ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်များ ယာဉ်စည်းကမ်းချိုးဖောက်မှု
များပြားလာသဖြင့် စည်းကမ်း ချိုးဖောက်သည့် ယာဉ်များကို
လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူတော့မည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲ
တပ်ဖွဲ့ခွဲမှူးရုံးက ဒု-ရဲမှူးကြီး လင်းထွဋ်က ဇန်နဝါရီလ ၂၄ရက်က မီဒီယာများကို
ပြောသည်။
“ယာဉ်စည်းကမ်း မလိုက်နာရင် မော်တော်ယာဉ်မောင်းကို လိုင်စင်ပိတ်သိမ်းမယ်။
ခရီးသည်ယာဉ်တွေနဲ့ ပတ်သက်လို့ရှိရင် ယာဉ်လိုင်းပြေးဆွဲခွင့်ပါ
ပိတ်သိမ်းတဲ့အထိ အရေးယူဖို့ စီစဉ်နေတယ်” ဟု ဒု-ရဲမှူးကြီး လင်းထွဋ်က
ပြောသည်။
မော်တော်ယာဉ်များကို ပြစ်ဒဏ်ချမှတ်သည့် အနေဖြင့် လိုင်စင်ပိတ်သိမ်းသည့် ကာလသည် ပုဒ်မ ၂၇၉ (ယာဉ်မဆင်မခြင်
မောင်းနှင်မှု)၂နှစ်၊ ပုဒ်မ ၃၃၇ သာမန်ဒဏ်ရာရမှု ၂နှစ်၊ ပုဒ်မ ၃၃၈
အပြင်းအထန်ဒဏ်ရာရမှု ၅ ဦးအထိကို ၂ နှစ်၊ ၅ ဦး အထက်ဆိုလျှင် ၃နှစ်၊ ပုဒ်မ
၃ဝ၄(က) လူသေမှု ၅ဦးအထိ ၄နှစ်၊ ၅ဦး အထက်သေဆုံးလျှင် ၅နှစ်အထိ
ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းမည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု
ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။
လက်ရှိတွင် မော်တော်ယာဉ်များအနေဖြင့် ယာဉ်တိုက်မှုဖြစ်ပေါ်စေနိုင်သည့်
မီးနီဖြတ်ခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်း၊ အရှိန်ပြင်းမောင်းခြင်း၊
အရပ်သေစာသောက်ကာ မောင်းနှင်ခြင်း၊ အမိုးပေါ်တက်စီးခြင်း၊ နောက်တွယ်စီးခြင်း၊
ဖြူ/နီကြား ရပ်ခြင်း ၊နှစ်ထပ်ရပ်ခြင်း၊ မှတ်တိုင်မရောက်ဘဲရပ်ြခင်း၊
ဘေးတံခါးဖွင့်ခြင်း၊ ပွိုင့်အတက်အဆင်းလုပ်ခြင်း၊ စတေကာကပ်ခြင်း၊
လိုက်ကာချခြင်း၊ ကားဟွန်းတီးခြင်း၊ ယာဉ်နံပါတ်နီ/နက်ပြောင်းခြင်း၊
ပိုင်/ငှားကွဲလွဲမှုပြုလုပ်ခြင်းနှင့် ဆိုင်ကယ်နယ်ကျော်စီးခြင်း စသော
ပြစ်မှုများ ကျူးလွန်ပါက ၁၅ဝဝကျပ်သာ ဒဏ်ငွေ ချမှတ်လေ့ရှိသည်။
တက္ကစီယာဉ်မောင်း တစ်ဦးဖြစ်သူ ဦးအောင်ကြီးက“ကျွန်တော်တို့ ကြားဖူးတာက
နိုင်ငံခြားမှာလဲ အဲဒီလို လုပ်တယ်လို့ပြော တယ်။ မှုခင်းအရည်အတွက်ကို
ကြည့်ပြီး လိုင်စင်ပိတ်တာတို့ ရှိတယ်ပြောတယ်။ အခုက အမှုတစ်ခုကို ၁၅ဝဝ
ကျပ်ပဲပေးရ တယ်။ ဖမ်းတဲ့နေရာမှာတော့ ငြိမ်သွားမယ်” ဟု ပြောသည်။
လက်ရှိတွင် ယာဉ်စည်းကမ်းချိုးဖောက်မှုများ များပြားလာကာ
ယင်းပြစ်ဒဏ်ငွေဖြင့် ထိရောက်မှုမရှိသဖြင့် ယာဉ်စည်းကမ်း
ထိန်းသိမ်းလိုက်နာစေရန် လိုင်စင်ပိတ်သိမ်းသည့်အထိ အရေးယူနိုင်ရန်
စီစဉ်နေခြင်းဖြစ်သည်။
ဒု-ရဲမှူးကြီး လင်းထွဋ်က “အဲဒါတွေကို ဥပဒေနဲ့ အညီဖြစ်ဖို့
ဆွေးနွေးထားပြီ။ ယာဉ်တိုက်မှု ဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ မှုခင်းတွေ
ဘယ်လိုလိုင်စင်ပိတ်မယ် ဆိုတာ ဥပဒေနဲ့ အညီဖြစ်အောင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ကို ယာဉ်စည်းကမ်းထိန်းသိမ်း မှု ကော်မတီအနေနဲ့ တင်ပြထားတယ်”ဟု
ပြောသည်။
အဆိုပါ သတ်မှတ်ထားသည့် အမှုများသည် ယာဉ်တိုက်မှု ဖြစ်ပေါ်စေနိုင်ခြင်း၊
ယာဉ်အန္တရာယ် ဖြစ်ပေါ်စေနိုင်ခြင်း၊ မြို့တော် အင်္ဂါရပ်နှင့် မညီခြင်း၊
ယာဉ်တိုက်မှုတွင် စုံစမ်းဖော်ထုတ်ရန် ခက်ခဲခြင်းတို့ ပါဝင်သည်ဟုဆိုသည်။
Mizzima

No comments:
Post a Comment