“ဒီဟာပဲဆိုရင်တော့ အဆင်မပြေပါဘူး”
လိုင်စင်ရငွေချေးလုပ်ငန်းတစ်ခုရှိ
ရင်စို့ခန့်မြင့်သည့်ကောင်တာပေါ်သို့လာတင်သည့် ခပ်လတ်လတ်အင်္ကျီနှစ်ထည်နှင့်
ပုဆိုးကိုကြည့်၍ ကောင်တာအတွင်းထိုင်နေသည့်
အပေါင်ဆိုင်ပိုင်ရှင်ကလှမ်းပြောသည်။
“ဒီဟာ အဆင်မပြေဘူးလား”ဟု
အသက်လေးဆယ်ကျော်အရွယ် အမျိုးသားကြီးတစ်ဦးက အလောတကြီးဟန်ဖြင့်ပြောသော်လည်း
ဆိုင်ရှင်က ဦးခေါင်းယမ်းပြသည်။ တင်ထားသည့် အင်္ကျီနှင့်ပုဆိုးကို
အိတ်ထဲပြန်ထည့်၍ ဆိုင်အတွင်းမှ အဆိုပါအမျိုးသား စိတ်ပျက်လက်ပျက်ပုံစံဖြင့်
ပြန်ထွက်သွားသည်။
“ကျွန်မတို့က ပြန်ရောင်းလို့ရမယ့် အ၀တ်အစားတို့၊
ပုဆိုးတို့ အသစ်တွေကိုပဲလက်ခံတယ်။ ပြန်ရောင်းလို့မရရင်
ဒီမှာပဲသောင်တင်နေမှာလေ”ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ
ချမ်းသာအပေါင်ဆိုင်ပိုင်ရှင်အမျိုးသမီးက ပြောပြသည်။
အောက်ခြေလူတန်းစားအများစု
အရေးပေါ်ငွေရှာရာတွင် မှီခိုအားထားရာနေရာဖြစ်သည့် အပေါင်ဆိုင်များမှာ
မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းတွင်ရှိသည်။
အပေါင်ဆိုင်အများစုသည်
ရွှေထည်၊ စက်ဘီး၊ အိုးခွက်ပန်းကန်၊ ထီး၊ စတီးလ်ချိုင့်နှင့်
အိမ်သုံးလျှပ်စစ်ပစ္စည်းများကို အပေါင်ခံလေ့ရှိသည်။ ရွှေထည်ပစ္စည်းပေါင်ပါက
တစ်လလျှင်ကျပ်တစ်ရာကို သုံးကျပ်တိုးနှင့် အခြားပစ္စည်းများကို
တစ်ဆယ်တိုးဖြင့် အပေါင်ခံကြသည်။
“လလယ်လောက်ဆို အိမ်မှာ
ငွေပြတ်သွားတယ်။ အဲဒီကျတော့ အိမ်ကပစ္စည်းကို လုံခြုံစိတ်ချရတဲ့နေရာမှာ
သွားထားလိုက်တာပဲ။ လကုန်တော့ပြန်ရွေးပေါ့။ သွားလိုက်ပြန်လိုက်နဲ့ ဒီလိုပဲ
သံသရာလည်နေတာ”ဟု အသက်ငါးဆယ်အရွယ် ဒေါ်ခင်က ရယ်လျက်ပြောသည်။
စစ်အာဏာရှင်စနစ်မှ
ဒီမိုကရေစီစနစ်သို့ပြောင်းလဲခဲ့သော်လည်း သမ္မတဦးသိန်းစိန်အစိုးရလက်ထက်
သုံးနှစ်ပြည့်လုနီးသည့်တိုင် အခြေခံလူတန်းစားအများစုမှာ
ယခင်ကဲ့သို့ကျပ်တည်းနေဆဲဖြစ်သည်။ ထို့ကြောင့် ထိုသုံးနှစ်အတွင်း
အပေါင်ဆိုင်လုပ်ငန်းများ ပို၍ပင်ကောင်းလာသည်ဟု
အပေါင်ဆိုင်ဖွင့်ထားသူများကပြောသည်။ လွန်ခဲ့သည့်သုံးနှစ်မတိုင်ခင်ကနှင့်
နှိုင်းယှဉ်လျှင် လုပ်ငန်းမှ ၁၅ မှ ၂၀ ရာခိုင်နှုန်း ပိုကောင်းလာကြောင်း
သာကေတမြို့နယ်ရှိ အပေါင်ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။ တောင်ဒဂုံမှ
အပေါင်ဆိုင်ပိုင်ရှင်တစ်ဦးက ယခင်ထက် ၁၀ ရာခိုင်နှုန်း
အလုပ်ပိုကောင်းလာသည်ဟု ဆိုသည်။
ရန်ကုန်မြို့အတွင်းရှိ
အပေါင်ဆိုင်များမှာ မြို့နယ်ကွာခြားမှုပေါ်မူတည်၍ တစ်နေ့လျှင် လူ ၄၀ မှ
တစ်ရာခန့်အထိ နေ့စဉ်လာရောက်ပေါင်နှံလေ့ရှိကြောင်း ၎င်းတို့ကပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း
၂၀၁၂ - ၁၃ ဘဏ္ဍာနှစ်တွင် တရားဝင်ဖွင့်လှစ်ခွင့်ရရှိထားသော
အမိန့်ရပုဂ္ဂလိကငွေချေးလုပ်ငန်းပေါင်း သုံးရာနီးပါးရှိကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအခွန်ဌာနမှ သိရသည်။
ရန်ကုန်မြို့တွင်း
အပေါင်ဆိုင်လုပ်ငန်းများ အလုပ်ဖြစ်သောကြောင့် တစ်နှစ်ထက်တစ်နှစ်
အပေါင်ဆိုင်အရေအတွက် ပိုမိုများပြားလာကြောင်း
ရန်ကုန်စည်ပင်သာယာရေးကော်မတီမှ တရားဝင်စစ်တမ်းများအရ သိရရှိရသည်။
ရန်ကုန်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းတွင် ၂၀၀၉-၁၀ ဘဏ္ဍာနှစ်တွင်
လိုင်စင်ရအပေါင်ဆိုင် ၂၅၉ ဆိုင်သာရှိသောကြောင့် သုံးနှစ်အတွင်း
အပေါင်ဆိုင်ငါးဆယ်ကျော် တိုးလာခြင်းဖြစ်သည်။
အပေါင်ဆိုင်သို့
လူတန်းစားပေါင်းစုံ လာရောက်ပေါင်နှံလေ့ရှိကြပြီး ရွှေထည်နှင့်အ၀တ်အထည်ကို
အများဆုံးလာရောက်ပေါင်နှံလေ့ရှိကြကြောင်း အပေါင်ဆိုင်ပိုင်ရှင်များကဆိုသည်။
နောက်ပိုင်းတွင် အ၀တ်အထည်များ၊ ပါတိတ်စများကို
အများဆုံးလာရောက်ပေါင်နှံကြကြောင်း အင်းစိန်မြို့နယ်ရှိ
ပုဂ္ဂလိကငွေချေးလုပ်ငန်းပိုင်ရှင်တစ်ဦးကပြောသည်။
“ဈေးပေးတာကလည်း
အဆင်ပြေအောင်ပေးလိုက်တော့ ဆိုင်ဖွင့်တာ အချိန်ကြာလာတော့
ရင်းနှီးတဲ့လူတွေပိုများလာတယ်။ သူတို့လည်း မျက်နှာအပျက်မခံချင်ဘူးပေါ့။
ပြန်ရွေးကြတာများတယ်”ဟု ၎င်းကဆိုသည်။
အပေါင်ဆိုင်သို့ ရွှေအတုနှင့်
ခိုးရာပါပစ္စည်းများ လာရောက်ပေါင်နှံခြင်းကို ကာကွယ်သည့်အနေဖြင့်
ရွှေထည်ပစ္စည်း လာရောက်ပေါင်နှံသူအား နိုင်ငံသားစိစစ်ရေးကတ်ပြားကိုပါ
တစ်ပါတည်းယူဆောင်လာစေသည်။ အဓိကအားဖြင့် လာရောက်ပေါင်နှံသူ၏
ပုံပန်းသဏ္ဍာန်ကိုကြည့်၍ အပေါင်ပစ္စည်းကို လက်ခံလေ့ရှိကြကြောင်း
အပေါင်ဆိုင်ပိုင်ရှင်များကဆိုသည်။
အပေါင်ဆိုင်ကောင်တာများ၏နံရံတွင် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများ၏ နယ်ထိန်းဖုန်းနံပါတ်များကိုလည်း ကပ်ထားလေ့ရှိသည်ကိုတွေ့ရသည်။
“အခြားရပ်ကွက်က
ကောင်လေးတစ်ယောက်ပါ။ ဘောလုံးပွဲလောင်းဖို့ အရေးပေါ်လိုလို့ဆိုပြီး
သူ့စက်ဘီးကို လာပေါင်သွားတယ်။ မနက်လင်းတော့
စက်ဘီးပျောက်တိုင်တာရှိတယ်ဆိုပြီး အပေါင်ဆိုင်မှာလာစစ်တော့ မနေ့ညက
လာပေါင်ထားတဲ့စက်ဘီး ဖြစ်နေတယ်။ စက်ဘီးခိုးတဲ့လူကို ဖမ်းမိပေမယ့်
စက်ဘီးကိုပါ ခိုးရာပါပစ္စည်းမို့လို့ သိမ်းသွားတယ်”ဟု
သာကေတမြို့နယ်(၁)ဈေးရှိ အပေါင်ဆိုင်ပိုင်ရှင်က သူ့အတွေ့အကြုံကို ပြောပြသည်။
မြန်မာနိုင်ငံ၏
စီးပွားရေးအချက်အချာမြို့ဖြစ်သော ရန်ကုန်မြို့ရှိ နေထိုင်သူဦးရေမှာ
လက်ရှိတွင် ခန့်မှန်းခြေ ခြောက်သန်းဝန်းကျင်ရှိပြီး နိုင်ငံတစ်ဝန်းမှ
နယ်မြေသစ်တွင် အလုပ်အကိုင်ရှာဖွေရန် လာရောက်သူများ
နေ့စဉ်နှင့်အမျှတိုးနေသည်။
နှစ်အနည်းငယ်အတွင်း ရန်ကုန်မြို့နေ
လူဦးရေအရေအတွက် ရုတ်ခြည်းတိုးလာသော်လည်း စီးပွားရေးမကောင်းသဖြင့်
အလုပ်အကိုင်ရှားပါးလာခြင်း၊ အခြေခံလုပ်ခလစာနည်းပါးခြင်း၊
လုပ်သားပေါများခြင်းတို့ကြောင့် အလုပ်ရှင်အချို့၏
လုပ်ခလစာအနည်းဆုံးပေးရသည့် ၀န်ထမ်းများကို လဲလှယ်အသုံးပြုသဖြင့်
လခစားဝန်ထမ်းနည်းပါးကာ နေ့စားဝန်ထမ်းပေါများလာခြင်းကြောင့်
မြို့နေလူတန်းစားအများစုမှာ အကျပ်အတည်းပေါင်းစုံနှင့်ရင်ဆိုင်လာရသည်။
“အရင်က
တစ်လကိုးသောင်းပေးပေမယ့် လုပ်ငန်းမကောင်းလို့ဆိုပြီး ခြောက်သောင်းပဲ
ပေးတော့တယ်။ မကျေနပ်ရင်ထွက်တဲ့။ ကိုယ်မလုပ်လည်း နောက်မှာ ခြောက်သောင်းရရင်
လုပ်မယ့်သူတွေက တန်းစီနေတော့ အခြားအလုပ်တစ်ခုမရမချင်း
သည်းခံပြီးလုပ်နေရတယ်”ဟု သာကေတမြို့နယ်အတွင်းရှိ အထည်ချုပ်လုပ်ငန်းတစ်ခုမှ
အလုပ်သမားတစ်ဦးကပြောသည်။
စားဝတ်နေရေးကျပ်တည်းလာမှုကြောင့်
မိမိအရေးပေါ်လိုအပ်သော ငွေကြေးပမာဏကို အလွယ်တကူရရှိရန် ထွက်ပေါက်အနေဖြင့်
ရှာဖွေစုံစမ်းကြရာမှ ပစ္စည်းတစ်စုံတစ်ရာခေတ္တအပ်နှံကာ မိမိလိုအပ်သော
ငွေကြေးပမာဏကို အလွယ်တကူထုတ်ယူရရှိနိုင်သည့် အပေါင်ဆိုင်ဟူသောနေရာများမှာ
၎င်းတို့အတွက် အားကိုးအားထားရာနေရာတစ်ခု ဖြစ်လာသည်။
“အရေးပေါ်နေမကောင်းဖြစ်တာတို့
ငွေလိုတာတို့ဆိုရင် ကိုယ်အရင်ကလုပ်ထားတဲ့ ရွှေထည်ပစ္စည်းတစ်ခုခုကို
သွားပေါင်လိုက်တာပဲ။ ၀န်ထမ်းဆိုတော့ စုမိဆောင်းမိတယ်လို့မရှိပါဘူး။
လကုန်ရင်တော့ လစာထဲကဖဲ့ပြီး ပြန်ရွေးပေါ့”ဟု အစိုးရရုံးတစ်ခုတွင်
အလုပ်လုပ်ကိုင်နေသည့် ၀န်ထမ်းဒေါ်တင်တင်မိုးကပြောသည်။
အပေါင်ဆိုင်လုပ်ငန်းမှာ
အရင်းအနှီးနည်းပြီး သေချာပေါက်အကျိုးအမြတ်ရရှိမည့် လုပ်ငန်းဖြစ်ပြီး
အခြေခံလူတန်းစားများ၏ အားထားရာတစ်ခုဖြစ်လာသောကြောင့်
စီးပွားရေးအမြင်ရှိသည့် လုပ်ငန်းရှင်များမှာ
သာမန်လိုင်စင်ရအပေါင်ဆိုင်များထက် နှစ်ဆခန့်ပိုမိုသော
အတိုးနှုန်းထားများဖြင့် ရန်ကုန်မြို့ရှိ အောက်ခြေ၀န်ထမ်းများနှင့်
လက်လုပ်လက်စား အလုပ်သမားအများစု နေထိုင်သည့် ရပ်ကွက်များတွင်
တရားမ၀င်အပေါင်ဆိုင်များ လာရောက်ဖွင့်လှစ်လုပ်ကိုင်ကြသူများလည်း ရှိသည်။
တရားမ၀င်အပေါင်ဆိုင်လုပ်ငန်းအများစုမှာ အမြတ်အစွန်းအများအပြားရရှိရန်
သာမန်လက်လုပ်လက်စားများနှင့် အခြေခံဝန်ထမ်းများအား အဓိကပစ်မှတ်ထားကာ
၎င်းတို့နှင့်အနီးစပ်ဆုံးနေရာများတွင် မြင့်မားသော အတိုးနှုန်းများ သတ်မှတ်ကာ
လုပ်ငန်းလုပ်ကိုင်လာကြသည်။
“အမေပေးခဲ့တဲ့
နောက်ဆုံးအမွေပစ္စည်းဖြစ်တဲ့ ရွှေလက်ကောက်သုံးကွင်းပါ။
စားဖို့အသုံးစားရိတ်ပြတ်သွားလို့ ရပ်ကွက်ထဲက အပေါင်ဆိုင်မှာ
သွားပေါင်လိုက်တာ ရှစ်လလောက်ကြာပြီး ပြန်ရွေးဖို့လုပ်တော့
အမေပေါင်တုန်းကရတဲ့ဈေးထက် အများကြီးပိုပေးရမယ်လို့ပြောတယ်။
သူတို့ပြောတဲ့ဈေးကို မပေးနိုင်လို့ အမေ့အမွေပစ္စည်းလေး အဆုံးခံလိုက်ရတယ်”ဟု
၎င်းမိခင်ပေးခဲ့သည့် အမွေပစ္စည်းဆုံးရှုံးသွားသည့် အသက် ၇၀ ခန့်အရွယ်ရှိသော
အမေအိုတစ်ဦးက ၀မ်းနည်းစွာဖြင့်ပြောသည်။
သမ္မတဦးသိန်းစိန်၏အစိုးရက
လက်ကျန်ကာလတွင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးရန် အာရုံစိုက်မည်ဟု
ပြောထားသည်။ မည်မျှစွမ်းဆောင်ပြနိုင်မလဲဆိုသည်က
အခြေခံလူတန်းစားများ၏ဘ၀များနှင့် တိုက်ရိုက်အချိုးကျနေသည်။
ရန်ကုန်မြို့တွင်
အခြေခံလူတန်းစားများ၏ စားဝတ်နေရေး အဆင်မပြေနိုင်သည့်အခြေအနေကို
မဖြေရှင်းနိုင်သရွေ့ လတ်တလောဖြေရှင်းနိုင်မည့် အရေးပေါ်ထွက်ပေါက်ဖြစ်သည့်
အပေါင်ဆိုင်များသို့ အခြေခံလူတန်းစားများသာမက အလယ်အလတ်တန်းစား
လူတန်းစားများပါ အားကိုးအားထားရာ နေရာတစ်ခုဖြစ်နေဦးမည်ဖြစ်သည်။
ရေးသားသူ- ဇွဲမာန်၊ ဇော်မျိုးလှိုင်
7Day News Journal
No comments:
Post a Comment