မလေးရှားနိုင်ငံ၌ အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများ ဆက်တိုက်
သတ်ဖြတ် တိုက်ခိုက်ခံနေရခြင်းနှင့် ပတ်သက်၍ မြန်မာ အစိုးရ အနေဖြင့်
ထိရောက်သည့် တာဝန်ယူဖြေရှင်းမှု အားနည်းနေကြောင်း သိရသည်။
မြန်မာနိုင်ငံသားများသည် ပြီးခဲ့သည့်နှစ် မေလမှစတင်၍
တိုက်ခိုက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း စသည့် ပြဿနာများကြောင့် ယနေ့အထိ
လုံခြုံစိတ်ချရမှု မရှိသေးကြောင်း၊ မြန်မာ အစိုးရ၊ သံရုံးတို့ ကလည်း
ထိရောက်သည့် အကူအညီပေးမှု၊ တာဝန်ယူဖြေရှင်း ပေး မှု မရှိကြောင်း မလေးရှားရှိ
လူမှုအဖွဲ့ အစည်းများ က ပြောသည်။
“ပြီးခဲ့တဲ့နှစ် ပြဿနာတွေ ဖြစ်ပြီးကတည်းက ကူညီပေးမှု တချို့ရှိပေမယ့်
ဟန်ပြပဲရှိပါတယ်၊ ဆိတ်ပါးစပ် နှမ်းဖြူးနေသလိုပဲ၊ ပြဿနာတွေ
ဆက်တိုက်ဖြစ်နေရတာဟာလည်း အစိုးရရဲ့တာဝန်ယူဖြေရှင်းမှု
အားနည်းတာတွေကြောင့်လည်း ပါတယ်၊ ကိုယ့်နိုင်ငံသား တွေရဲ့ လုံခြုံရေးကို
တာဝန်ယူပေးဖို့ ကျနော်တို့လည်း ခဏခဏတောင်းဆိုပေမယ့် ထိရောက်မှုမရှိဘူး”ဟု
မလေးရှားရှိ ပီနန်မြို့ နာရေး ကူညီမှုအသင်း တာဝန်ခံ ဦးမြတ်ဝင်း က ဧရာဝတီ
ကို ပြောပြသည်။
ပီနန် အရပ်တွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာ အမျိုးသမီး နှစ်ဦးသည်
ပြီးခဲ့သည့် သီတင်းပတ်က လည်လှီးသတ်ဖြတ်ခံခဲ့ ရသည်။ ထိုလူသတ်မှု
တရားခံများကို ဖမ်းမိထားကြောင်း မလေးရှား အာဏာပိုင်တို့က ပြောဆိုထားသည်။
“မြန်မာတွေ ခဏခဏ အသတ်ခံရမှုတွေ ဖြစ်ပေမယ့် ၁၀၀ မှာ အမှု ၉၇ မှု က တရားခံ
မပေါ်ပါဘူး၊ မလေးရှား နိုင်ငံ ဥပဒေ က လည်း သူတို့နိုင်ငံသားတွေကိုပဲ
ကာကွယ်ပေးထားတဲ့ ဥပဒေဖြစ်နေတယ်”ဟု ဦးမြတ်ဝင်း က ဆိုသည်။
စားသောက်ဆိုင်တွင် အလုပ် လုပ်နေသည့် ကိုဘိုဘိုဟန်ငြိမ်း ဆိုသူသည်လည်း
အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်
အသတ်ခံခဲ့ရကြောင်း၊ ၎င်း၏ ရုပ်အလောင်းကို မိဘများ၏ ဆန္ဒအရ မြန်မာနိုင်ငံသို့
ပြန်လည် ပို့ဆောင်ပေးရန် စီစဉ် နေကြောင်း ကပုန်း နာရေး အသင်း၏ တာဝန်ခံ
ဦးဆန်းဝင်း ကလည်း ပြောပြသည်။
ကွာလာလမ်ပူမြို့ရှိ ဆာလာရမ်း အရပ်တွင် အလုပ်လုပ်ကိုင်နေသည့်
မြန်မာနိုင်ငံသားများကို အမည်မသိ လူအုပ်စုက ပြီးခဲ့သည့်နှစ် မေ၊ ဇွန်
လများတွင် တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် သေဆုံးမှုများရှိခဲ့ပြီး ကပုန်း
နာရေးအသင်း တခုတည်းမှ ကူညီပေးခဲ့ သည့် နာရေးပေါင်း ၁၀ ဦးကျော် ရှိကြောင်း၊
ထိုလူသတ် တရားခံများကို ယနေ့အထိ ဖမ်းမိခြင်း မရှိသေးကြောင်း ဦးဆန်းဝင်း က
ဆက်ပြောသည်။
လူသတ်မှုများ ဆက်တိုက်ဖြစ်ပြီးသည့် နောက်ပိုင်းတွင် မိမိနိုင်ငံသို့
ပြန်လို၍ လူမှုရေးအဖွဲ့များထံ ဆက်သွယ်လာသူ အများအပြားရှိကြောင်း၊
မြန်မာနိုင်ငံသို့ ပြန်သူများ ရှိသော်လည်း ခရီးစရိတ် မတတ်နိုင်၍
မပြန်နိုင်သေးသူများလည်း ရှိကြောင်း သိရသည်။
“ပြဿနာတွေ စဖြစ်တုန်းကလိုမျိုး ရင်းဂစ်ငွေ ၄၀၀ လောက်နဲ့သာ ပြန်ခွင့်ရရင်
ပြန်မယ့်သူ အတော်များပါတယ်၊ အာဏာပိုင်တွေကလည်း လုပ်ပေးတာ မရှိတော့ဘူး၊
တကယ်ဆိုရင် အလုပ်သမားတွေကို ပို့ဆောင်ပေးတဲ့ ကုမ္ပဏီတွေနဲ့အစိုးရတို့က
လုပ်ပေးဖို့ တာဝန်ရှိပါတယ်”ဟု ဦးဆန်းဝင်း က ဆိုသည်။
မလေးရှားနိုင်ငံ ဆာရာဝပ် ဒေသရှိ သင်္ဘောကျင်း၌ လုပ်ကိုင်နေသော
မြန်မာနိုင်ငံသားများသည်လည်း အင်ဒိုနီးရှား နိုင်ငံသားများ နှင့်
ဒီဇင်ဘာလအတွင်း ပြဿနာ ဖြစ်ပြီးနောက် ခြိမ်းခြောက်ခံရမှုများ ရှိလာ၍ မြန်မာ
၉၇ ဦးမှာ ပုန်း အောင်းနေခဲ့ရကြောင်း၊ ၎င်းတို့ အနက် အလုပ်သမားအများစုမှာ
ယခုအခါ မြန်မာပြည်သို့ ပြန်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ထိုအလုပ်သမားများ၏ လုံခြုံရေးနှင့်ပြန်လိုသူများကို မလေးရှိ မြန်မာ
အလုပ်သမား သံအရာရှိ ကိုယ်တိုင် စီမံဆောင်ရွက် ပေးနေကြောင်း၊
အလုပ်သမားများအား ပို့ဆောင်ပေးခဲ့သည့် ကုမ္ပဏီ၏ တာဝန်ရှိသူများကလည်း
မလေးသို့ သွားရောက် ဖြေရှင်းပေးနေကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ဧရာဝတီကို ပြောသည်။
မလေးရောက် မြန်မာများက ၎င်းတို့ လုံခြုံရေး အတွက် အစိုးရ၏
တာဝန်ယူဆောင်ရွက်ပေးမှု အားနည်းသည်ဟု ဆိုသော်လည်း အစိုးရ အာဏာပိုင်များကမူ
မြန်မာများ လုံခြုံစွာ အလုပ်လုပ်နိုင်ရေး အတွက် ဒု နိုင်ငံခြားရေး ၀န်ကြီး၊
အလုပ်သမား ဌာနမှ တာဝန် ရှိသူများ က သက်ဆိုင်ရာ နိုင်ငံအစိုးရ
သံရုံးများနှင့် အမြဲတမ်း ပူးပေါင်းဆောင်ရွက်ပေးနေသည် ဟု ဆိုသည်။
မလေးရှား နိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၅ သိန်း
ဝန်းကျင်ရှိပြီး မိမိနိုင်ငံ ပြန်သွားကြသည့်အတွက် ယခုအခါ ၃ သိန်းကျော် သာ
ရှိတော့ကြောင်း၊ တချို့မှာ ပြန်လိုသော်လည်း မိမိနိုင်ငံ၏ စီးပွားရေး
အခြေအနေ၊ မိသားစု စားဝတ်နေရေး စသည့် အခက်အခဲတို့ကြောင့်
အန္တရာယ်များကြားတွင် အလုပ် လုပ်ကိုင်နေကြရကြောင်း မလေးရောက် မြန်မာများက
ပြောဆိုကြသည်။
မလေးရှားနိုင်ငံရှိ အရပ်ဒေသ အသီးသီး၌ အလုပ်လုပ်ကိုင်နေကြသော
သိန်းချီသည့် မြန်မာနိုင်ငံသားများ၏ လူမှုပြ ဿနာများကို ဖြေရှင်းပေးရန်
အလုပ်သမား သံအရာရှိ လုံလောက်မှုမရှိဟုလည်း သိရသည်။
“မလေးရှားမှာ အလုပ်သမား သံအရာရှိ တဦးပဲရှိတော့ ထိရောက်အောင်
လုပ်မပေးနိုင်ဘူး၊ ဒီကိစ္စကို မြန်မာ အာဏာပိုင်တွေ လာ တုန်းက တင်ပြတော့
ဘတ်ဂျက် အခြေအနေအရ အခက်အခဲရှိတယ်လို့ ပြောသွားတယ်”ဟု ဦးမြတ်ဝင်း က
ပြောသည်။
မလေးရှားနိုင်ငံရှိ မြန်မာများအား ဆက်တိုက်တိုက်ခိုက်
သတ်ဖြတ်ခံနေရခြင်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊
ဘာသာရေး ပဋိပက္ခများကြောင့် လက်စားချေတိုက်ခိုက်ခြင်းများဟု ယူဆရကြောင်း
မလေးရောက် မြန်မာများက ပြောသည်။
by irrawaddy
No comments:
Post a Comment