၂၀၁၂ ခုနှစ် ခရစ္စမတ်နေ့က ဟဲဟိုး၌ အဲပုဂံလေယာဉ် ပျက်ကျခြင်းမှာ လေယာဉ်မှူး၏ မှားယွင်း
ဆုံးဖြတ်ချက်ကြောင့်ဖြစ်ကြောင်း စုံစမ်းတွေ့ရှိချက် အစီရင်ခံစာမူကြမ်းတွင် ဖော်ပြထားသည်ဟု
ဆိုသည်။
အဆိုပါ အစီရင်ခံစာကို ပို့ဆောင် ရေး ၀န်ကြီးဌာနသို့ တင်ပြထားပြီးဖြစ် ကြောင်း လေကြောင်း
ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက အတည်ပြု ပြောကြားသည်။
လေယာဉ်ပျက်ကျမှု အထူးစုံစမ်းစစ် ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ်ဦးဆောင်ခဲ့သည့် လေကြောင်း
ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက လူနှစ်ဦး
သေဆုံးပြီး ၁၁ ဦးကျော် ဒဏ်ရာရရှိခဲ့သော အဆိုပါ လေယာဉ်ပျက်ကျခြင်း၏ အဓိက
အကြောင်းအရင်းမှာ လေယာဉ်မှူး၏ ဆုံဖြတ်ချက် မှားယွင်းမှုကြောင့်သာဖြစ်သည်ဟု
အစီအရင်ခံစာ မူကြမ်းတွင် ဖော်ပြထားကြောင်း မြန်မာတိုင်း(မ်)ကိုပြောသည်။
"နောက်ဆုံး အစီရင်ခံစာ မူကြမ်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ပို့ဆောင်ရေးဝန်ကြီးကို တင်ပြထား
ပါတယ်။ ဟဲဟိုး အဆင်းမှာ လေယာဉ်မှူးရဲ့ တဒင်္ဂဆုံး ဖြတ်ချက် မှားယွင်းမှုကြောင့်သာ
ဒီမတော်တဆမှု ဖြစ်ပေါ်ရတာပါ။ ဆိုလိုတာ လေယာဉ်မှူးက လိုက်နာရမယ့် အချက်တွေကို
မလိုက်နာလို့ ဖြစ်တာမဟုတ်ပါဘူး။ တောက်လျှောက် သိုမှီးထားတဲ့ လေယာဉ်အချက်အလက်အရ
ခရီးစဉ် တောက်လျှောက် လေယာဉ်မှူးက ပုံမှန်အတိုင်းအေးဆေး မောင်းလာတာပါပဲ။ ဒါပေမဲ့
ဟဲဟိုး အဆင်းမှာတော့ သူ့ဆုံးဖြတ်ချက်လွဲသွားတဲ့အတွက် ဒီမတော်တဆမှုဖြစ်ခဲ့တာပါ"ဟု
၎င်းက ပြောသည်။
အဲပုဂံမှ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဒါရိုက်တာဖြစ်သူ ဒေါ်ဂရေ့စ်က လေယာဉ်မှူး
ဦးမောင်မောင်ထွေး၏ လေယာဉ်ပျံသန်းခွင့် လိုင်စင်အား အဆိုပါ မတော်တဆဖြစ်ပြီး ကတည်းက
သိမ်းဆည်းထားပြီးဖြစ်ကြောင်းနှင့် ကုမ္ပဏီအနေဖြင့် နောက်ဆုံးထွက်ရှိလာမည့် အစီအရင်ခံစာကို
စောင့်ဆိုင်းနေကြောင်းပြောသည်။
"လေယာဉ်မှူးကိုတော့ အဲဒီကတည်းက လိုင်စင်သိမ်းထားလိုက်ပြီး လေယာဉ်မောင်းနှင်မှု ယာယီ
ရပ်ဆိုင်းထားပါတယ်။ ကျွန်မတို့လည်း နောက်ဆုံး အစီအရင်ခံစာကို စောင့်နေပါတယ်။ အဲဒီ
အစီအရင်ခံစာက ဖော်ပြချက်အတိုင်းလည်း ဆက်လက်ဆောင်ရွက်သွားမှာပါ"ဟု ၎င်းက
ပြောသည်။
"ဒီမတော်တဆမှုကို မီဒီယာတွေကော၊ ပြည်သူတွေကပါ စိတ်ဝင်စားကြပါတယ်။ ဘယ်လိုတရားစွဲ
မလဲ။ ဘယ်လိုလျော်မှာလဲ စသဖြင့်ပေါ့။ ဒါပေမဲ့ ဒီဖြစ်စဉ်ကို နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေး
အဖွဲ့အစည်း (ICAO) Annex 13 ပြဌာန်းချက်အရ လေ့လာစီရင်ထားတာဖြစ်တဲ့အတွက်
လေယာဉ် မတော်တဆ ပျက်ကျရခြင်းကိုပဲ အဓိက ထားပါတယ်။ နောက် ဒီလိုထပ်မဖြစ်အောင်
ဘယ်လိုကြိုတင်ပြင်ဆင် ကာကွယ်မလဲဆိုတာကို အကြံပြု ဖော်ပြထားပါတယ်။ လက်ရှိတော့
အဲဒီအစီရင်ခံစာကို ၀န်ကြီးဌာနကို တင်ပြထားပြီး မကြာမီဌာနရဲ့ ၀က်ဘ်ဆိုက်မှာ တင်ထားမှာပါ"
ဟု ၎င်းကပြောသည်။
လေယာဉ်မှာ ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ် အဖြစ်ပျံသန်း ပြေးဆွဲနေသော အဲပုဂံ
ဖော်ကာလေယာဉ် XY-AGC လေယာဉ်အမျိုး အစားဖြစ်သည်။
လေယာဉ်ပေါ်တွင် လေယာဉ်မှူး ဦးမောင်မောင်ထွေး အပါအ၀င် လေယာဉ်အမှုထမ်းပေါင်း
ခြောက်ဦး၊ နိုင်ငံခြားသား ၄၈ ဦးနှင့် ပြည်တွင်းခရီးသည် ၁၇ ဦး၊ စုစုပေါင်း ၇၁ ဦး စီးနင်းလိုက်ပါလာ
ခဲ့သည်။
လေယာဉ်သည် ဟဲဟိုးလေဆိပ်သို့ တောင်ဘက်မှ မြောက်ဘက်သို့ ချဉ်းကပ်ဆင်းသက်စဉ်
ပျက်ကျမီးလောင် ကျွမ်းခဲ့ပြီး လေယာဉ်ပေါ်ပါ ဧည့်လမ်း ညွှန်ဖြစ်သူ မနွယ်လင်းရှိန်နှင့် မြေပြင်ပေါ်
တွင် ဆိုင်ကယ် မောင်းနှင်းလာသူ ဦးပြားဆိုသူ သေဆုံးခဲ့သည်။
ထို့ပြင် နိုင်ငံခြားသားအချို့၊ လေယာဉ်မှူး နှစ်ဦး၊ ဧည့်လမ်းညွှန်နှစ်ဦးနှင့် အခြား မော်တော်ဆိုင်ကယ်
မောင်းနှင်းလာသူ တစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။
ထိုလေယာဉ်သည် ၁၉၉၂ ခုနှစ်ထုတ် ဖော်ကာ ၁၀၀ အမျိုးအစား လေယာဉ် ဖြစ်ပြီး British
Midland International ကုမ္ပဏီမှ ၂၀၀၅ ခုနှစ်တွင် အဲပုဂံ ကုမ္ပဏီက ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
လေယာဉ်အသုံးပြုနေသည့် သက်တမ်း နှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်သည်။
အဲပုဂံလေကြောင်းလိုင်းအား ထူးထရေးဒင်းကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူ ဦးတေဇက ၂၀၀၄ ခုနှစ်၊
နိုဝင်ဘာလတွင် စတင်ထူထောင်ခဲ့သည်။
by myanmar times
No comments:
Post a Comment