နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ သတိပေးသလို မြန်မာနိုင်ငံမှာ
ငွေကြေးဖောင်းပွမှုနှုန်းကို နိမ့်နိုင်သမျှနိမ့်အောင် ထိန်းထားနိုင်မှ
တိုင်းပြည်ရဲ့စီးပွားရေးလည်း တည်ငြိမ်မှာဖြစ်တဲ့အကြောင်း
ပြည်တွင်းစီးပွားရေးပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတော်ရဲ့ လိုငွေကို ဗဟိုဘဏ်က ငွေစက္ကူရိုက်နှိပ်ပြီး
ဖြေရှင်းတာမျိုးက ငွေကြေးဖောင်းပွမှုနှုန်းကို ပိုမိုကြီးမြှင့်စေတာကြောင့်
လျှော့ချဖို့လိုတဲ့အကြောင်း မနေ့က နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က
သတိပေးထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၂၀၁၂ ခုနှစ်မှာ ၂ ဒဿမ ၈
ရာခိုင်နှုန်းဘဲရှိခဲ့ပေမယ့် ၂၀၁၃ခုနှစ် သြဂုတ်လမှာတော့ ၇ ဒဿမ ၂
ရာခိုင်နှုန်းအထိ မြှင့်တက်လာခဲ့လို့ ဒီအခြေအနေ အတိုင်းသာဆိုရင်
လာမယ့်ဘဏ္ဍာနှစ်မှာ ၇ ဒသမ ၇၅ ရာခိုင်နှုန်းအထိ မြှင့်တက်လာနိုင်တယ်လို့
သတိပေးထားတာပါ။
ငွေကြေးဖောင်းပွမှုနှုန်းက နိုင်ငံတိုင်းလိုလို ရှိတာဖြစ်ပေမယ့်လည်း
တက်နိုင်သမျှ နည်းအောင် ထိန်းသိမ်းဖို့လိုတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့
ပကတိစီးပွားရေးအခြေအနေအရ ငွေကြေး ဖောင်းပွမှုနှုန်းက ၅ရာခိုင်နှုန်းထက်
မကျော်ဖို့ လိုတဲ့အကြောင်း စီးပွားရေးမူဝါဒရေးရာ ကျွမ်းကျင်သူ
ဒေါက်တာအောင်ကိုကိုက ဒီဗွီဘီကို ပြောပါတယ်။
ဒါကြောင့်ငွေကြေးဖောင်းပွမှုနှုန်းကို မထိန်းသိမ်းနိုင်ခဲ့ရင်
တိုင်းပြည်ရဲ့ကုန်ထုတ်လုပ်မှုစွမ်းအားကို လျှော့ချစေတဲ့ အပြင်
တိုင်းပြည်ရဲ့စီးပွားရေးတည်ငြိမ်မှုကိုလည်း အားနည်းစေတဲ့အကြောင်း သူက
အခုလိုပြောပါတယ်။
“ငွေကြေးဖောင်းပွမှုကို မထိန်းနိုင်ခဲ့ရင် အထူးသဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ
ဖွံ့ဖြိုးတိုးတက်သင့် သလောက် မတိုးတက်နိုင်ဘူး။ ပြည်ပပို့ကုန်ဈေးကွက်ကို
ပို့တဲ့အခါမှာ ကမ္ဘာ့ထုတ်ကို ဈေးကွက်မှာ အဓိက လွှမ်းမိုးနေတဲ့ တရုတ်နိုင်ငံ
ထိုင်းနိုင်ငံတွေရဲ့ ထုတ်လုပ်တဲ့ ထုတ်ကုန်ရဲ့ စရိတ်ထက် မနိမ့်ဘူးဆိုရင်
ဈေးကွက်တွေမှာ ထိုးဖောက်ဖို့ မလွယ်ဘူး။ ဈေးနှုန်းအရ ယှဉ်ပြိုင်ဖို့
ဆိုတာလည်း တဖက်မှာလည်း ကုန်ထုတ်လုပ်မှုစရိတ်ကို နိမ့်နိုင်သမျှနိမ့်အောင်
လုပ်ရတယ်။ နောက် ကုန်ထုတ်လုပ်မှု စရိတ် နိမ့်ဖို့ဆိုတာလည်း
ငွေဖောင်းပွမှုနဲ့လည်း အများကြီး ဆက်စပ်နေတယ်။”
ဒါဟာ စားသုံးသူတွေအတွက်လည်း ၀ယ်ယူနိုင်စွမ်းကိုလျှော့ကျစေပြီး
လူနေမှုအဆင့်အတန်းကို ကျဆင်းစေလို့ ငွေကြေးဖောင်းပွမှုနှုန်းကို တတ်နိုင်သမျှ
နည်းအောင်ထိန်းသိမ်းဖို့လိုပါတယ်လို့ ဒေါက်တာ အောင်ကိုကိုက ပြောပါတယ်။
ဗဟိုဘဏ်အနေနဲ့ ငွေကြေးဆိုင်ရာပေါ်လစီနဲ့ပတ်သတ်လို့
ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ အပေါ်မှာလည်း မူတည်တဲ့အကြောင်း
ဒေါက်တာအောင်ကိုကိုက အခုလိုပြောပါတယ်။
“အစိုးရရဲ့ ဘဏ္ဍာရေး လိုငွေပြမှုကို ဘယ်လိုနည်းနဲ့ ဗဟိုဘဏ်အနေနဲ့ ပူးပေါင်း
ဆောင်ရွက်မလဲပေါ့။ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာက ဘဏ္ဍာရေး လိုငွေပြမှုကို
ငွေကြေးရိုက်ထုတ်တဲ့ ပုံစံမျိုး မဟုတ်ပဲနဲ့ ဘယ်လိုနည်း
ဒီ့ထက်မြင့်သွားရင်တော့ ပြည်သူတွေရဲ့ အခြေခံ ကုန်ဈေးနှုန်းတွေ
မြင့်မားသွားစေနိုင်တယ်ဆိုတာ သိဖို့လိုတာပေါ့။ ”
ဒီ့နောက် နိုင်ငံတော်သမတရဲ့စီးပွားရေးဆိုင်ရာအကြံပေးအရာရှိ
ဒေါက်တာအောင်ထွန်းသက်က ဗဟိုဘဏ်အနေနဲ့ ဒါကိုလည်း
ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း အခုလိုပြောပါတယ်။
“အခုဆိုရင် လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိနေပြီပဲ။ အခုဆိုရင် သူတို့မှာလည်း
တချိန်တုန်းက ဗဟို ဘဏ်မှာ တာဝန်ယူခဲ့တဲ့သူတွေ တာဝန်ရှိတဲ့သူတွေ ရှိနေတာပဲ။
ယုံယုံကြည်ကြည်နဲ့ လုပ်နိုင်တဲ့သူတွေပါ။ သူတို့က အရည်အချင်းရှိတဲ့ သူတွေပါ။
ဆရာကတော့ စိတ်ချပါတယ်။”
မြန်မာနိုင်ငံမှာ ပြည်တွင်းငွေကြေးလှည့်ပတ်စီးဆင်းမှုက ၂၀၁၀-၁၁ဘဏ္ဍာနှစ်မှာ
ကျပ် ၆၃၃၁ ဘီလီယံ ရှိခဲ့ပေမယ့် ၂၀၁၁ – ၁၂ ဘဏ္ဍာနှစ်မှာ ကျပ် ၆၇၂၂ ဘီလီယံ
ရှိလာခဲ့ပြီး ၂၀၁၂ – ၁၃ ဘဏ္ဍာနှစ်မှာတော့ ကျပ် ၉၈၄၆ ဘီလီယံအထိ
ရှိလာတဲ့အကြောင်း ဗဟိုစာရင်းဇယားအဖွဲ့က ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။
DVB

No comments:
Post a Comment