Friday, January 10, 2014

အမျိုးသမီးလိဂ် ပြိုင်ပွဲကို ဆီးမီးပရို အဆင့်ဖြင့် ၂၀၁၄တွင် စတင်မည်ဟု ဦးဇော်ဇော် ပြောကြား

အာဆီယံ ဒေသတွင်း၌ အောင်မြင်မှုများ ရရှိနေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းကို ထောက်ပံ့ ပေးနိုင်မည့် မျိုးဆက်စ်များ ရရှိရန်နှင့် အမျိုးသမီးဘောလုံး လောက အောင်မြင်စေရန် ရည်ရွယ်၍ ၂၀၁၄ခုနှစ်တွင် ဆီးမီးပရို အဆင့်ဖြင့် မြန်မာအမျိုးသမီး ဆီးမီးပရိုလိဂ်ကို တည်ထောင်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်မှ ထုတ်ဖော် ပြောကြား သွားခဲ့သည်။
အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ၂၀၀၄၊ ၂၀၀၇ခုနှစ်များတွင် အနိုင်ရ ဗိုလ်စွဲခဲ့ပြီး အာရှအဆင့် သတ်မှတ်ချက် အဆင် ၉၊  ဖီဖာ ကမ္ဘာအဆင့် သတ်မှတ်ချက် ၄၃တွင် ရပ်တည်
နေသည့် မြန်မာ လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ပိုမို အောင်မြင်မှု ရရှိရန် ရည်ရွယ်ပြီး မြန်မာအမျိုးသမီး ဆီမီး ပရိုလိဂ်ကို ယခုနှစ်တွင် ဘောလုံး ရာသီတွင် စတင်နိုင်ရန် တာဝန်ရှိသူ များမှ စီစဉ်နေခြင်း ဖြစ်သည်။ မြန်မာ အမျိုးသမီး လိဂ်ကို မြန်မာနေရှင်နယ်လိဂ်၏ ကြီးကြပ်မှုအောက်တွင် ထားရှိမည် မဟုတ်ဘဲ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ ကြီးကြပ်မှုနှင့် အတူ ၀န်ကြီးဌာန များ၏ ပံ့ပိုး ကူညီမှုဖြင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အမျိုးသမီးလိဂ် စတင် အကောင်အထည်ဖော်ရန် စီစဉ် ထားမှုနှင့် ပတ်သတ်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ” အမျိုးသီး လိဂ်ပြိုင်ပွဲတွေကို ဆီမီးပရိုပုံစံမျိုးနဲ့ ၂၀၁၄ ဘောလုံး ရာသီမှာ စတင်နိုင်ဖို့ ကြိုးစား သွားမှာပါ။ ပါဝင် ယှဉ်ပြိုင်မယ့် အသင်း အရေအတွက်ကို သတ်မှတ်ရခြင်း မရှိသေးပေမယ့် ၀န်ကြီးဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ အမျိုးသမီးလိဂ်ဆိုပြီး သီးသန့် တည်ထောင်ဖို့ ဆိုတာက ကမ္ဘာမှာတောင် အောင်မြင်အောင် လုပ်ဖို့ အတော် ခက်ခဲတဲ့ ကိစ္စပါ။
ဒါကြောင့် နိုင်ငံတော်က ပံ့ပိုးပြီး ၀န်ကြီး ဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင်
အရင် ၀န်ကြီးဌာန ဘောလုံး ပြိုင်ပွဲက အမျိုးသမီး ၀န်ထမ်း ကစားသမားတွေ အားလုံး ဘောလုံး ကစားနိုင်မှာပါ” ဟုပြောကြားခဲ့သည်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘောလုံး အသင်းသည် ၂၀၁၄ခုနှစ် မေလ ၁၅ရက်နေ့မှ ၁၉ရက်နေ့ အထိ ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပမည့် ၂၀၁၄ အမျိုးသမီးအာရှ ဖလားဘောလုံး ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး တောင်ကိုရီးယား၊ တရုတ်၊ ထိုင်းလက်ရွေးစင် အမျိုးသမီးများနှင့် တွေဆုံရမည် ဖြစ်ကြောင်း သိရှိရသည်။

by 7days news

No comments:

Post a Comment