ဟောင်ကောင်မှာ ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်မှုလို့
အခိုင်အမာပြောနေတဲ့ လုပ်သားဥပဒေ အတော်များများကို ပြောင်းပေးဖို့ ဇန်န၀ါရီ
၂၆ ရက်နေ့က ထောင်နဲ့ချီတဲ့ နိုင်ငံခြားသား အိမ်အကူ အလုပ်သမားတွေ စီတန်း
လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ဇန်န၀ါရီ ၂၆ ရက်နေ့ ချီတက်မှုမှာ လူ ၄ ထောင်လောက် ပါဝင်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ရဲတွေကတော့ စီတန်းမှု အရှိန်အမြင့်ဆုံး အချိန်မှာ လူ ၂ ထောင်လောက် ရှိတယ်လို့ ပြောပါတယ်။
အရင်အပတ်က ဟောင်ကောင်နဲ့ အင်ဒိုနီးရှား ၂ နိုင်ငံအရာရှိတွေကြား
ဂယက်ရိုက်ခဲ့တဲ့ အင်ဒိုနီးရှားအိမ်အကူ အာဝီယာနာကို အလွဲသုံးစား လုပ်ခဲ့တဲ့
အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီကို အပြစ်ပေးဖို့ကိုလည်း ဆန္ဒပြသူတွေက
တောင်းဆိုခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် အင်ဒိုနီးရှားအိမ်အကူ အာဝီယာနာကို ဟောင်ကောင်အလုပ်ရှင်က
ဆိုးဆိုးရွားရွား ရိုက်နှက်ခဲ့လို့ နှိပ်စက်မှု စွပ်စွဲချက်နဲ့
ဟောင်ကောင်ရဲတွေက စုံစမ်းစစ်ဆေးခဲ့ရပါတယ်။
အင်ဒိုနီးရှားသမ္မတကိုယ်တိုင် အိမ်အကူ မိန်းကလေးရဲ့ဖခင်ဆီ ဖုန်းဆက်ပြီး
တရားမျှ တစေရမယ်လို့ ပြောခဲ့သလို ဟောင်ကောင်တရားရုံးက အလုပ်ရှင်ကို
တရားစီရင်အပြီး ဟောင်ကောင်ဒေါ်လာ ၁ သန်း အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ရတာပါ။
ဟောင်ကောင်မှာ လက်ရှိ ဥပဒေအရ အိမ်အကူတွေဟာ အလုပ်ရှင်တွေနဲ့ တအိမ်တည်း
အတူနေရပြီး ပြည်ဝင်ခွင့် သက်တမ်းကုန်ဆုံးဖို့ ၂ ပတ်အလိုမှာ
အလုပ်သစ်ရှာဖွေဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေကတော့ ဒီဥပဒေကို
ပြောင်းဖို့ ဆော်သြခဲ့ကြပါတယ်။
ဟောင်ကောင်မှာ နိုင်ငံခြားသား အိမ်အကူလုပ်သားတွေအတွက် အနည်းဆုံး လုပ်ခလစာ က အမေရိကန်ဒေါ်လာ ၅၁၆ ပါ။နိုင်ငံခြားသား အိမ်အကူ ၃ သိန်းလောက်ရှိပြီး အများစုက အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံက လာတဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်။
DVB

No comments:
Post a Comment