အမျိုးသားဒီမိုကရေစီအင်အားစု (အန်အယ်လ်ဒီ) ပါတီက ကချင်ပြည်နယ်
ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာဟာ သူ့ကို စွဲဆိုထားတဲ့အမှုတွေကို တရားစီရင်
အမိန့်ချမှတ်ခြင်း မရှိဘဲ ကြန့်ကြာနေတာကြောင့် အချုပ်မှာ ၆ လနီးပါး
အချုပ်ကျခံရတဲ့အတွက် အမှုကို အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရက်ပေးဖို့
ကာယကံရှင်နဲ့ သူ့ရဲ့ရှေ့နေဖြစ်သူက တောင်းဆိုလိုက်ပါတယ်။
ဒေါ်ဘောက်ဂျာကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက တရားမ၀င်
ဆေးကုသမှုနဲ့ လူသေမှု အပါအ၀င် ပြစ်မှုသုံးမှုနဲ့ တရားစွဲဆိုပြီး ကချင်ပြည်နယ်
ဖားကန့်ရဲစခန်းမှာ သီးသန့် အချုပ်ချထားတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော် သမ္မတက
နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ အမှုတွေကို ပတ်သိမ်ပြီး
လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။ ဒါပေမယ့် ဒေါ်ဘောက်ဂျာကတော့
ပြန်လွတ်လာခြင်း မရှိသေးတဲ့အပြင် သူ့ရဲ့အမှုတွေဟာ အာမခံမရတဲ့
ပုဒ်မတွေဖြစ်တဲ့အတွက် အချုပ်က မလွတ်နိုင်ဘဲ ဖြစ်နေတာလို့ အလားတူ သူ့ရဲ့
ရှေ့နေဖြစ်သူ ဦးမြင့်သွင်က ပြောပါတယ်။
“လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပတ်သတ်လို့ သူ့ကိစ္စပါ
စုံစမ်းရင်းနဲ့ အမှုပိတ်တဲ့ထဲမှာ ပါလားလို့ ကြည့်တာ မပါသေးတော့ ခက်တယ်။
သတ်မှတ်တဲ့ ပုဒ်မတွေထဲမှာ မပါသေးဘူး ဖြစ်နေတယ်။ သူ့ကိုဆွဲထားတဲ့ ပုဒ်မတွေက
နိုင်ငံရေးနဲ့ နွှယ်တဲ့ ပုဒ်မတွေမဟုတ်ပဲနဲ့ ၃၀၄ က ဆေးထိုးလို့ လူသေမှုရယ်၊
လိုင်စင်မရှိပဲနဲ့ အပ်ကိုကိုင်တယ်ဆိုပြီးတော့ ဆေးကောင်စီ ဥပဒေရယ်၊ ဆေးတွေက
ယစ်မျိုးဥပဒေရယ်။ အဲလို ပုဒ်မတွေနဲ့ ဆွဲထားလို့ခင်ဗျ။”
အမှုကြန့်ကြာနေရတဲ့အတွက် နစ်နာဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်ဘောက်ဂျာက ခုလို ပြောပါတယ်။
“အခုလိုကြန့်ကြာတာကလည်း တမင်သက်သက် ဆွဲဆန့်ထားစရာ
အပိုင်းတွေလည်း တွေ့ရတာပေါ့။ ဥပဒေ အကြံပေးချက်ကနေ သူတို့ နောက်ဆုံးသက်သေကို
ရက်ပေါင်း ၁၀၀ ကျော် ဆွဲဆန့်ထားတယ်။ အဲဒီ ရက်ပေါင်း ၁၀၀ ကျော်မှာ ဘာအမှုမှ
မစစ်ဘဲနဲ့ ဒီတိုင်းပဲ အကြောင်းအမျိုးမျိုးပြပြီးတော့ ဆင့်စာ မရောက်တာတို့၊
ဘာတို့ နည်းမျိုးစုံနဲ့ပြောတယ်။ အဲဒီ့တော့ ဆင့်စာမရောက်ရင် ကျမ
တနှစ်လုံးဖြစ်ဖြစ်၊ တသက်လုံးဖြစ်ဖြစ် ဒီတိုင်းစောင့်ရမှာလားလို့
မေးတော့လည်း သူတို့မှာ ဘာမှ မဖြေဘူး။ အဲဒီ့တော့ ခင်ဗျားတို့ အပြစ်ရှိတယ်
ထင်ရင်လည်း မြန်မြန် အမိန့်ချလိုက်လို့၊ ကျမကို ဒီလို မဆွဲဆန့်ထားနဲ့။ ကျမ
အချုပ်ခန်းထဲ နေနေတဲ့ လူတယောက်ဖြစ်တယ်။ ကျမအတွက် အရမ်း နစ်နာတယ်လို့။
အဲဒါကြောင့် အမြန်ဆုံးအမှုစိစစ်ပေးပါ။”
ဒေါ်ဘောက်ဂျာရဲ့ အမှုအတွက် ရုံးချိန်းပေါင်း ၃၀ နီးပါး
စစ်ဆေးပြီးသွားပြီဖြစ်ပြီး လာမယ့် ဇန်န၀ါရီလ ၉ ရက်နေ့မှာ ဖားကန့် မြို့နယ်
တရားရုံးမှာ ထပ်မံ စစ်ဆေးဖို့ရှိနေပြီး စွပ်စွဲခံရသူ ဘက်ကတော့
အမှုပိတ်သိမ်းဖို့ ဆန္ဒရှိနေကြပါတယ်။
ဒေါ်ဘောက်ဂျာကို ဖမ်းဆီး အရေးယူနေမှုဟာ တရားမ၀င်ဆေးကုမှု
ပြဿနာကြောင့် မဟုတ်ဘဲ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီအမတ် ယခု
ပြည်ထောင်စု ၀န်ကြီးဖြစ်နေသူ ဦးအုန်းမြင့်နဲ့အကြား မဲရလဒ်နဲ့ ပတ်သက်တဲ့
ပြဿနာက အရင်းခံဖြစ်တယ်လို့ ရှေ့နေဖြစ်သူ ဦးမြင့်သွင်က ပြောပါတယ်။
“ဒီ ပထမ ရွေးကောက်ပွဲ ၂၀၁၀ အပြီးမှာ ပြည်ထောင်စုကော်မရှင်မှာ
ဗိုလ်ချုပ် အုန်းမြင့်နဲ့ သူနဲ့ ဖားကန့်မှာပြိုင်တော့ ဒီအခု
ဝန်ကြီးဖြစ်နေတဲ့ ဗိုလ်ချုပ်အုန်းမြင့်နဲ့က မဲက ဒေါ်ဘောက်ဂျာက သာတော့
ကန့်ကွက်လွှာတွေ တင်တာခင်မျ။ အဲဒီ့ ဗိုလ်ချုပ်အုန်းမြင့်ကို ကန့်ကွက်တဲ့
အချိန်မှာပဲ နောက်ပိုင်းက ဒေါ်ဘောက်ဂျာ ရွေးကောက်ပွဲ မဝင်ခင် တနှစ်လောက်က
အဖြစ်အပျက်တွေကို လိုက်ရှာ ပြီးတော့ အမှုဆင်၊ အမှုဖွင့်တာပေါ့။ ဒါပေမယ် အဲဒီ့
ကော်မရှင်မှာပဲ ဗိုလ်ချုပ်အုန်းမြင့် နဲ့ ဒေါ်ဘောက်ဂျာနဲ့ ညှိနှိုင်းပြီး
အဆင်ပြေသွားတဲ့အခါကျတော့ အဲဒီ့အမှုတွေက အကုန်ရပ်သွားပြီး ဒေါ်ဘောက်ဂျာကို
လိုက်ဖမ်းတာ အမှုစစ်တာ ဘာမှ မလုပ်တော့ဘူး။ ကြားထဲက ရွေးကောက်ပွဲမှာ
ကော်မရှင်မှာ တင်တော့လည်း လက်ခံထားတာပဲ။ ဒါပေမယ့် မြို့နယ်ဥပဒေ အရာရှိဆီ
တင်ခဲ့တာက ပိတ်သိမ်းခွင့် မကျခဲ့ဘူး။ အဲဒီ့တုန်းက ပိတ်သိမ်းပြီးလို့
တင်ခဲ့တာက မကျခဲ့ဘဲ အခုချိန် နိုင်ငံခြား ခရီးစဉ် ပြန်လာပြီးတော့မှ
အဲဒီ့အမှုတွေ ပြန်ပေါ်လာပြီးတော့ တရားစွဲတယ်လို့ သိရပါတယ်။”
ဒေါ်ဘောက်ဂျာဟာ ရွေးကောက်ပွဲအလွန်ကာလမှာ မြေသိမ်းခံရမှုကြောင့်
ဆုံးရှုံးနစ်နာတဲ့ လယ်သမားတွေအရေးနဲ့ ကလေးစစ်သားအရေး
ကူညီဆောင်ရွက်ပေးမှုများ လုပ်ဆောင်နေတာဖြစ်ပြီး ဇူလိုင်လ ၁၈ ရက်ညက
ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။by dvb

No comments:
Post a Comment