Friday, January 24, 2014

နာမည်ကျော်တွေ လက်စွမ်းကို တစ်နေရာတည်းမှာ မြင်တွေ့ခွင့်ရမယ့် ဂစ်တာရှိုးပွဲကြီး

မြန်မာနိုင်ငံက နာမည်ကျော် ဂစ်တာသမား အားလုံးနီးပါးရဲ့ စွမ်းရည်တွေနဲ့ လူသစ်တွေရဲ့
အရည်အချင်းတွေကို စင်မြင့်တစ်ခုတည်းမှာ ကြည့်ခွင့်ရမယ့် Myanmar Instrumental Concert
ကို လာမယ့် ဇန်န၀ါရီ ၂၆ ရက်၊ ညနေပိုင်း မိုင်ဒါကွင်းထဲမှာ အခမဲ့ပွဲအဖြစ် ကျင်းပသွားမှာဖြစ်ပါ
တယ်။
နိုင်ငံတွင်းမှာ ပထမဆုံးအနေနဲ့ ကျင်းပပြုလုပ်မယ့် ဒီပွဲမှာ ဂစ်တာသီးသန့် လက်စွမ်းပြမှာဖြစ်ပြီး
နာမည်ကျော်ဂစ်တာသမားတွေ ဖြစ်တဲ့ ချစ်စမ်းမောင်၊ နိုင်ဇော်၊ ဇော်မျိုးထွဋ်(အင်ပါယာ)၊ တိုးတိုး၊
ပက်ထရစ်၊ ၀င်းမော်၊ ဇော်မင်းသိမ်း၊ ဇော်လတ်၊ ကျော်မင်း၊ ရန်နိုင်၊ အောင်သူ စတဲ့ နာမည်ကျော်
အတီးသမား ၂၂ ဦး က တီးခတ်သွားမှာ ဖြစ်ပါတယ်။

"ဒီလိုပွဲမျိုး အရင်ကလည်း မလုပ်ဖူးဘူး။ ပညာရှင်တွေအကုန်လုံး စင်ပေါ်မှာ လက်စွမ်းပြတဲ့
အရသာကို အကုန်လုံးကို ကြည့်စေချင်တယ်။ အခမဲ့ဆိုပြီး လုပ်ဖြစ်တာကလည်း အားလုံးကို
လာကြည့်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ ပြီးတော့ တစ်ခေါက်ပြီး တစ်ခေါက်လုပ်ဖို့ကလည်း
မလွယ်ဘူးလေ။ အဓိက ရည်ရွယ်ချက်ကတော့ ကိုယ့်နိုင်ငံက ဂစ်တာသမားတွေကို promote
လုပ်ချင်တဲ့စိတ်နဲ့ပါ။ စီးပွားရေးအရ လုပ်ဖြစ်တာမဟုတ်ပါဘူး"လို့ ပွဲစီစဉ်သူ ကိုဂင်္ဂါ က
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ပွဲနေ့မှာ နာမည်ရ ဂစ်တာသမား တစ်ဦးစီဟာ အချိန် ၁၅ မိနစ်စီ လက်စွမ်းပြတီးခတ်ကြမှာ
ဖြစ်ပါတယ်။
"ကိုယ့်ပြည်တွင်းမှာလည်း ဂစ်တာကို တကယ်ဝါသနာပါတဲ့ လူငယ်တွေ ရှိမှာပဲ။ အခုလို
မြန်မာနိုင်ငံက နာမည်ရ ဂစ်တာသမားတွေ စင်ပေါ်မှာ လက်စွမ်းပြချိန်မှာ ၀ါသနာရှင်တွေလည်း
လူစွမ်းကောင်းဖြစ်ချင်တဲ့ စိတ်လေးတွေ ဖြစ်လာမယ်။ ပြီးတော့ အကုန်လုံးရဲ့ အရည်အချင်းတွေကို
တစ်နေရာတည်းမှာ မြင်ရမှာဖြစ်တဲ့အတွက် ကျေနပ်မယ်လို့လည်း မျှော်လင့်တယ်။ နောက်တစ်ခုက
ပွဲကြည့်ပရိသတ်ထဲ နိုင်ငံခြားသားပရိသတ်တွေပါ လာမယ်ဆို မြန်မာနိုင်ငံမှာလည်း ဒီလိုထူးချွန်တဲ့
လူတွေရှိတယ်ဆိုတာကို သိသွားဖို့ လောက်ပဲ မျှော်လင့်ပါတယ်" လို့ Swee Lee Myanmar
တူရိယာဆိုင်ကို ဖွင့်လှစ်ထားတဲ့ ကိုဂင်္ဂါက ဒီလိုပွဲမျိုး စီစဉ်ရတဲ့ သူ့ရည်ရွယ်ချက်ကို ပြောပြပါတယ်။
ပွဲစီစဉ်နေချိန်အတွင်းမှာ မျက်နှာသစ်တွေအတွက် ဂစ်တာပြိုင်ပွဲအသေးစားတစ်ခုပြင်ဆင်ထားတယ်
လို့ ကြေညာထားပေမယ့် ဂစ်တာပညာရှင်တွေရဲ့ တောင်းဆိုချက်အရနဲ့ တခြားအဆင်မပြေမှုတွေ
ကြောင့် မပါဖြစ်တော့ဘူးလို့လည်း သိရပါတယ်။
"အစကတော့ ပြိုင်ပွဲလေး လုပ်ပေးမလို့ပါ။ နောက်တော့ ပညာရှင်တွေအကုန်လုံးက အဆိုတော်
မပါတဲ့ စင်ပေါ်မှာ သူတို့က ဦးဆောင်ပြီး ဖျော်ဖြေရမှာဆိုတော့ သူတို့မှာ ပြင်ဆင်စရာတွေက
များနေမှာပါ။ အဲလိုအချိန်မှာ ပြိုင်ပွဲအတွက်လည်း အကဲခတ်အနေနဲ့ ပါဝင်ဖို့ သူတို့မှာ အဆင်မပြေ
ဘူးလို့ ကျွန်တော့်ကို ဆိုလာပါတယ်။ ပြိုင်ပွဲလုပ်ပေးမယ်ဆိုလည်း နောက်မှ သီးသန့်တစ်ပွဲ
လုပ်ပေးလိုက်တာ ပိုကောင်းတယ်လို့ အကုန်လုံးက ပြောကြတာကြောင့် ပြိုင်ပွဲက မပါဖြစ်တော့
တာပါ" လို့ ကိုဂင်္ဂါက ပြောပြပါတယ်။
တက်သစ်စများအတွက် ဂစ်တာပြိုင်ပွဲ မထည့်သွင်းဖြစ်တော့ပေမယ့် သီချင်းတစ်ပုဒ်စီနဲ့ လက်စွမ်း
ပြခွင့်ကို ထည့်သွင်း စီစဉ်ဖြစ်လိုက်တယ်လို့လည်း သူက ပြောပြပါတယ်။
အဲဒီအတွက် ၀ါသနာရှင်တွေကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက်မှ စတင်ဖိတ်ခေါ်ခဲ့ပြီး ဇန်န၀ါရီ ၂၁ ရက်
အထိ ၁၀ ယောက်လောက် လျှောက်လွှာ လာတင်ထားကြတယ်လို့ ကိုဂင်္ဂါက ဆိုပါတယ်။
အတီးဝါသနာရှင်တွေအနေနဲ့ ဒီပွဲလေးမှာ ပါဝင်ချင်တယ်ဆိုရင် လျှောက်လွှာတင်ဖို့ နောက်မကျ
သေးတာမို့ ဝေဇယန္တာပလာဇာမှာ ဖွင့်လှစ်ထားတဲ့ Swee Lee Myanmar တူရိယာဆိုင်မှာ
၂၅ ရက်နေ့အထိ သွားရောက်ပေးပို့နိုင်ကြပါတယ်။
အိုင်းရင်းခရော့စ်အဖွဲ့မှ ဂစ်တာချစ်စမ်းမောင်ရဲ့ ကမ်းလှမ်းမှုနဲ့ ပွဲမှာ ပါဝင်ဖြစ်လာတဲ့ ဂစ်တာနိုင်ဇော်
ကလည်း ဒီလိုပွဲမျိုးဖြစ်စေချင်တာ ကြာပါပြီလို့ သူ့ခံစားချက်ကို ဖွင့်ဟပါတယ်။
"ပရိသတ်က အတီးသက်သက်ဖျော်ဖြေမှုတွေမှာ ပျင်းမသွားအောင် ကိုယ်တိုင်လည်း တင်ဆက်ပုံ
တွေကို အမြဲ စဉ်းစားဖြစ်တယ်။ မြန်မာပြည်မှာ အခုလိုမျိုးတွေ အရင်ကလည်း လုပ်ခဲ့ဖူးပေမယ့်
ကိုယ်တစ်ယောက်တည်းနဲ့တော့ မဖြစ်နိုင်ဘူးလေ။ အခုပွဲက ဂစ်တာသမား တော်တော်များများ
လည်း ပါဝင်မယ့်ပွဲဆိုတော့ လူစိတ်ဝင်စားမှု ပိုများတဲ့ပွဲဖြစ်လာမယ်ထင်တယ်"လို့ ပြောပါတယ်။

Myanmar Times

No comments:

Post a Comment