Saturday, January 4, 2014

လွတ်ငြိမ်းခွင့်အား ဝေဖန်မှုများ ရှိခဲ့သော်လည်း သမ္မတ၏ ကတိတည်မှုအပေါ် ချီးကျူးဂုဏ်ပြုခံရ

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ကိုထင်ကျော်အား ကြိုဆို နှုတ်ဆက်နေသူများနှင့်အတူ တွေ့ရစဉ်။ (စိုးသန်းဝင်း/အေအက်ဖ်ပီ)

နိုင်ငံရေး၊ ဘာသာရေးနှင့်ပြည်တွင်း ငြိမ်းချမ်းရေး ပဋိပက္ခများဖြင့် ပြည့်နှက်ခဲ့သည့် ၂၀၁၃ ခုနှစ်အား
နှုတ်ဆက်သည့်အနေဖြင့် ထွက်ပေါ်လာခဲ့သော နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်သည်
ဝေဖန်ချက်၊ ထင်မြင်ချက် အမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့သော်လည်း သမ္မတ၏ ကတိစကားအတိုင်း
လုပ်ဆောင်ချက်အပေါ် မြန်မာပြည်သူလူထုအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ချီးကျူး
ထောမနာ ပြုခဲ့ကြသည်။
၂၀၁၃ ခုနှစ်အကုန်တွင် နိုင်ငံရေးအကျဉ်းသား လုံးဝမရှိစေရဟု ကတိပြုခဲ့သော နိုင်ငံတော် သမ္မတ
ဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ်၏ နောက်ဆုံးရက်မှာပင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ဖမ်းဆီး
အရေးယူလေ့ရှိသည့် ဥပဒေ ခုနစ်မျိုးတွင် အကျုံးဝင်သော ပြစ်ဒဏ် ကျခံနေရသူများ၊ ကြားနာ
စစ်ဆေးဆဲခံနေရဆဲသူများနှင့် စုံစမ်းစစ်ဆေး အရေးယူခံနေရသူများ အားလုံးအား ဖွဲ့စည်းပုံအခြေခံ
ဥပဒေအရ ၎င်းအား အပ်နှင်းထားသော ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က)အရ လွတ်ငြိမ်းချမ်းသာခွင့်
ပေးလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် နိုင်ငံရေးအကျဉ်းသားများ လက်ကျန်စိစစ်ရေးကော်မတီ အဖွဲ့ဝင်များ၏ ပြောကြားချက်
အရ ၎င်းတို့ကော်မတီက တင်ပြထားသော နိုင်ငံရေးအကျဉ်းသား စာရင်းအနက် ငါးဦးသာ ပါဝင်ခဲ့
ကြောင်းသိရသည်။
နိုင်ငံရေး အကျဉ်းသားဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ရှုပ်ထွေးပြီး ယင်းအကျဉ်းသားများအား
စွဲချက်တင်ခဲ့သည့် ပုဒ်မနှင့် အမှုမှာ ကိုက်ညီမှု မရှိသည့်အတွက် အကျဉ်းသားများအားလုံး ယခု
လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ခြင်း မရှိခဲ့ကြောင်း ပြောကြားသည်။
"အခု လွတ်လာတဲ့အထဲမှာ ကော်မတီတင်တဲ့ စာရင်းထဲက ငါးဦးပဲ ပါတယ်။ အမှုက တခြား၊
စွဲထားတဲ့ ပုဒ်မက တခြားဆိုတော့ ကျွန်တော်တို့ စာရင်းအတိအကျရရှိဖို့ဆိုတာ ခက်တယ်။
ကျွန်တော်ထင်တယ်၊ ကျန်တဲ့ သူတွေလည်း မကြာခင်လွတ်လာမှာပါ"ဟု ကော်မတီ အဖွဲ့ဝင်ဖြစ်သူ
ရှမ်းတိုင်းရင်းသားဖွံ့ဖြိုး တိုးတက်ရေးပါတီမှ ဦးစိုင်းညွန့်လွင်က ပြောသည်။
ထို့ပြင် ကော်မတီအနေဖြင့် နိုင်ငံရေး အကျဉ်းသား စာရင်းများ ပြုစုရာတွင် အကျဉ်းကျနေသော
ယခင် တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များအား နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်
ဖွင့်ဆိုချက်တွင် ထည့်သွင်းသင့်၊ မသင့်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း
ဦးစိုင်းညွန့်လွင် ကပြောသည်။
"သူတို့ကို နိုင်ငံရေး အကျဉ်းသားလို့တော့ အဓိပ္ပာယ်ဖွင့်ဖို့ ခဲယဉ်းတယ်။ သူတို့အတွက် သက်သက်
စဉ်းစားရမှာပါ" ဟု ၎င်းကပြောသည်။
သာယာဝတီထောင်တွင် အကျဉ်းကျနေသော ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော် လွတ်မြောက်ရေး
အတွက် သမ္မတထံ အဆိုပြုခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကမူ ယခု
လွတ်ငြိမ်းချမ်းသာခွင့်တွင် ၎င်းအဆိုပြုသူ ဦးဝင်းနိုင်ကျော် မပါဝင်ခဲ့သော်လည်း မကြာမီကျရောက်
မည့် လွတ်လပ်ရေးနေ့တွင် အကျဉ်းသားများ ထပ်မံလွှတ်ပေးပါက ပါလာနိုင်ဖွယ်ရှိကြောင်း
မှတ်ချက်ပေးသည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော် အစိုးရကို ပုံမှန်တင်ပြခဲ့တယ်။ ကော်မတီကိုလည်း မေတ္တာရပ်ခံ
ခဲ့တယ်။ ကျွန်တော့်တစ်ဦးတည်းအမြင် အရဆိုရင် သူတို့တစ်တွေလည်း နိုင်ငံသား အကျဉ်းသား
တွေပါပဲ။ အထူးသဖြင့် သူတို့ကို အမိန့်ပေးခိုင်းခဲ့တဲ့ ဗိုလ်ခင်ညွန့်တောင် လွတ်သေးရင် သူတို့ကို
လည်း လွှတ်ပေးသင့်တယ်လို့ ယူဆတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို လွတ်ငြိမ်းခွင့် ထုတ်ပြန်ပေး
တဲ့ သမ္မတကြီးကို ကျေးဇူးတင်တယ်။ ဒါဟာ သူဟာ ပေးထားတဲ့ ကတိကို တည်အောင်
ဆောင်ရွက်တယ်ဆိုတာ ပြလိုက်တာပဲ"ဟု ဦးသိန်းညွန့် ကပြောသည်။
၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင် ကိုမြအေးကမူ ယခု လွတ်မြောက်လာသူများ
တွင် အငြင်းပွားဖွယ်ရာများ ပါဝင်သော်လည်း သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်သည် ပြည့်စုံ
စနစ်ကျသည့် ထုတ်ပြန်ချက် တစ်ခုပင်ဖြစ်ကြောင်း ပြောသည်။
"ဖတ်လိုက်တဲ့ အချိန်မှာပဲ တော်တော်လေးပြည့်စုံတာကို သတိထားမိလိုက်တယ်။ သမ္မတကြီး
ကတိတည်တာကို လေးစားတယ်။ ကြိုဆိုတယ်"ဟု ၎င်းကပြောသည်။
သို့သော် ထုတ်ပြန်ချက် နောက်ဆုံးအပိုဒ်တွင် ပါဝင်သော ယင်းအမိန့်သည် ဒီဇင်ဘာလ ၃၁ ရက်
နေ့နောက်ပိုင်းတွင် ကျူးလွန်သော အပိုဒ်(၃)ပါ ပြစ်မှုများနှင့် သက်ဆိုင်ခြင်းမရှိစေရဆိုသည့်အချက်
သည် သတိထားရမည့် အချက်တစ်ခုပင်ဖြစ်သည်ဟု ကိုမြအေးက ထောက်ပြသည်။
"နိုင်ငံရေး အကျဉ်းသားဆိုတာ လွှတ်လိုက်ရုံနဲ့တော့ မပြီးဘူးလေ။ ထပ်မဖမ်းဖို့လည်း လိုတယ်။
အရင်တုန်းကလည်း ဒီလိုပဲ ခေါင်းစဉ်အမျိုးမျိုး၊ ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီး ထောင်ချခံရတာပဲ။
ဆိုလိုတာက မရှိသင့်တော့တဲ့ ဥပဒေတွေ၊ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်တာတွေကို လုံးဝဖျက်သိမ်းဖို့
လိုသလို ဖြေလျှော့တာမျိုးတွေလည်း လုပ်သင့်တယ်"ဟု ကိုမြအေး ကပြောသည်။
အလားတူ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNCHR) အပါအ၀င် နိုင်ငံတကာ
အသိုင်းအ၀ိုင်းကလည်း နိုင်ငံတော် သမ္မတ၏ အဆိုပါ ထုတ်ပြန်ချက်သည် အပြောင်းအလဲကို
ဦးတည်နေသော မြန်မာနိုင်ငံအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်ပြီး အစိုးရ၏ နိုင်ငံရေး
အကျဉ်းသား ပြဿနာ ဖြေရှင်းရာတွင် တိုးတက်သည့် ပြယုဂ်တစ်ခုဖြစ်ကြောင်း ပြောဆိုလိုက်
သည်။
သို့သော် တစ်ပြိုင်တည်းမှာပင် အစိုးရအနေဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ထပ်မံ
ဖမ်းဆီးမှာကို စိုးရိမ်မိကြောင်း၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ အပါအ၀င်
ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသော ဥပဒေများကို ပယ်ဖျက်ရန် လိုအပ်ကြောင်း တိုက်တွန်းထား
သည်။
"ကျွန်တော့်အနေနဲ့ မနေ့က ထုတ်ပြန်လိုက်တဲ့ ပြစ်ဒဏ်ကျ အကျဉ်းသားတွေနဲ့ နိုင်ငံရေး ပုဒ်မတွေနဲ့
စွဲချက်တင် စစ်ဆေးခံနေရသူတွေကို လွှတ်ပေးဖို့ သမ္မတရဲ့ အမိန့်ကို ကြိုဆိုတယ်။ နောက်ထပ်
လွတ်ငြိမ်းချမ်းသာခွင့်လည်း မကြာမီ ထုတ်ပြန်ဖို့ မျှော်လင့်ပါတယ်"ဟု ဗြိတိန် အစိုးရ နိုင်ငံခြားရေး
ဝန်ကြီး Hugo Swire က ပြောသည်။
ထို့ပြင် လက်ရှိ အကျဉ်းထောင်ထဲတွင် နိုင်ငံရေး အကျဉ်းသားဟူသည့် ဝေါဟာရနှင့် အငြင်းပွားနိုင်
သည့် သီးသန့် အကျဉ်းသားများလည်း ကျန်ရှိနေကြောင်း၊ ယင်းအကျဉ်းသားများ လွတ်မြောက်ရေး
အတွက် အရပ်ဘက်အဖွဲ့ အစည်းများနှင့် အစိုးရတို့အကြား ဆွေးနွေးမှုများပြုလုပ်ကာ ပူးပေါင်း
ဆောင်ရွက်ရန် ၎င်းက တိုက်တွန်းထားသည်။
"အထူးသဖြင့် တောင်းဆိုချင်တာကတော့ ဒေါက်တာ ထွန်းအောင်နဲ့ ဦးကျော်လှအောင် တို့ကို
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူဆိုတာကို အသိအမှတ်ပြုပေးဖို့နဲ့ ၂၀၁၂ ခုနှစ်
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ထိန်းသိမ်း စစ်ဆေးခံနေရတဲ့သူတွေအပေါ် တရား
ဥပဒေကြောင်းအရ ပြန်လည် သုံးသပ်မှုတွေ လုပ်ပေးဖို့ပါပဲ" ဟု Hugo Swire က တောင်းဆို
လိုက်သည်။
သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျုံးဝင်သူများသည် ဒီဇင်ဘာလ ၃၁ ရက် နေ့မှ စတင်ကာ
အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လျက်ရှိပြီး စာရင်းအတိအကျ မရရှိသေးကြောင်း နိုင်ငံရေး
အကျဉ်းသားများ လက်ကျန်စိစစ်ရေးကော်မတီ အဖွဲ့ဝင်ဖြစ်သူ ဦးဘိုကြည်က ပြောသည်။
"စာရင်းအတိအကျဆိုတာ လိုက်စုံစမ်းနေပေမယ့် အတည်ပြုဖို့ ခက်တယ်။ အစိုးရက လုပ်တဲ့ ကိစ္စ
ဆိုတော့ အစိုးရက ထုတ်ပြန်ပေးရင် အကောင်းဆုံးပေါ့" ဟု ဦးဘိုကြည်က ပြောသည်။
ထုတ်ပြန်ချက်တွင် အကျဉ်းသားအားလုံးဟု ဖော်ပြထားသော်လည်း နိုင်ငံရေး အကျဉ်းသား
အားလုံး ပါဝင်ခြင်း မဟုတ်ကြောင်း၊ ကော်မတီ၏ စာရင်းအရ အကျဉ်းသား ၄၆ ဦး မှာ
အကျဉ်းထောင်ထဲတွင် ကျန်ရှိနေဆဲဖြစ်ကြောင်း ဦးဘိုကြည်က ပြောသည်။
"ကျွန်တော်ပြောချင်တာက အကျဉ်းသားတွေ မကုန်သေးဘူး။ ကျန်နေသေးတယ်ဆိုတာပဲ။
မကြာခင် လွှတ်ပေးမယ်လို့တော့ ကျွန်တော် တို့ နားလည်ထားတယ်"ဟု ၎င်းကပြောသည်။
ထို့ပြင် နိုင်ငံတကာမှ ပြောဆိုနေသော ရခိုင်အရေးအခင်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့်
ပတ်သက်၍ ကော်မတီအတွင်း ပြောဆိုဆွေးနွေးမှုများရှိကြောင်း ဦးဘိုကြည် ကပြောသည်။
"ဒေါက်တာထွန်းအောင်နဲ့ ဦးကျော်လှအောင်တို့အတွက် ကျွန်တော်တို့ အစိုးရကို တိုက်တွန်း
ပြောဆိုတာတွေ ရှိပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ဒေသတည်ငြိမ်ရေးနဲ့ သူတို့ကို လွှတ်ပေး
လိုက်ရင် နောက်ဆက်တွဲ ဘာဖြစ်လာမလဲဆိုတာကို စဉ်းစားနေပုံရတယ်။ ကျွန်တော်တို့
တိုက်တွန်းချက် မအောင်မြင်သေးဘူးလို့ပဲ ပြောရမှာပေါ့" ဟု ဦးဘိုကြည်က ပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး မကြာခင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ရာ
တွင် နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းသည် အရေးပါသည့် ခြေလှမ်း
တစ်ရပ်ဖြစ်ခဲ့သည်။
၂၀၁၁ ခုနှစ်၊ မတ်လနောက်ပိုင်းမှ စတင်ခါ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသား ၁,၀၀၀
ကျော်ရှိပြီး ကျန်ရှိနေသော အကျဉ်းသားများအား ဇန်န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်မည့်
လွတ်လပ်ရေးနေ့၌ ထပ်မံလွတ်မြောက်မည်ဟု ခန့်မှန်းထားသည်။

by myanmar times

No comments:

Post a Comment