စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က မှတ်ပုံတင်ထုတ်ပေးရာမှာ ဒေသခံတွေ မိမိဆန္ဒမပါဘဲ ကြံ့ခိုင်ရေးပါတီဝင်ကတ်တွေပါ ထုတ်ပေးထားပါတယ်။
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းက ကျေးရွာတွေမှာ
မှတ်ပုံတင်လုပ်တဲ့အခါမှာ ကြံ့ခိုင်းရေးပါတီဝင်ကတ်တွေကို ထုတ်ပေးတာ
ရှိနေပါတယ်။ ရွာသားတွေအနေနဲ့ ပါတီဝင် လျှောက်ထားခြင်း မရှိပေမယ့် ဆန္ဒမပါဘဲ
ကြံ့ခိုင်ရေးကတ်တွေပေးပြီး ကြံ့ခိုင်ရေးပါတီဝင် ဖြစ်နေတဲ့အတွက် မကျေမနပ်
ဖြစ်နေကြတာပါ။
USDP cardအရာတော်မြို့နယ် ထန်းကြီးရွာသား ကိုသော်ကအောင်က “မှတ်ပုံတင်
ရိုက်ကြတဲ့အထဲမှာ ပြည်ခိုင်ဖြိုးပါတီဝင်ကတ်တွေ လာပေးသွားတယ်။
ကျနော်တို့ရိုက်တုန်းက မှတ်ပုံတင်ကတ်ပဲ ရိုက်တာ။ ကျနော်တို့က ပြန်ပေးတယ်။
ဘာလို့ ပေးတာလဲ မေးတော့ သူတို့က မသိဘူး၊ မင်းပဲ သိမ်းပါလို့ ပြောတဲ့အတွက်
သိမ်းထားလိုက်တယ်။ ဒါကို ကျနော် မကျေနပ်ဘူး။ ပြည်ခိုင်ဖြိုး ပါတီဝင်ကတ်တွေ
လာပေးခံရတဲ့သူ ၃၀ ကျော်လောက်ရှိပါတယ်။ အဲဒီလူတွေကလည်း မကျေနပ်ဘူး။ အဲဒါကို
ဖြေရှင်းပေးပါ” လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အများသိစေဖို့ ဇန်နဝါရီ ၁၁ ရက်နေ့က
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်တွေနဲ့ ရွာသားတွေစုပေါင်းပြီး
အရာတော်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ကျေးရွာအတွင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်ကတ်တွေ ထုတ်ပေးရာမှာ
ရပ်ကျေးအုပ်ချုပ်သူတွေ ပါဝင်နေတယ်လို့ ပြောပါတယ်။
အရာတော်မြို့နယ် အန်အယ်လ်ဒီ သတင်းနဲ့ ပြန်ကြားရေးတွဲဖက်တာဝန်ခံ
ဒေါက်တာဇော်ဝင်းက “ကျနော်တို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုပဲ လုပ်ပါတယ်။
နိုင်ငံသား စိစစ်ရေး ကတ်ပြားလုပ်တာနဲ့ ရောယောင်ပြီးတော့ ပြည်ခိုင်ဖြိုးပါတီ
ကတ်တွေ ထုတ်ပေးပါတယ်။ ပြည်ခိုင်ဖြိုးပါတီဝင်ကတ်တွေ ထုတ်တာလည်း
လက်မှတ်အတုတွေနဲ့ လုပ်တာဖြစ်ပါတယ်။ အခု နိုင်ငံသားစိစစ်ရေးကတ် တင်ထားတဲ့ လူ
၁၆၇ ဦးက သူတို့ ပြည်ခိုင်ဖြိုးပါတီလည်း မလျှောက်ထားပါဘူး။
လက်မှတ်မထိုးပါဘူး။ မလျှောက်ပဲ လက်မှတ်မထိုးပဲနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ
ဖြစ်နေပါတယ်။ အဲဒီလို ပြည်ခိုင်ဖြိုးပါတီ ကတ်ပြား ဖြန့်တဲ့နေရာမှာလည်း
မျှမျှတတ ဆောင်ရွက်ရမယ့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကလည်း
နားမလည်လို့ပဲလား။ ဒါမှမဟုတ် ကြောက်လို့လား၊ ဘက်လိုက်တာလား ပေါ့လေ။
ပြည်ခိုင်ဖြိုးကတ်တွေကို သူတို့ကိုယ်တိုင် လိုက်ဝေနေတာလည်း
လုံးဝမဖြစ်သင့်ပါဘူး။ အဲဒီလိုလုပ်တဲ့ ပြည်ခိုင်ဖြိုးပါတီကိုရော၊
ရပ်ကွပ်အုပ်ချုပ်ရေးမှူးကိုကော လိုအပ်သလို နိုင်ငံတော်က ထိထိရောက်ရောက်
အရေးယူပေးစေချင်ပါတယ်” လို့ ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီဝင်ကတ်လုပ်မယ်ဆိုရင် မှတ်ပုံတင်ထုတ်ပေးမယ်လို့ ပြောတာတွေ ရှိနေကြောင်း ရွာသားတွေက ပြောပါတယ်။
အရာတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ
ခင်မောင်သိန်းက “အရာတော်မြို့နယ် ကျေးရွာ အုပ်စု ၄၀ လောက်ထဲမှာ ၂၀ လောက်က
ဒီလိုပြဿနာတွေ ရှိပါတယ်။ ဒီတိုင်း ငြိမ်းနေတဲ့သူတွေလည်း ရှိပါတယ်။
အားလုံးကတော့ မကျေနပ်ကြဘူး။ လိုချင်တာက နိုင်ငံသားစိစစ်ရေးကတ်ပြား။ တခါတလေ
စိစစ်ရေးကတ်က မရသေးဘူး၊ ပြည်ခိုင်ဖြိုးကတ်ပြားက အရင်ရတယ်။ အဲဒါတွေကို
ကျနော်တို့ဆီ လာတိုင်ကြပါတယ်” လို့ ပြောပါတယ်။
DVB

No comments:
Post a Comment