Friday, January 10, 2014

လူရွှင်တော်ဖြစ်ရတဲ့ ဒုက္ခ

အတိတ်ဘဝက ပေးတဲ့ရုပ်၊ အတိတ် ဘဝက ပေးတဲ့ကံ၊ ပင်ကို မူလဝါသနာနဲ့ ပေါင်းစပ် လိုက်မိတော့ လူရွှင်တော်ပေါ့။ တချို့က ပြောကြပါတယ်။ ငယ်ငယ်လေးထဲက ကလေးတွေရဲ့ အပြုအမူ၊ နေထိုင်မှုက ကစားမှုပေါ်မှာ မူတည်တယ်လို့လည်း ဆိုကြပါတယ်။ ပြီးတော့ ရှိသေးတယ်။ ကျောင်းဆရာက မွေးရင် ကျောင်းဆရာ ဖြစ်မယ်၊ စစ်သားက မွေးရင် စစ်သား ဖြစ်မယ် စတဲ့ မျိုးရိုး လိုက်တယ် လို့လည်း ဆိုရိုးစကားတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မိဘက ကျောင်းအုပ် ဖြစ်တိုင်း၊ ကျောင်းဆရာ မဖြစ်သလို၊ သူခိုးက မွေးတိုင်းလည်း သူခိုး မဖြစ်လာပါဘူး။

ဟုတ်တယ်လေ တလောလေးက ဂျာနယ် တစ်စောင်မှာ ဗိုလ်ကြီးအဆင့်၊ ဗိုလ်မှူး အဆင့်တွေနဲ့ ရွှေဆိုင် ဝင်ပြီး ဓားပြတိုက်၊ ဘဏ်တွေ ဝင်စီးနဲ့ အလုပ်နဲ့ လုပ်ဆောင်ချက်တွေက တခြားဆီပါပဲ။ ဒီလိုပါပဲ ကျွန်တော် ဆိုရင်လည်း မူလ ပထမက ပန်းချီဆရာ ဖြစ်ချင်တာ။ ပန်းချီ ဝါသနာ ပါလွန်းလို့လည်း မူလတန်း အ.မ.က(၁ဝ) ချင်းချောင်းခြံ မှာ ကျောင်းတက်တော့ ဖတ်စာအုပ် မျက်နှာဖုံးတွေ၊ သူများ စာအုပ်တွေမှာ ပုံတွေ ဆွဲလို့ ဆရာ ဦးသန်းထွေးရဲ့ ကြိမ်လုံး၊ ပေတံ၊ ဘောဖျက်တွေနဲ့ မကြာခဏ မိတ်ဆက်ခဲ့ရဖူးပါတယ်။
အဲဒီကနေ အ.ထ.က(၂) ကြည့်မြင်တိုင် အထက်တန်းကျောင်း ရောက်ပြန်တော့လည်း ထို့နည်းတူပါ ပဲ အဲဒီကနေ ဘယ်လို ပြောင်းလွဲသွားတယ် မသိပါဘူး။ အရင်အခေါ် လူပြက်၊ နောက် လူရွှင်တော်၊ အဲ…ပြီးတော့ ဟာသ သရုပ်ဆောင်၊ ဇာတ်ပို့ ဇာတ်ရံလို့ ခေါ်ဝေါ် သတ်မှတ်ခြင်း ခံခဲ့ရပါ တယ်။
မအောင်မြင်ခင်၊ လူတွေမသိခင်မှာ သူများတကာရဲ့ ကျေးကျွန် ခိုင်းဖတ် ၊ ခြေကြို ခြေကြားထဲမှာ ငတ်တစ်လှည့်၊ မစားရ တစ်လှည့်နဲ့ ဒုက္ခမျိုးစုံ ရခဲ့ပါတယ်။ အငြိမ့်စင်ပေါ်က ကန်ချခြင်း ခံခဲ့ရတာမျိုးတို့၊ ခွန်းတောက် တစ်ပုဒ်ရဖို့ ကိုယ်ရတဲ့ အနုပညာကြေးထဲက လက်ဖက်ရည် ဝယ်တိုက်၊ နင်းနှိပ်ပေး ရတာမျိုးတို့ အဲ…ပြီးတော့ ရှိသေး။ အရင်က ကျွန်တော့်အဖေဘက်ကပေါ့ အဖေ့တူ တစ်ယောက်နေတဲ့ ဂွတ္တလစ် ဈေးနား၊ ဂျိုးဖြူပိုက်လိုင်းကြီး တွေလည်းရှိတယ်။ သူတို့အိမ်ကို ကျွန်တော် ရောက်သွားတယ်။ တစ်အောင့် တနား နေပြီးတော့ ထမင်းလည်း မကျွေးပါ ဘူး။
”အစ်ကို ကျွန်တော့်ကို ပိုက်ဆံ တစ်ကျပ်လောက်ချေးပါ။ ပြန်စရာ လမ်းစရိတ်မရှိလို့ပါ” သူက ဆေးပေါ့လိပ်ကြီး ဖွာကာ မသိကျိုးကျွန် ယောင်ဆောင်နေပါတယ်။ သူနဲ့ မလှမ်းမကမ်း မှာတော့ သူ့ အမျိုးသမီးက ဈေးရောင်းဖို့ ချက်ပြုတ် ပြင်ဆင်နေပါတယ်။ ”လုပ်ပါ အစ်ကို ကျွန်တော် ဗိုက်လည်း ဆာနေလို့ပါ။ ဆက်ဆက် ပြန်ပေးပါမယ်”
”မင်းအစ်မကို သွားပြောလေ”
”ဟာ… အစ်ကိုက သူ့ ယောက်ျားလေ..အိမ်ထောင်ဦးစီး လေ”
”ငါတောင် သူဆီက လက်ဝါး ဖြန့်တောင်းသုံးနေရတာကွ” အဲဒီအချိန်တုန်းက ရှစ်လေးလုံးကြီး ပြီးခါစ၊ ကျွန်တော် နေထိုင်ရာ ဟုမ်းလမ်း (ဘူတာဟုမ်းလမ်း) မဟုတ်ပါ။ ဒေါ်ရွှေလိပ်ပြာ ရပ်ကွက်ဆိုရင် လူတိုင်း ပိုသိပါတယ်။
အဲ…ခုနက ဟုမ်းလမ်းမှာ ရှိတဲ့ အိမ် ၁ဝလုံးကို အမြင်ကတ် ပုဒ်မနဲ့ ဖျက်ခိုင်းပြီး လှိုင်သာယာမြို့သစ်၊ လယ်ကွင်းထဲကို အပို့ခံရလို့ မိသားစုက လှိုင်သာယာ၊ ကျွန်တော်က အမျိုးတွေရှိတဲ့ အဖေ့ ရဲ့ညီအငယ်ဆုံးအိမ်မှာ ကပ်နေရတဲ့ ဘဝ။ ဘာဖြစ်လို့လဲဆိုတော့ အနု ပညာနဲ့ ပတ်သက်လို့ အလုပ် ရရှိဖို့ ဆိုတာက ရန်ကုန်မှာပဲ ဖြစ်နိုင်ချေ ရှိတာကိုး။
ဒီတော့ လှိုင်သာယာက နေပြီး သင်္ဘော တစ်တန်၊ ဇာတ်တစ်တန်၊ ကားတစ်တန်နဲ့ နေ့စဉ် မလာနိုင်ဘူးလေ။ ဒီတော့ ဦးလေး ဖြစ်သူကိုပဲ ခယပြောဆိုပြီး ကျော တစ်နေရာ တစ်ခင်းလေးရဖို့ ကပ်နေရတာပေါ့။
အဲ… အဲဒီတော့ ကျွန်တော့်အစ်ကို တစ်ဝမ်းကွဲဆီက အကူအညီ မရတော့ ဂွတ္တလစ်ကနေပြီး ဟုမ်းလမ်းကို ကုန်းကြောင်း လျှောက်ပြန်ခဲ့ရပါတယ်။ သည်ကြားထဲ မိုးက ရွာတော့ စီးလာတဲ့ သားရေ ဖိနပ်လေး ပြတ်သွားလို့ မိုးရေထဲမှာ မျက်ရည်တွေနဲ့ ရောပြီး ပြန်ခဲ့ရပါ တယ်။ ဟုမ်းလမ်းကနေပြီး ကြည့်မြင်တိုင် ညဈေးဘက်ကို ခြေဦးလှည့်ကာ ညဈေးတန်းက အထည်ဟောင်းတွေ ဝယ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အမေဒေါ်ချစ်ထံ ရောက်သွားပါတယ်။ ”ခုနစ်ကျပ်တော့ မလုပ်ပါနဲ့ဗျာ …နည်းနည်းတိုးပေးပါ။ ရောင်း နေကျဥစ္စာ”
”ဟဲ့ မတိုးပေးနိုင်ပါဘူး။ ငါမှာ ဆပ်ပြာဖိုး၊ မီးသွေးဖိုးတွေရှိသေးတယ်” ”ဗျာ…အင်္ကျီရောင်းတာနဲ့ မီးသွေးနဲ့ ဘာဆိုင်လို့လဲ”
”သေနာကောင်..နင်အင်္ကျီကို လျှော်ဖွပ်ပြီး မီးပူတိုက်ရဦးမယ်လေ။ ဒီအတိုင်း ပြန်ရောင်းလို့မှ မရတာ။ ကဲ မရောင်းရင်လည်း ဆိုင်ရှေ့က ဖယ်..လမ်းပိတ်တယ်..စောစော စီးစီး” ”ကဲ..ရောင်းမယ်ဗျာ။ ရော့” ကမန်းကတန်း ဝတ်ထားတဲ့ လယ်ကတုံးလေး ချွတ်ပေး လိုက်တယ်။ စွပ်ကြယ် လက်ပြတ်လေး တစ်ထည်ကျန် တော်ပြီပေါ့။ အထည်ဟောင်း ဝယ်တဲ့ ဒေါ်ချစ်က အင်္ကျီကို အပြန်ပြန် အလှန်လှန် စိတ်တိုင်းကျ ကြည့် ပြီးတော့မှ သူ့ရဲ့ချွေးခံ အင်္ကျီ ဘော်လီထဲက ပိုက်ဆံ ထုတ်ပေးရင်းနဲ့ ”နင့် အင်္ကျီကလည်းဟယ် နံလိုက်တဲ့ချွေးစော်”
”နံမှာပေါ့..ဂွတ္တလစ်ကနေပြီး ကုန်းကြောင်းပြန်ခဲ့ရတာကိုး”
”ဒါနဲ့ နင့်မိန်းမနဲ့ကလေးတွေ ရော နေကောင်းကြရဲ့လား”
”ကောင်း၊ မကောင်းတော့ အဆက်အသွယ် မရသေးပါဘူးဗျာ။ လှိုင်သာယာက လူကြုံရှိမှ မေးလို့ရတာ” ”ဟယ်..ဒါဆိုလည်း မိသားစု ဆီပြန်ပေါ့ဟဲ့”
”ပြန်လို့ မဖြစ်လို့ပေါ့ ဒေါ်ချစ်ရယ်။ ရန်ကုန်မှာ ရှာဖွေလို့ ရတာလေး တွေကို သူတို့ဆီ ပြန်ပြန် ပို့ပေးနေရတာ။ လှိုင်သာယာကဆို လမ်းစရိတ်က အဆင့်ဆင့်ရယ်။ ကဲ သွားပြီဗျာ” ဗိုက်လည်းဆာနေပြီ။ ဒေါ်ချစ်က ကျွန်တော့်ကို အဓိပ္ပာယ် တစ်မျိုးနဲ့ ကြည့်နေလေရဲ့။ တစ်လ ကျော်ကျော်လောက် ကျတော့ တစ်ရက်မှာ ဗီဒီယို ဇာတ်ကားလေး တစ်ကားမှာ Day နေ့စား ပါဝင်ခွင့် ရခဲ့ပါတယ်။ ရတဲ့အနုပညာငွေကြေးလေး မဖြစ်စလောက်ထဲက ခေါ်ယူ ဆက်သွယ်ပေးတဲ့ ရှုတင် မန်နေဂျာဆိုတဲ့ လူကြီးကို လက်ဖက်ရည်ဖိုး ပေးလိုက်ရတော့ ဘတ်ဂျက် နည်းနည်း ထိခိုက်သွားတယ်။ မှီခိုကပ်နေတဲ့ ဟုမ်းလမ်းအိမ် ကို ပြန်ဖို့ ကလည်း မှောင်စ ပျိုးနေပြီ။ ဒီကြားထဲ မိုးကလည်းအုံ့လာပြီ ဆိုတော့ ..
”အဒေါ် ကျွန်တော့်ကို တစ်ည လောက် အိပ်ခွင့်ပြုပါ” အဖေရဲ့အစ်မ ခုနက ဂွတ္တလစ် က အစ်ကိုဝမ်းကွဲရဲ့အမေဆီ ခွင့် တောင်းလိုက်တော့ ယောဂီဝတ်စုံနဲ့ အဒေါ်ဖြစ်သူက ကွမ်းတံတွေးကို ပြစ်ကနဲထွေးလိုက်ပြီး ”ထမင်းဟင်းတွေတော့ရှိတယ်။ စားချင်စားသွားလေ။ အိပ်လို့တော့ မရဘူး” ”အဒေါ် ကျွန်တော်ထမင်းမစား ပါဘူး။ တစ်ညလေးပဲ အိပ်ခွင့်ပြုပါ”
”ဟဲ့ နင်လူလို နားမလည်ဘူး လား။ ငါပြောတာ ရှင်းရှင်းလေး။ အိမ်မှာ ဧည့်သည် ရှိနေတယ်။ ညအိပ် ညနေ ခွင့်ပြုလို့ မရဘူး။ ဗေဒင်ဟောထားတယ်”
လှမ်းကြည့်လိုက်တော့ မမှောင့် တစ်မှောင် အခန်းထဲမှာ သူ့သမီးနဲ့ အသက်ခပ်ကြီးကြီး လူကြီးတစ်ယောက် ပွတ်သပ် ကြည်စယ်နေလေရဲ့။ အခုတော့ အဲဒီလူကြီးနဲ့ပဲ အိမ်ထောင် ကျသွားပြီလို့ ကြားရပါတယ်။
”သြော်..အဒေါ်ရယ် ကိုယ့်တူ လေး အရင်းခေါက်ခေါက်တော့ အိပ် ခွင့်မပြုနိုင်ဘူးတဲ့လား။ သူစိမ်းကျ တော့…” မိုးရေထဲမှာ ဆို့နင့်စွာ တွေးရင်း နဲ့ ကုန်းကြောင်း ဆက်လျှောက်လိုက်ပါတယ်။ အရေးထဲ ဖိနပ်က ထပ်ပြတ်ပြန်ပါပြီ။
လောကကြီးကပဲ အသုံးမကျတာလား။ ကျွန်တော်ကပဲ အသုံးမကျနေတာလား။ ဝေခွဲ မရတော့ပါ ဘူး။ မိုးရေထဲ လမ်းလျှောက်နေရင်းနဲ့ လှိုင်သာယာမှာ ရှိနေတဲ့ အိမ်မဆောက်နိုင်သေးလို့ ယာယီ တဲစုတ်လေးထဲက ဇနီးသည်နဲ့ ကလေးနှစ်ယောက်ရဲ့ မျက်နှာကို ပြေးမြင်ဖြစ်အောင် ပြေးမြင်ယောင် လိုက်ပါသေးတယ်။ စစ် အစိုးရဒဏ်၊ ဆွေမျိုးတွေရဲ့ ဒဏ်တွေကို အလူး အလဲ ခံလိုက်ရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်ကို ဦးစားပေး အိမ်ထောင်ပြုခဲ့တဲ့ ကျွန်တော်တို့ နှစ်ယောက်ကြောင့် ကြားထဲက မြေစာပင်လေး နှစ်ပင် ဒုက္ခရောက် ရရှာပြီပေါ့။
အင်း…ဟုမ်းလမ်း ရောက်ရင်လည်း တံခါးပိတ်ထားမှာ ကြိမ်းသေတယ်။ ဘာပဲဖြစ်ဖြစ် လှေကား အောက်ထစ်မှာပဲ ငုတ်တုတ် ငိုက်လိုက်တော့မယ်။ မကြာခဏ ထိုပုံစံမျိုးနဲ့ ငိုက်ခဲ့ရတာ နှစ်နဲ့ချီတော့မယ် ဥစ္စာ အဆန်းလုပ်လို့ ‘ပေ’ ဖြစ်တုန်းတော့ ခံရမှာပေါ့။ ခုဟာက ပေ ဘဝထက် ဆိုးတယ်။ ခြေဖဝါးအောက်က ဖိနပ်၊ ဖိနပ်တောင်မှ ဖိနပ်ရဲ့အောက်က သားရေ၊ တူတွေ၊တူမ တွေတောင် လမ်းတွေ့ရင် ရှောင်သွားကြတယ်။ ပိုက်ဆံချေးမှာ စိုးလို့လား။ တစ်ခုခု ဝယ်ကျွေးခိုင်းမှာ စိုးလို့လားတော့ မသိဘူး။ ဒီထက် မကတဲ့ ဘဝရဲ့အခက်အခဲတွေ များစွာ ရှိနေပါသေးတယ်။ ဟော အခုတော့ ပရိသတ် သိတဲ့၊ ပရိသတ် ချစ်တဲ့၊ ဆွေမျိုးတွေ ပြန်လည် အသိအမှတ်ပြုခံရတဲ့ လူရွှင်တော်တစ်ယောက် ဖြစ်ခဲ့ရပါပြီ။ ပရိသတ်တွေ သိရပြန်တော့လည်း ”အစ်ကို နိုင်ငံတော် စစ်ကား ရိုက်ဖို့ အစည်းအရုံးက စာပို့ထား တယ်”
”သြော်..ဟုတ်လား” ရိုက်ပေးလိုက်ရတဲ့ပေါ်လစီ၊ ရှာ ပေးလိုက်တဲ့ ရန်ပုံငွေ။ ”ဟာ ကျော်ထူးကြီး၊ လိုင်းဘတ်(စ်) ကားပေါ်မှာဟေ့” ”ဟေ့ နှာခေါင်း…မြို့ပတ် ရထားစီးပြီး ဘယ်သွားမှာလည်း” ”မနေ့က ဘီယာဆိုင်မှာ တွေ့ တယ်နော်” ”ကေတီဗီတို့၊ မာဆတ်တို့ မသွားဘူးလား ကိုကျော်ထူး” ဘယ်နေရာ သွားသွား၊ ဘာလုပ်လုပ်၊ လူတွေက အကုန် သိတယ်။ လူတွေ မသိခင်တုန်းကလည်း သိအောင် ကြိုးစားလိုက်ရတာ။
”အဖေ ကျောင်းက လူရွှင်တော် သားပဲတဲ့၊ ကထိန်အလှူငွေ ပိုထည့် ပေးပါတဲ့” ဟော..ကားရိုက်တွေ ကျဲနေ တာ သူတို့မသိ။ သူတို့သိတာ ပရိသတ် သိတဲ့ လူရွှင်တော်။ ”ဈေးသွားရတာ မကောင်းပါဘူးတော်”
ရှင့်မိန်းမမှန်း သိနေတော့ ဟိုဟာ ဈေးဆစ် မရ၊ ဒီဟာဈေးဆစ် မရနဲ့ တော်တော်လေး စိတ်ညစ်ဖို့ ကောင်းတယ်။ ကိုယ့်ဘာသာကိုယ် ကန်စွန်းရွက်လေး ဝယ်တာတောင် လူရွှင်တော် ကတော်ကြီး ကန်စွန်းရွက်တွေချည်းပဲ မစားနဲ့လေ တဲ့။ အဲဒါက လူရွှင်တော် မိန်းမ ထူးသခင်ရဲ့ ရင်တွင်းဖြစ် စကား။ ကိုကျော်ထူးရေ.. မင်းသား ဈေးရယ်..ပြီးတော့ မင်းသမီးက နှစ်ယောက် ဖြစ်နေလို့၊ အဲဒါ ရှုတင် မန်နေဂျာတွေရဲ့ လက်သုံး စကား၊ ဈေးလျှော့ပေးဖို့။ ”အစ်ကိုတို့ ဗီဒီယိုကားတွေကျတော့ အားပေးလိုက်ရတာဗျာ။ကျွန်တော့် တက္ကစီခလေးတော့ ဈေးမဆစ်ပါနဲ့။
အရှေ့တောင် အာရှထဲမှာ အနီးကပ်ဆုံးဖြစ်တဲ့ ‘ယပလက်’ လို့ ခေါ်နေကြတဲ့ ထိုင်း၊ ယိုးဒယားမှာ ရှိတဲ့ ဟာသ လူရွှင်တော်တွေ ကိုယ်ပိုင် ခြံကြီးတွေ၊ ကိုယ်ပိုင် ရဟတ်ယာဉ်တွေ၊ တံခါးခြောက်ပေါက် ရှိတဲ့ကားတွေ၊ ကိုယ်ပိုင်ဆိုင်ကြီးတွေ၊ ဘော်ဒီဂတ်တွေနဲ့ ယူထားလိုက်တဲ့ မဟေသီတွေကလည်း အလန်စား၊ အပျံစား၊ လန် ထွက်နေတာပဲ။ လူရွှင်တော်ချင်း အတူတူ၊ ဇာတ်ပို့ ဇာတ်ရံခြင်း အတူတူ ဘာတွေများ ကွာခြားနေပါသလဲ။ ရေမြေကြောင့်လား၊ နိုင်ငံကြောင့်လား၊ စီးပွားရေးကြောင့်လား၊ အစိုးရကြောင့်လား ဘာကြောင့်မှန်းတော့ မသိဘူး။
လောလောဆယ် အနည်းငယ် မဟုတ်တောင် အကြီးအကျယ်ကြီး သိလိုက်ရတာက မြန်မာပြည်မှာ လူရွှင်တော် ဖြစ်ရတဲ့ ဒုက္ခတွေ ရင်ထဲမှာ ပန်းတွေ ပွင့်နေတာ မဟုတ်ပါဘူး။ ဒူးရင်းသီးတွေ မှည့်နေတာ။ ကျွန်တော်ရှေ့မှာ ရေးခဲ့သလိုပါပဲ သခင်ဖြစ်လိုက်၊ ကျွန်ဖြစ်လိုက်နဲ့ ကြေးစည်တီး နေသလိုပါပဲဗျာ အဟုတ်၊ အမယ် ဒါပေသည့် တစ်ခါတစ်ရံ အိပ်မက်ထဲမှာတော့ တရုတ်ဖြစ်လိုက်၊ ကုလားဖြစ်လိုက်နဲ့ အက်ရှင်ကားတွေ ရိုက်ပြီး ပြက်လုံးတွေ ထုတ်နေမိသေးတယ်။ အဲဒါနဲ့ပဲ…အဲဒါပဲ ပေါ့ဗျာ…နော်။

ကျော်ထူး (အထွေထွေသရုပ်ဆောင်)
by popular news

No comments:

Post a Comment