ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အကြမ်းဖက် ခံရမှုများကြောင့် ချင်းပြည်နယ်
ပလက်ဝမြို့နယ်သို့ ထွက်ပြေးလာသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ၇၃
ဦးသည် အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များ အရေးပေါ်
လိုအပ်နေကြောင်း ရခိုင်တိုင်းရင်းသားများ လူမှုအဖွဲ့အစည်း (ယာယီ) အဖွဲ့ဝင်
ဦးလှမောင်သိန်းက ပြောကြားသည်။
အဆိုပါ ရခိုင် မျိုးနွယ်စုဝင်များသည်
ပလက်ဝမြို့သို့ ဒီဇင်ဘာလကုန်ပိုင်းက ရောက်ရှိလာခြင်း ဖြစ်ပြီး ၎င်းတို့ကို
ဝိသုဒ္ဓါရုံ ကျောင်းတိုက်ရှိ ဓမ္မာရုံတွင် နေရာချထားပေးကြောင်း၊
အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များကို အလှူငွေများ
ကောက်ခံကာ လုပ်ဆောင်ပေးနေကြောင်း ၎င်းကဆိုသည်။
“သူတို့ကို
ကျွေးမွေးဖို့အတွက်ကို တစ်ရက်ဆန်တစ်အိတ်နဲ့ ကျပ်လေးသောင်းကနေ ငါးသောင်းအထိ
ကုန်တယ်။ ဆက်ကျွေးဖို့ အခက်အခဲ ဖြစ်နေတယ်” ဟု ဦးလှမောင်သိန်းက ပြောဆိုသည်။
အဆိုပါ
ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ၇၃ ဦးကို ရခိုင်ပြည်နယ်သို့
လွှဲပြောင်းပေးရန် ပြည်ထောင်စုအစိုးရ အဖွဲ့ကို တင်ပြထားကြောင်း ချင်းပြည်နယ်
သစ်တောနှင့် သတ္တုဝန်ကြီးဌာနဝန်ကြီး ဦးကျော်ငြိမ်းက ပြောကြားသည်။
ရခိုင်တိုင်းရင်းသား
မျိုးနွယ်စုဝင် ၇၃ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွာဒေါ့ခရိုင်
တင်းဆိတ်မြို့နယ်ရှိ ကျေးရွာများတွင် တောင်ယာနှင့် ဥယျာဉ်ခြံမြေ
လုပ်ငန်းများ လုပ်ကိုင် စားသောက်နေသူများ ဖြစ်၍ ၎င်းတို့၏ လယ်ယာနှင့်
ဥယျာဉ်ခြံမြေများ သိမ်းပိုက်ခံရ၍ ယင်းသို့ ထွက်ပြေးလာရခြင်း ဖြစ်ကြောင်း
ဦးလှမောင်သိန်းက ဆိုသည်။
အကြမ်းဖက် ခံရမှုများကြောင့် ၂၀၁၂
ခုနှစ်မှစတင်ကာ ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်မျိုးနွယ်စုဝင်များ
မြန်မာနိုင်ငံသို့ ထွက်ပြေးလာကြပြီး ရခိုင်ပြည်နယ် မောင်တောခရိုင်တွင်
ခိုလှုံသူဦးရေ ၁၅၀၀ ခန့် ရှိနေပြီ ဖြစ်သည်။
The Voice Weekly

No comments:
Post a Comment