြောက်ကိုရီးယားနှင့်
သံတမန်ဆက်ဆံရေးပြန်လည်စတင်ခဲ့သည်။
Mizzima

No comments:
Post a Comment