မွန်ပြည်နယ် အစိုးရက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင် လုပ်ကိုင်မည်ဟု
စီမံကိန်း ရေးဆွဲထားသော မော်လမြိုင်စက်မှုဇုန် (ကျောက်တန်း စက်မှုဇုန်)
မြေများကို ပြည်နယ်အစိုးရနှင့် နီးစပ်ပြီး သတင်းအချက်အလက် ကြိုတင်
ရရှိထားသည့် အဖွဲ့အစည်းများက လက်ဦးမှု ရယူကာ လိုက်လံဝယ်ယူလျက် ရှိကြောင်း
မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်တွင် နေထိုင်သူများက ပြောကြားသည်။
အဆိုပါ စက်မှုဇုန်ကို တပ်မတော် အစိုးရလက်ထက် ၁၉၉၇ ခုနှစ်ကတည်းက
သတ်မှတ်ထားသော မြေနေရာတွင် ပြန်လည် တည်ဆောက်ရန် မွန်ပြည်နယ် အစိုးရက
စီစဉ်ထားခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် စက်မှုဝန်ကြီးဌာန ဝန်ကြီး
ဦးနိုင်လဝီအောင်က ပြောကြားသည်။
အဆိုပါ စက်မှုဇုန်မြေနေရာ အဖြစ် သတ်မှတ်ထားသော လယ်ယာမြေများကို မြို့နယ်
စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးရေး ကော်မတီ အထောက်အကူပြု
ကော်မတီ၊ လယ်ယာမြေစီမံခန့်ခွဲ ကော်မတီ တို့တွင် ပါဝင်ခွင့် ရရှိထားသည့်
စီးပွားရေး လုပ်ငန်းရှင် အချို့က လိုက်လံဝယ်ယူနေခြင်း ဖြစ်ကြောင်း
မော်လမြိုင်မြို့နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ အတွင်းရေးမှူး
ဦးလှရှိန်က ဆိုသည်။
အဆိုပါ စက်မှုဇုန်စီမံကိန်း အတွက် မြေဧက ၂၅၄ ဧက သတ်မှတ်ထားရာ
အဆိုပါကော်မတီတွင် ပါဝင်သော စီးပွားရေး လုပ်ငန်းရှင်အချို့က မြေဧက ၂၀၀
နီးပါး လက်ဦးမှုရယူကာ ဝယ်ယူခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ
ဦးသောင်းရှိန်က ရှင်းပြသည်။
"ဒီစီမံကိန်း ရှိတယ်ဆိုတာ ပြည်သူတွေကို အစိုးရအပါအဝင် အထောက်အကူပြု
ကော်မတီတွေက ချပြဖို့တာဝန် ရှိတယ်။အဲ့လို ချပြရမယ့်အစား သူတို့ကိုယ်တိုင်
လိုက်ဝယ်နေတာတော့ မဖြစ်သင့်ဘူး" ဟု ဦးလှရှိန်က ဆိုသည်။
အဆိုပါ စီမံကိန်းအတွက် မြေ လိုက်လံဝယ်ယူမှုများ ရှိနေသည်ကို သိရှိထားခြင်း
မရှိကြောင်း၊ ယင်းစက်မှုဇုန် မြေနေရာတွင် စက်ရုံတည်ဆောက်ရန် အတွက်
လျှောက်ထားသည့် ကုမ္ပဏီတစ်ခုသာ ရှိသေးကြောင်း၊ အဆိုပါ ကုမ္ပဏီက မြေ ၂၇ ဒသမ ၅
ဧကကို လျှောက်ထားခဲ့ကြောင်း မွန်ပြည်နယ် စက်မှုဝန်ကြီးဌာန ဝန်ကြီး
ဦးနိုင်လဝီအောင်က ဆိုသည်။
အဆိုပါ စက်မှုဇုန်စီမံကိန်း အတွင်းရှိ လယ်ယာမြေများသည် ကာလပေါက်ဈေး တစ်ဧက
ကျပ်ငါးသိန်း နီးပါးသာ ရှိသော်လည်း ကျပ်နှစ်ဆယ့်နှစ်သိန်းမှ
ကျပ်သိန်းငါးဆယ် အထိ ပေးဝယ်နေကြောင်း ဦးသောင်းရှိန်က ဆိုသည်။
"စက်မှုဇုန်က မြေကိုပိုင်တိုင်း စက်ရုံ ဆောက်ခွင့်ရမှာ မဟုတ်ပါဘူး။ တကယ်
စက်ရုံတည်မယ့် သူတွေကို ပြည်နယ်အစိုးရက ရင်းနှီးမြှုပ်နှံခွင့် ပြုသွားမယ်။
ဒါပေမဲ့ ဒီမြေအားလုံး ကိုတော့ တစ်ဦးတစ်ယောက်တည်း ပိုင်ဆိုင်ခွင့်တော့
မပြုဘူး။ ဆောက်မယ့်စက်ရုံက သေးပြီး မြေနေရာ များနေရင်လည်း ခွင့်မပြုဘူး။
နောက် အဲဒီစက်ရုံက ဘေးထွက်ဆိုးကျိုး ဘယ်လောက်ရှိလဲ၊ ဒေသခံတွေကို ဘယ်လောက်
အလုပ်ပေးနိုင်မလဲ ဆိုတာတွေ ကြည့်ပြီးမှ ခွင့်ပြုမှာပါ" ဟု
စက်မှုဇုန်စီမံကိန်း မြေလက်ဦးမှု ရယူခြင်းနှင့် ပတ်သက်ပြီး
မွန်ပြည်နယ်အစိုးရက ချမှတ်ထားသည့် မူဝါဒကို ဦးနိုင်လဝီအောင်က ရှင်းပြသည်။
အစိုးရက မြေဧက ၂၅၄ ဧကကို စက်မှုဇုန်မြေနေရာ အဖြစ် သတ်မှတ်ပေး ထားကြောင်း၊
ယင်းကြောင့် အဆိုပါ စက်မှုဇုန်နယ်မြေ အတွင်း လယ်ယာမြေ ပိုင်ဆိုင်ထားသော
လယ်သမားများကို ကာလပေါက်ဈေး အတိုင်း လျော်ကြေးပေးဆောင် ရမည် ဖြစ်ကြောင်း
ဦးနိုင်လဝီအောင်က ဆိုသည်။
အဆိုပါမြေနေရာတွင် ၁၉၉၇ ခုနှစ် ကတည်းက တပ်မတော်အစိုးရက စက်မှုမြေနေရာ အဖြစ်
သတ်မှတ်သိမ်းယူခဲ့ပြီး စီမံကိန်းစတင်ရန် လမ်းများနှင့် တံတားများ
တည်ဆောက်အပြီးတွင် စီမံကိန်း ပြန်ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။
၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ယင်းစက်မှုဇုန်မြေနေရာ၏ မူလပိုင်ရှင် များကို လယ်ယာ လုပ်ပိုင်ခွင့် ပြန်လည်ပေးအပ် ခဲ့သည်။
The Voice Weekly
No comments:
Post a Comment