မန္တလေးတိုင်း ပုဂံမြို့က အများပိုင် ထန်းဥယျာဉ် မြေနေရာကို ပုဂ္ဂလိက
စီးပွားရေး လုပ်ငန်းရှင်တဦးကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ပေးထားတဲ့ အပေါ်
ပုဂံမြို့ခံတွေက ပြန်လည် ရယူဖို့ ဆန္ဒရှိနေပါတယ်။၁၉၉၀ ခုနှစ် လက်ရှိ ပုဂံမြို့သစ်နေရာမှာ မြို့ခံတွေကို
ပြောင်းရွှေ့နေထိုင်စေခဲ့ရာမှာ ထန်းပင်တွေ ပေါက်ရောက်နေတဲ့ ၅ ဧကကျယ်
ထန်းဥယျာဉ် မြေနေရာကို မြို့ပိုင် မြေကွက်အဖြစ် အစိုးရက သတ်မှတ်ပေးခဲ့တာ
ဖြစ်ပါတယ်။
ဒါပေမယ့် အနီးရှိ အိမ်ဝိုင်း ၁၆ ၀ိုင်းကို ထောက်လှမ်းရေး လက်ဝေခံ
လူတဦးက ၀ယ်ယူခဲ့ပြီး ဟိုတယ် ဆောက်လုပ်ခဲ့သလို
မြန်မာခရီးသွားနှစ်နောက်ပိုင်း အများပိုင် ထန်းဥယျာဉ် မြေနေရာကို
တံတိုင်းခတ် သိမ်းယူခဲ့တာလို့ မြို့ခံတွေ ကပြောပါတယ်။
ဒီနောက် ဟိုတယ်နဲ့ ဒီနေရာကို ဆင့်ကဲ လက်ဆင့်ကမ်းခဲ့ရာကနေ ဦးတေဇပိုင်
ထူး ကုမ္ပဏီက ဆက်ခံ ရယူခဲ့ပြီး ထိန်းသိမ်းစောင့်ရှောက်ခွင့်
လျှောက်ထားခဲ့သလို ဟိုတယ်တွေကို ထန်းဥယျာဉ် မြေပေါ်မှာ ကျူးကျော်
ဆောက်လုပ်လာတယ်လို့ မြို့ခံတွေ ကပြောပါတယ်။
ရှေးဟောင်း စေတီပုထိုးတွေ ပေါများတဲ့ ပုဂံဒေသမှာ မြေယာ ရှားပါးတဲ့အတွက်
မြို့လယ်ခန်းမ၊ စာကြည့်တိုက်၊ ဆေးပေးခန်းနဲ့ နာရေးကူညီမှုအသင်းတို့လို
မြို့ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြေမရှိ ဖြစ်နေတဲ့အကြောင်း ပုဂံမြို့ခံ
ဦးလင်းအောင်က အခုလို ပြောပါတယ်။
“ကျနော်တို့က ဒီမြေကို ပြန်လိုချင်တယ်။ ဒီမြေပေါ်မှာ
ပုဂံမြို့မှာလိုအပ်နေတဲ့ အဆောက်အဦတွေ ဆောက်ဖို့ အများကြီးရှိတယ်။ ဒါပေမယ့်
မြေမရှိဘူး။ ပုဂံမြို့ပိုင်မြေဆိုတာ ဒီနေရာပဲ ရှိတယ်။ ဒီနေရာကို
ပြန်လိုချင်တယ်။ ဒီနေရာရပြီဆိုရင် ကျနော်တို့က မြို့တော်ခန်းမလိုမျိုး၊
ဆေးပေးခန်းလိုမျိုး၊ စာကြည့်တိုက်လိုမျိုး၊ နောက်ပြီး နာရေးကားဆိုရင်လည်း
ထားစရာမြေမရှိဘူး၊ နာရေးကားထားဖို့ ကားဂိုဒေါင်တွေကအစ လုပ်ပေးချင်တယ်။
ပုဂံမြို့မှာ လိုအပ်တာတွေကို လုပ်ပေးချင်တယ်။ ပုဂံမြို့မှာ
ဘောလုံးကွင်းဆိုတာ မရှိဘူး။ ကုတင် ၂၀ လောက် ဒေသန္တရဆေးပေးခန်းဆိုတာ ရှိတယ်။
ဆေးဝါးလည်း ပြည့်စုံမှုမရှိ၊ ဆရာဝန် ဆရာမ မရှိဘူး။ အဓိကဖြစ်ရင် ညောင်ဦးကို
သွားရတယ်။ ၇ မိုင်လောက်ဝေးတယ်။ ညရေးညတာ ကိစ္စဆိုရင် အရပ်ဘက် ဆရာဝန်နဲ့ပဲ
ကုသရတယ်။ အဲတော့ ဆေးပေးခန်းဆိုတာ မရှိဘူး။”
မြေယာရရှိရေးအတွက် ဟိုတယ်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီး
မြို့ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်တဲ့ မြေနေရာတွေကို စီစဉ်ပေးမယ်လို့
ပြောခဲ့ပေမယ့် အကောင်ထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်း မရှိဘူးလို့လည်း သူက
ပြောပါတယ်။
ဒီမြေနေရာကို ပြန်လည်ရရှိဖို့ အုပ်ချုပ်ရေးအရာရှိတွေဆီကို
လျှောက်ထားခဲ့ပြီး မြေယာ ပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်ဖို့ ၈ လပိုင်းနဲ့ ၁၂
လပိုင်းတွေမှာ ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် ပယ်ချ ခံထားရတယ်လို့လည်း သူက
ပြောပါတယ်။
အာဆီယံအစည်းအဝေးတွေ ရှိတဲ့အတွက် ဆန္ဒပြဖို့ ခွင့်မပြုတာဖြစ်ပြီး
မြေကိစ္စကို ကိုင်တွယ် ဖြေရှင်းလို့ မရဘူးလို့ ဒီဟိုတယ်ရှိတဲ့ အနော်ရထာ
ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းအေးက ပြောပါတယ်။
အများပိုင် မြေယာတွေပေါ်မှာ ကျူးကျော် ဟိုတယ် ဆောက်လုပ်လာတဲ့အကြောင်းနဲ့
မြေယာ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ပုဂံမြို့ Myanmar Treasure Resort
ဟိုတယ်ကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ရှိသူတဦးက
သူတို့ ပိုင်ဆိုင်တဲ့ မြေပေါ်မှာသာ ဟိုတယ်ကို တည်ဆောက်ထားတာ ဖြစ်တဲ့အကြောင်း
ပြောဆိုပါတယ်။
၂၀၁၁ ခုနှစ်က ဦးတေဇက ထိန်းသိမ်းစောင့်ရှောက်ခွင့်ကို လျှောက်ထားခဲ့တာနဲ့ ပတ်သက်ပြီး ပုဂံမြို့ခံ ဦးခင်မောင်ညိုက အခုလို ပြောပါတယ်။
“ကျနော်တို့ရဲ့ ပန်းခြံနေရာကို ဟိုတယ်ဝင်လမ်းအဖြစ် အသုံးပြုထားတယ်။
ပိုင်ဆိုင်မှုမရှိဘဲ အသုံးပြုထားတယ်။ ၂၀၁၁ တုန်းက ဒီပန်းခြံကို
ထိန်းသိမ်းခွင့်တောင်းထားတယ်လို့ သူတို့က ပြောပါတယ်။ ပြည်သူပိုင်တဲ့နေရာကို
သူက ထိန်းသိမ်းစရာအကြောင်းလည်း မရှိဘူးလေ။ ပြည်သူက ထိန်းသိမ်းရမှာ။
သူတဦးတယောက် ပိုင်ဆိုင်တာမှမဟုတ်တာ။”
၁၉၉၀ ပြည့်နှစ်လောက်က လက်ရှိပုံဂံမြို့သစ်နေရာကို အစိုးရက
မြို့ခံလူတွေကို ပြောင်းရွှေ့နေထိုင်စေခဲ့ပြီး ရေကန်တွေ ထန်းပင်တွေရှိတဲ့
ထန်းဥယျာဉ်လို့ ခေါ်တဲ့ မြေနေရာကို မြို့ပိုင်မြေအဖြစ် သတ်မှတ်ပေးခဲ့တာပါ။
၁၉၉၈ နောက်ပိုင်းမှာ ထောက်လှမ်းရေးက ဒီနေရာကို ရပ်ကွက်လမ်းတွေ
ပိတ်ဆို့ခြံဝန်းခတ် သိမ်းယူခဲ့ပြီး ၂၀၁၁ နောက်ပိုင်းမှာတော့ ဦးတေဇပိုင်
ထူးထရေးဒင်း ကုမ္ပဏီက ယင်းမြေနေရာကို
ထိန်းသိမ်းစောင့်ရှောက်ခွင့်ရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
DVB

No comments:
Post a Comment