ကမ္ဘာပေါ်တွင် လုံခြုံစိတ်ချရမှု အနည်းဆုံး လေကြောင်းလိုင်း ၁၀ ခုတွင် မြန်မာနိုင်ငံမှ အဲပုဂံ ပါဝင်
နေကြောင်း သတင်းနှင့် ပတ်သက်ပြီး အဲပုဂံက ငြင်းဆိုလိုက်ကာ လေကြောင်းလိုင်း၏ လုံခြုံမှုနှင့်
ပတ်သက်ပြီး ပူပင်သောကမရှိရန် ကုမ္ပဏီ၏ ပြန်ကြားရေးဌာနမှ ဒုတိယ ဒါရိုက်တာ ဒေါ်လီဂရေ့စ်မီး
က ပြောသည်။
လေကြောင်းလိုင်း အဆင့်သတ်မှတ်သည့် ၀က်ဘ်ဆိုက်ဖြစ်သော www.airlinerating.com
သည် လေကြောင်းလိုင်းများ လုံခြုံစိတ်ချရမှုနှင့် ပတ်သက်ပြီး အများဆုံး ကြယ်ခုနစ်ပွင့် ပေးပါ
ကြောင်း၊ မြန်မာနိုင်ငံတွင်နိုင်ငံတကာသို့ ပျံသန်းနေသော အမ်အေအိုင်လေကြောင်းမှ လွဲပြီး
မည်သည့် ပြည်တွင်းလေကြောင်းမှ အပြည်ပြည်ဆိုင်ရာ လေကြောင်းလုံခြုံစိတ်ချရမှု (IOSA)
အစစ်ဆေး မခံရသေးကြောင်း၊ ထို့အတွက် ကြယ်နှစ်ပွင့်ရခဲ့ခြင်း မရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ
မြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO)၏ စစ်ဆေးမှုတွင်လည်း မြန်မာနိုင်ငံက သတ်မှတ်ချက် မပြည့်မီ
သည့်အတွက် ထိုစံနှုန်းအတွက်ပေးသော ကြယ်နှစ်ပွင့်ကိုလည်း မြန်မာနိုင်ငံရှိ မည်သည့် ပြည်တွင်း
လေကြောင်းလိုင်းမှ မရရှိသေးကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရှိ ပြည်တွင်းလေကြောင်းလိုင်းများ
အတွက် အမြင့်ဆုံးမှာ ကြယ်သုံးပွင့်သာရရှိပြီး နိုင်ငံတကာ လေကြောင်းလိုင်းအတွက်မူ အများဆုံး
ကြယ်ငါးပွင့်သာ ရနိုင်ပါကြောင်း ၎င်းကပြောသည်။
ထို့ပြင် အဲပုဂံသည် ယမန်နှစ်က မတော်တဆ ထိခိုက်မှုဖြစ်ပွားပြီး လူသေဆုံးခဲ့သည့်အတွက်
လွန်ခဲ့သည့် ၁၀ နှစ်အတွင်း လူအသေအပျောက်ရှိခဲ့ပါက ကြယ်တစ်ပွင့်ဖြုတ်ရန် ဟူသော
အမှတ်ပေးစည်းမျဉ်းအရ ကြယ်တစ်ပွင့် ထပ်မံလျော့သွားပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင်
ကျန်ပြည်တွင်းလေကြောင်းလိုင်းများအားလုံး ကြယ်သုံးပွင့် ဖြစ်သော်လည်း အဲပုဂံက ကြယ်နှစ်ပွင့်
သာ ဖြစ်နေခြင်းဟု ဒေါ်လီဂရေ့စ်မီး ကပြောသည်။
အဆိုပါဝက်ဘ်ဆိုက်သို့ ၀င်ကြည့်မည်ဆိုပါက မတော်တဆဖြစ်ပွားမှုတွင် အသက်ဆုံးရှုံးမှု
အနည်းဆုံးဖြစ်ပါကြောင်း၊ လေကြောင်းလိုင်းတွင်ရှိသည့် လေယာဉ်များပျံသန်းနိုင်မှုတွင် အဲပုဂံ
သည် ငါးမှတ်ပေးသည့်အနက် လေးမှတ် ရထားကြောင်း၊ လေယာဉ်တစ်စင်း လေထဲပျံတက်ရန်မှာ
သတ်မှတ်ထားသည့် လုံခြုံစိတ်ချရမှု စံနှုန်းများပြည့်မီမှသာ ပျံသန်းခွင့်ရှိသည့်အတွက် အဲပုဂံနှင့်
ပတ်သက်ပြီး မည်သည့် ပူပင်သောကမှမရှိရန် ၎င်းကပြောကြားခဲ့သည်။
Myanmar Times
No comments:
Post a Comment