ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် နှစ်နှစ်အတွင်းက ဖြစ်ပွားခဲ့သည့်
လူအုပ်စုနှစ်ခုကြား ပဋိပက္ခများကြောင့် ရှေးဟောင်း အမွေအနှစ်များရှိရာ
မြောက်ဦးတွင် ကမ္ဘာလှည့်ခရီးသွားများ ၀င်ရောက်မှု နည်းလာသည့် အတွက်
တည်ငြိမ်အေးချမ်းမှုရှိရန်နှင့် တရားဥပဒေစိုးမိုးရန် အထူးလိုအပ်နေပြီဟု
ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်း ဒု-၀န်ကြီးက ပြောဆိုလိုက်သည်။
“မတည်ငြိမ်မှုတွေ ဖြစ်တဲ့အတွက် အ၀င်နည်းလာခြင်း ဖြစ်ပါတယ်။ ယနေ့
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုဟာ တိုင်းနိုင်ငံ ပြည်ရွာရဲ့
လုံခြုံရေးအပေါ်မှာ မူတည်ပါတယ်” ဟု ဟိုတယ်/ခရီး ဒု-၀န်ကြီး ဒေါက်တာတင်ရွှေ
ကပြောသည်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်၏ “မြောက်ဦးမြို့တွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို အဆင့်တိုးမြှင့် လုပ်ဆောင်ပေးရန် ရှိ၊ မရှိ” ဟု မေးခွန်းထုတ်မှုအပေါ် ဒု-၀န်ကြီးက ဇန်န၀ါရီ ၂၉ ရက်က အမျိုးသားလွှတ်တော်တွင် အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်က “မြောက်ဦးဒေသမှာ နဂိုကတည်းက ရှိနေတဲ့ ခရီးသွားလုပ်ငန်းကို အဆင့်တိုးမြှင့်လုပ်ဆောင် ပေးလို့ရပါတယ်။ နိုင်ငံခြားသားတွေဟာ ပဋိပက္ခ ဖြစ်နေ တဲ့ဒေသတွေကို သွားရောက် လေ့လာဖို့ စိတ်မ၀င်စားကြပါဘူး” ဟု လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ သည်။
ယခုအခါ မြောက်ဦးတွင် နိုင်ငံခြားသားများ တည်းခိုနိုင်ရန် ဟိုတယ် ခြောက်လုံး (အခန်းပေါင်း ၁၄၉ခန်း) ရှိသော်လည်း ကမ္ဘာလှည့်ခရီးသွားများ ၀င်ရောက်မှုမှာ ၂၀၁၃ခုနှစ်အတွင်း ၆၄၆ ဦးသာ ရှိသည်ဟု ဒု-၀န် ကြီးက ဆိုသည်။
ပဋိပက္ခများ ဖြစ်ပွားပြီးနောက် မြောက်ဦးမြို့သို့ ခရီးသွားလာခွင့်များ ပိတ်ပင်ထားခဲ့ပြီး ၂၀၁၃နှစ်စပိုင်းက ပြန်ဖွင့်ပေးခဲ့သော်လည်း ၂၀၁၃ နှစ်ကုန် အထိ ခရီးသွားလာမှုမှာ ဆယ်ဆခန့်လျော့ နည်းနေသေးသည် ဟု ဒေသခံခရီးသွား ကုမ္ပဏီပိုင်ရှင်များက မဇ္ဈိမသို့ပြောဆိုထားသည်။
“ပဋိပက္ခမဖြစ်ခင်က တစ်နှစ်ကို သောင်းနဲ့ချီပြီးဝင်တယ်။ ခရီးသွားလာခွင့်ပိတ်ပြီး ပြန်ဖွင့်တော့ ထောင် ဂဏန်းတောင် မရှိသေးဘူး။ မနှစ်ကဆို တစ်နှစ်လုံး အလုပ် မလုပ်ရဘူး” ဟု မြင့်မြတ်သန္တာမြေ ခရီးသွား ကုမ္ပဏီမှ စီမံညွှန်ကြားရေး ဒါရိုက်တာဦးသိန်းထွန်းအေးက ယခုလဆန်းပိုင်းက ပြောသည်။
နိုင်ငံတကာ သမိုင်းပညာရှင်များက ရခိုင်သမိုင်းကို ဓည၀တီခေတ် (ဘီစီ ၃၃၂၅-အေဒီ ၃၂၇) ၊ ဝေသာလီ ခေတ် (အေဒီ ၃၂၇-အေဒီ၈၁၈)၊ လေးမြို့ခေတ်(အေဒီ ၈၁၈-အေဒီ ၁၄၃၀) မြောက်ဦးခေတ်(အေဒီ၁၄၃၀ - အေဒီ ၁၇၈၄) ဟူ၍ ခေတ်လေးခေတ် သတ်မှတ်ထားခဲ့ပြီး မြောက်ဦးမြို့ကို ရခိုင်တို့၏နောက်ဆုံးနန်းမြို့ တော်ဖြစ်သည်။ မြောက်ဦးမြို့မှာ ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၅ နှစ် တည်တံ့ခဲ့ပြီး၊ ရခိုင်မင်းဆက်ပေါင်း ၄၈ ဆက်စိုးစံခဲ့သည်။ မြောက်ဦးမြို့သည် ရခိုင် သမိုင်းဆိုင်ရာ ယဉ်ကျေးမူအမွေ အနှစ်များ အထူးပေါကြွယ်ဝသော ရှေးဟောင်းမြို့တော် ဖြစ်သည်။
Mizzima

No comments:
Post a Comment