အရပ်လက်သည်၏ နည်းစနစ် မမှန်သော မွေးဖွားမှုကြောင့် အချင်းမှ သွေးထွက်လွန်ကာ
အသက် ၃၀ ဝန်းကျင် ကိုယ်ဝန်ဆောင် မိခင်တစ်ဦး အင်းစိန်ဆေးရုံသို့ အရေးပေါ်
ရောက်ရှိလာသည်။
အမြွှာ ကိုယ်ဝန် ဆောင်ထားသော်လည်း ကိုယ်ဝန် ရှိကတည်းက ဗိုက်ကို
အရပ်လက်သည်ကိုသာ အားကိုးအပ်ခဲ့သည့်အတွက် အမြွှာကလေးမှန်း မသိဘဲ တစ်ဦးသာ
မွေးဖွားခဲ့ပြီး တစ်ဦးမှာ ဗိုက်ထဲတွင် ကျန်ခဲ့သောကြောင့် အချင်းမှ
သွေးမတိတ်ခြင်း ဖြစ်ကြောင်း တာဝန်ကျ ဆရာဝန်က စစ်ဆေး ပြောကြားမှ
မိသားစုဝင်များ နားလည်ခဲ့သည်။
သို့သော် ဗိုက်ထဲ ကျန်နေသေးသော ကလေးငယ်ကို လက်သည်နှင့်ပင် ဆက်လက်
မွေးဖွားခဲ့ခြင်းက မိခင်နှင့် ကလေးအတွက် အန္တရာယ်တောထဲ တွန်းပို့လိုက်ခြင်း
ဖြစ်သည်။ အကြောင်းရင်း အားလုံးသိ၍ ဆေးရုံရောက်ချိန်တွင် မိခင်အသက်ကို
စတေးလိုက်ရသည်။
ယင်းအဖြစ်အပျက်သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု
အမြင့်ဆုံး ရန်ကုန်မြို့၏ ဧရိယာအတွင်းမှာပင် ဖြစ်ပွားခဲ့ပြီး လက်ရှိ
ကျန်းမာရေးဝန်ကြီးဌာန၏ ထောင်စုနှစ် ရည်မှန်းချက် တစ်ခုဖြစ်သော မိခင်သေနှုန်း
လျှော့ချရေးအတွက် သတိပေး ခေါင်းလောင်းသံ တစ်ချက်ပင် ဖြစ်သည်။
အရန်သားဖွားဆရာ၊
ဆရာမများ ရွာတိုင်းနီးပါး မွေးထုတ်ပေးရန် လျာထားသော်လည်း ကျန်းမာရေး
အသိပညာ နည်းပါးသောကြောင့် အရပ်လက်သည် အားကိုးသည့် ဓလေ့မှာ ယခုထက်တိုင်
မပျောက် သေးချေ။
အရပ်လက်သည်များမှာ သားဖွား ဆရာမများ၏
ကလေးမွေးဖွားပုံကို ကြုံဖူး၊ မြင်ဖူးကာ လက်တည့်စမ်းရင်း အစိုးရ အဆက်ဆက်
သားဖွားဆရာမ မရောက်နိုင်သော ဆေးရုံ၊ ဆေးပေးခန်း မရှိသည့် ကျေးရွာများတွင်
မရှိမဖြစ် အရေးပါသူများ ဖြစ်ခဲ့ကြသည်။ ၎င်းတို့ကြောင့် ရှောရှူစွာ
မွေးဖွားပြီးသော ကလေးငယ်များ ရှိသော်လည်း အသက်ပေးသွားသော မိခင်နှင့်
ကလေးငယ် မြောက်မြားစွာ ရှိခဲ့သည်။
မြန်မာနိုင်ငံရှိ ကိုယ်ဝန်ဆောင်
မိခင်များသည် မီးတွင်း သွေးသွန်ခြင်း၊ ကိုယ်ဝန်ဆိပ် တက်ခြင်းနှင့် သားပျက်
သားလျောခြင်း တို့ကြောင့် အများဆုံး သေဆုံးနေရကြောင်း ကျန်းမာရေး
ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။
ယင်းကြောင့် အစိုးရသစ် လက်ထက်တွင်
ကျေးရွာတိုင်း အရန်သားဖွား ဆရာမ ထားရှိရန် စီမံဆောင်ရွက် ခဲ့သော်လည်း
ကျန်းမာရေး အသုံးစရိတ် နည်းပါးသေးသည့်အတွက် တစ်နိုင်ငံလုံး လွှမ်းခြုံမိရန်
ခက်ခဲနေသေးကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းက ပြောဆိုသည်။
အဆိုပါ
အကြောင်းရင်း များကြောင့် အရပ်လက်သည် ကဏ္ဍမှာ ယခုထက်တိုင်
ပျောက်ပျက်သွားခြင်း မရှိဘဲ အမျိုးသမီးများ၏ လက်ရုံးတစ်ဆူပင် ဖြစ်နေသေးသည်။
“ဆေးရုံကို
လက်လွန်ပြီးမှ ရောက်လာတာများတယ်။ လက်သည် ဘယ်သူလဲ၊ ဘယ်ကလဲမေးရင်
လုံးဝမဖြေကြဘူး။ သူတို့ အသက်သခင် ကျေးဇူးရှင်လိုမျိုးပဲ နှုတ်လုံတယ်” ဟု
အင်းစိန်ဆေးရုံတွင် တာဝန်ကျနေသော လက်ထောက် ဆရာဝန် ဒေါက်တာ
ကျော်ပြည့်ဖြိုးအောင်က ပြောကြားသည်။
အရပ်လက်သည်များနှင့်
မွေးဖွားလိုသူ များကလည်း ပြည်သူ့ဆေးရုံများ၏ ဆေးဖိုးကုန်ကျစရိတ်၊ သွားလာရ
ခက်ခဲသော ဒေသများ ဖြစ်ပါက အဆင့်ဆင့် သွားရခြင်း၊ အိမ်တွင် ကျန်ရစ်သော
ကလေးငယ်များ စောင့်ရှောက်ရန်နှင့် ဆေးရုံ အကူစောင့်ပေးရန် လူပိုမရှိခြင်း
တို့ကြောင့် နေအိမ်၌ပင် မွေးဖွားခဲ့ကြကြောင်း လက်သည်နှင့်
မွေးဖွားဖူးသူများက ဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာနက အသုံးစရိတ်များ
တိုးမြှင့်ကာ အခြေခံ ဆေးဝါးများ ထောက်ပံ့ခြင်းနှင့် အရေးပေါ် လူနာများ၊
မီးဖွားလူနာများအတွက် စရိတ်မျှပေး ကျန်းမာရေးစနစ် ဆောင်ရွက်နေသော်လည်း
မီးဖွားစရိတ် ကုန်ကျစရိတ်မှာ မိသားစုများသော ငွေကြေးချို့တဲ့သည့်
ကိုယ်ဝန်ဆောင် မိခင်များအတွက် ခက်ခဲမှုများရှိသည်။
“ကျွန်တော်က
မိခင်သက်သာအောင် အထူးကု ဆေးခန်းမှာပဲ မွေးလိုက်တာ။ ရိုးရိုးမမွေးနိုင်တော့
ခွဲစိတ်မွေးရတယ်။ ဆေးရုံတစ်ပတ် တက်ရတယ်။ ဆရာဝန် ကြည့်ပေးခကနေစပြီး
ခွဲစိတ်ခန်းခ၊ ဆေးဖိုး စုစုပေါင်း ကုန်ကျစရိတ် ငါးသိန်းလောက်ရှိတယ်” ဟု
အထူးကုဆေးရုံတွင် မွေးဖွားခဲ့သော ကလေးဖခင် ကိုဇော်ထွန်းက ပြောကြားသည်။
အစိုးရ
ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဝန်ဆောင်မှု ပေးရာတွင်
ဆင်းရဲနွမ်းပါးသူများအတွက် မည်သည့်ပစ္စည်းဖိုးမှ မပေးရကြောင်း၊ ငွေကြေး
အဆင်ပြေသော သူများကို စရိတ်မျှပေးစနစ်ဖြင့် ကလေးမွေးဖွားရာတွင် အသုံးပြုရန်
လိုအပ်သော ပစ္စည်းများကို ကိုယ်တိုင် ဝယ်ခိုင်းကာ ဆရာဝန်များက
မွေးဖွားပေးကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာစည်သူအောင်က ပြောကြားသည်။
“ရိုးရိုးပဲမွေးရင်
ကုန်ကျစရိတ် သုံးသောင်းကျော်ပဲ ရှိတယ်။ ခွဲမွေးတာကျတော့ လိုအပ်တဲ့
ပစ္စည်းတွေကို ဝယ်ခိုင်းရတယ်။ အဓိကက ပိုးသတ်ဆေး၊ လက်အိတ်၊ ခွဲစိတ်ဝတ်စုံ၊
ကလေးအနှီး၊ ဈေးကြီးတဲ့ ဆေးတချို့နဲ့ တစ်ကိုယ်ရေ အသုံးအဆောင်တွေပေါ့” ဟု
၎င်းကဆိုသည်။
“အိမ်မှာက အမေရှိတယ်၊ ကလေးမွေး စရိတ်ကလည်း ဆေးရုံမှာလောက်
မကုန်ဘူး။ သူများတွေလည်း မွေးနေကြတာပဲ။ ဘာမှမဖြစ်ဘူးလေ။ ဒါကြောင့် ကလေးတွေ
အားလုံးကို အိမ်မှာပဲ မွေးခဲ့တယ်” ဟု ကလေးခြောက်ယောက်၏မိခင် အသက် ၄၀
ကျော်အရွယ် ဒေါ်သန်းအေး (နာမည်လွှဲ) ကဆိုသည်။
လာမည့် ၂၀၁၄-၂၀၁၅
ဘဏ္ဍာနှစ်တွင် ကျန်းမာရေး ကုန်ကျစရိတ်အတွက် စုစုပေါင်း အသုံးစရိတ်၏ ၃ ဒသမ ၃၈
ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးရန် ဇန်နဝါရီလ ၇ ရက်နေ့က ဘဏ္ဍာရေး ကော်မရှင်
အစည်းအဝေးတွင် အတည်ပြုထားသည်။
ကျန်းမာရေးဝန်ကြီးဌာနက
ယင်းအသုံးစရိတ်နှင့် အခြေခံဆေးဝါးနှင့် ဆေးပစ္စည်းများ ဝယ်ယူခြင်း၊
ပြည်သူ့ဆေးရုံ၊ ဆေးပေးခန်းများ ဆောက်လုပ်ခြင်းတို့တွင် သုံးစွဲသွားမည်
ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ
မင်းသန်းညွှန့်က ပြောကြားသည်။
အလားတူ မိခင်နှင့်ကလေး ကျန်းမာရေး
အတွက်လည်း ငါးနှစ်မဟာဗျူဟာ စီမံကိန်းကို အပြီးသတ် ရေးဆွဲထားပြီး ၂၀၂၀
ပြည့်နှစ် မိသားစု စီမံကိန်းတွင် မြန်မာနိုင်ငံကို အသိအမှတ်ပြု ထည့်သွင်း
ထားသည့်အတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီများ ပိုမိုရရှိလာနိုင်ဖွယ်
ရှိကြောင်း မျိုးဆက်ပွား ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်နေသည့်
အဖွဲ့အစည်းများထံမှ သိရသည်။
မိခင်သေနှုန်း လျော့ကျရေး
အရပ်လက်သည်များအပေါ် ယုံကြည်အားကိုးမှု လျှော့ချရန်နှင့် လက်တွေ့အသုံးဝင်သော
သားဖွားဆရာမများ မွေးထုတ်ရန် အချိန်မှာ တစ်နှစ်နီးပါးသာ ကျန်တော့သည်။
ကုလသမဂ္ဂက တွက်ချက်ထားသော စာရင်းများအရ မိခင်တစ်သိန်းတွင် ၂၀၀ ဦး သေဆုံးနေကြောင်း ထုတ်ပြန်ထားသည်။
“၂၀၁၅
မှာ မိခင်သေနှုန်းကို မိခင်တစ်သိန်းမှာ သေနှုန်း ၁၃၀ ဦးအထိ လျှော့ချဖို့
ဦးစားပေး လုပ်နေတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန
မိခင်နှင့် ကလေးဌာနစိတ် ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီမြင့်က
ပြောဆိုသည်။
သို့သော် မိရိုးဖလာ အားထားခဲ့သော အရပ်လက်သည်များအပေါ်
ယုံကြည်မှု လျှော့ချရန် ကျန်းမာရေး အသိပညာ သာမက လူမှုစီးပွားရေး
ဖွံ့ဖြိုးရေးပါ တစ်ပြိုင်နက်တည်း လိုအပ်ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းက
ဝေဖန်ကြသည်။
ဒေါ်သန်းအေးကဲ့သို့ လက်သည် မကြောက်သော မိခင်များအတွက်
မီးဖွားရန် အခြေခံ လိုအပ်ချက်များ မဖြည့်ဆည်းသရွေ့ မိခင်သေနှုန်း
လုံးဝလျော့ပါးရန် အဖြေထွက်မလာနိုင်ချေ။
“ပထမဆုံးကလေး မွေးတုန်းကတော့
အရမ်းကြောက်တယ်။ နောက်ကလေးတွေကျတော့ မွေးဖူးသွားတော့ မကြောက်တော့ဘူး” ဟု ၎င်းက
ပွင့်လင်းစွာ ပြောကြားသွားသည်။
Written by လဲ့ရည်မြင့်
The Voice Weekly

No comments:
Post a Comment