တစ်နေ့တစ်နေ့ အလုပ်လုပ်ကြရတဲ့သူတွေမှာ မျှော်လင့်ချက်တွေကိုယ်စီ
ရှိကြပါတယ်။ နေ့စားဆို လည်း တစ်နေ့စာပြီးတာနဲ့ သူ့ရဲ့နေ့တွက်ခအတွက်
သူရသင့်တဲ့ဝင်ငွေကို မျှော်လင့်သလို .. လခစား ဝန်ထမ်းဆိုလည်း
သူ့ရဲ့တစ်လစာပေးထားရတဲ့ လုပ်အားအတွက်သူ့ရဲ့လုပ်အားခလစာကို မျှော်လင့်
တတ်ပါတယ် . . . ။
ဒီလိုမျိုး မျှော်လင့်ချက်နဲ့ အလုပ်လုပ်နေရသူတွေမို့လည်း လကုန်ရက်ဟာ
ပိုက်ဆံရတဲ့နေ့၊ စားချင်တာ၊ ဝယ်ချင်တာမှန်သမျှ စားလို့သုံးလို့ရတဲ့
တစ်ရက်တည်းသောနေ့အဖြစ် ဝန်ထမ်းတော်တော်များများက
တွေးပြီးအဲဒီနေ့မှာပျော်ကြပါတယ်။ ဒါပေမဲ့ အဲဒီလိုလစာထုတ်ရက်မှာ
မပျော်နိုင်တဲ့ လူထူးလူဆန်းတွေ လည်းရှိပါတယ်။ သူတို့ထဲမှာတော့
မကေသီသန်းလည်း တစ်ဦးအပါအဝင်ဖြစ်ပြီး သူမအတွက်ကတော့ တစ်လလုံးအပင်ပန်းခံပြီး
ရလာမယ့်လစာထုတ်ရက်ဟာ သူမအမုန်းဆုံး၊ မရောက်ချင်ဆုံးနေ့ရက်တစ် ရက်ပါပဲ . .
.။ “တစ်လလုံးမှာ အဲဒီလစာထုတ်ရက်တစ်ရက်ကို မရောက်မချင်းပဲ။ ဘာလို့လဲဆိုတော့
အဲဒီရက်မှာတစ်လလုံး ချေးငှားသုံးထားရတဲ့ စရိတ်တွေကိုရှင်းရတယ်။ ပြီးရင်
အကြွေးကျန်ရင်လဲ အပြောအဆိုခံရသေးတယ်။ လစာထုတ်ရက်က ကျွန်မအတွက်တော့
တကယ့်ကိုငရဲကျတဲ့နေ့ပါပဲ” ဟု အသက် ၂၂ နှစ်အရွယ် ရုံးဝန်ထမ်း မကေသီသန်းက
ပြောပြခဲ့သည်။
မကေသီသန်းမှာ ကုမ္ပဏီတစ်ခုတွင် စာရင်းကိုင်အဖြစ်အလုပ်လုပ်ကိုင်ရင်း
မိသားစုဝန်ကိုထမ်းနေရသူ ဖြစ်ကာ သူမကဲ့သို့ရုံးဝန်ထမ်းအတွက်
လစာမှာလွဲ၍အပိုဝင်ငွေတစ်ပြားမှမရှိ၊ သူမမှာ မိသားစုစားဝတ် နေရေးအတွက်
တစ်ဦးတည်းရုန်းကန်နေရသူမဟုတ်သော်လည်း အိမ်ထောင်ဦးစီးယောက်ျားဖြစ်သူမှာ
လည်း နေ့စားလက်သမားမို့ သူ၏ဝင်ငွေမှာ ရရစားစားဖြင့် ကုန်နေပြီဖြစ်ကာ
တစ်ခါတစ်ရံအလုပ်က မမှန်သောကြောင့် ယင်း၏ဝင်ငွေဖြင့်လည်း ရပ်တည်ဖို့မလွယ်လှ။
ငယ်ငယ်ရွယ်ရွယ် သူမအတွက် နောက်ထပ်စိတ်ပူစရာတစ်ခုကတော့
သူမ၏တစ်တန်းအရွယ်သားလေးနှင့် သူမကိုမှီခိုနေသော အမေ အိုကြီးလည်းရှိနေသည်။
“ကျွန်မလစာက ရှစ်သောင်းကျော်ရတယ်။ ဒဂုံတောင်ကနေ
မြို့ထဲကိုအလုပ်ဆင်းရတဲ့စရိတ်က တစ်နေ့ကို အနည်းဆုံး ကျပ် ၅၀၀ ရှိတယ်။
ကျွန်မဘာမှမသုံးမစားဘဲ လမ်းစရိတ်ပဲ ဖယ်ဦး။ တစ်လကို တစ်သောင်းငါးထောင်ကတော့
အနည်းဆုံးကုန်တယ်။ ကျွန်မသားလေးကျောင်းစရိတ်ကလဲရှိတယ်။ ပြီးတော့ကလေးကို
ကျောင်းအပို့အကြိုကိစ္စကို ဆိုက်ကားနဲ့တစ်လကျပ် ၃၀၀၀ ပေးပြီး လုပ်ခိုင်းရတာ
တွေ၊ ကလေးရဲ့ကျူရှင်ခတွေ ရှင်းရတာစသည်ဖြင့် အများကြီးပဲ။
ကျွန်မတို့မိသားစုမှာ ဒီလိုမလောက်င တာတွေအတွက် တစ်လလုံးချွေတာစားတာပါပဲ။
ဒါပေမဲ့ ဝင်ငွေမလုံလေက်မှုက တစ်လတစ်လ အကြွေးကို ပိုမိုတက်စေတယ်” ဟု
မကေသီသန်းမှ သူမတစ်လတာအသုံးစရိတ်နှင့် ဝင်ငွေများကို တွက်ပြရင်း
သက်ပြင်းရှည်ကြီးကို ဖြည်းလေးစွာချလျက်ပြောသည်။
လတစ်လကုန်တိုင်းကုန်တိုင်းမှာ မကေသီသန်းကို ပိုမိုစိတ်ဆင်းရဲတုန်လှုပ်
ချောက်ချားစေသော နောက်ထပ်အကြောင်းအရာကလည်း ရှိနေသေးသည်။ အဲဒါကတော့
အိမ်လခကိစ္စပင်ဖြစ်သည်။ တစ်လကုန်လေ အိမ်စာချုပ်ထပ်ချုပ်ရန်အတွက်
ရက်ကပိုနီးလေ။ တစ်လကုန်လေလေ ပိုပြီးစိတ်ညစ်ရ လေဖြစ်နေသည်။
“ကျွန်မတို့မိသားစုမှာ အိမ်ပိုင်မရှိဘူး၊ ဒဂုံမှာတစ်လကိုသုံးသောင်းနဲ့
ငှားနေနေရတာ။ ဒါတောင်အိမ်က တော်တော်ဈေးသက်သာလို့၊
မဟုတ်ရင်ကျွန်မတို့ရပ်တည်ဖို့ တကယ်မလွယ်ဘူး။ ခြောက်လတစ်ခါ
အိမ်စာချုပ်ချုပ်ရတယ်။ ခြောက်လပြည့်ခါနီးတိုင်း ကျပ် ၁၈၀၀၀၀ အတွက်
အရမ်းစိတ်ဖိစီးတယ်၊ အဲဒါ ကစုထား၊ ဆောင်းထားတာတွေနဲ့ရရင်ရ မရရင်
ချေးငှားပေးရတော့တာပဲ” ဟု မကေသီသန်းက သူမ အိမ်ငှားကိစ္စအား ပြောပြခဲ့သည်။
ယခုကဲ့သို့ဖြစ်ပေါ်နေသော အခက်အခဲများမှာ မကေသီသန်းတို့ကဲ့သို့
လူလတ်တန်းစားထဲတွင် ပါဝင် သောသူများ ရင်ဆိုင်နေရသောအခက်အခဲများဖြစ်ကာ . . .
တစ်နေ့အလုပ်မလုပ်နိုင်သည်နှင့် တစ်နေ့ စာထမင်းစားဖို့အတွက်
စိတ်ပူနေရပြီဖြစ်သော အခြေခံလူတန်းစား နေ့စားဝန်ထမ်းများ၊ အလုပ်သမား
များအတွက်တော့ အခက်အခဲများမှာ ဆိုဖွယ်ရာမရှိတော့ပြီ . .။
မကေသီသန်းမှာ ယင်းကဲ့သို့အခက်အခဲများနှင့်
စားဝတ်နေရေးမလုံလောက်မှုများကြောင့် အပိုစုငွေအ နည်းငယ်မျှမရှိသော
အခြေအနေတွင် ကိုယ်တိုင်သော်လည်းကောင်း၊ ကလေးသော်လည်းကောင်း ဖျားနာမည်ကို
အကြီးအကျယ်ထိတ်လန့်တတ်ကြောင်းနှင့် မိသားစုဝင်ထဲတွင် ယင်းကဲ့သို့ နေမကောင်း
ဖြစ်ပြီဆိုပါက အလွန်အတိုးကြီးသော မတ်တိုးများဖြင့် ငွေချေးကာကုသရပြီ
ဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်မတို့မှာ လစာနဲ့စားဖို့က လုံလောက်အောင်မနည်းရုန်းကန်နေရတာမို့
နေမကောင်းဖြစ်မှာအရမ်း ကြောက်တယ်။ အဓိကကတော့ သားကလေးဖျားမှာ၊
နာမှာအရမ်းကြောက်တယ်။ သူဖြစ်ပြီဆိုရင် ကုန်ကျစရိတ်ကပိုများတယ်။
အရမ်းကိုကုန်တာ၊ အဲဒီလိုဖြစ်လို့ကတော့ မတ်တိုးတွေနဲ့ ငွေယူပြီးကုရ ရော၊
မတ်တိုးဆိုတာ အရမ်းအတိုးကြီးတာ၊ ယူပြီးရင်ဆပ်လို့ကိုမဆုံးတော့ဘူး”
ဟုမကေသီသန်းက သူ၏အခြေအနေများအား ရှင်းပြခဲ့သည်။
မကေသီသန်းတို့လို ဝန်ထမ်းများအတွက် အိမ်သုံးစရိတ်များ၊
အလျဉ်မမီဖြစ်နေသော်လည်း ရန်ကုန်မြို့ အတွင်းရှိ
နာမည်ကြီးစားသောက်ဆိုင်များနှင့် ဈေးနှုန်းမြင့်မားသော ဆိုင်များတွင်မတော့
စားသုံးသူ များပြည့်နှက်လျက်ရှိသော ယင်းကဲ့သို့သောလူများ၏
တစ်နပ်စာထမင်းဝိုင်းမှာ လူလတ်တန်းစားများ၏ တစ်နှစ်စာအိမ်ငှားစရိတ်နှင့်
တစ်တန်းတည်းဖြစ်နေသည်ကတော့ လူတန်းစားကွာဟမှုကို သိသာစွာ
မီးမောင်းထိုးပြလျက်ရှိသည်။
သို့သော်ယင်းကဲ့သို့ကွာဟမှုများမှာ ယခု၊ ယခင်ကုသိုလ်ကံများနှင့်လည်း
ဆိုင်ပါလိမ့်မည်။ သို့တည်းမ ဟုတ် ချမ်းသာသောမိဘတွင်
မပေါက်ဖွားလာခြင်းကြောင့်လည်း ဖြစ်ပါလိမ့်မည်။ သို့မဟုတ် အခြေခံ
လူတန်းစားများအတွက် ဘဝဆိုတာကိုသတ်မှတ်ပြီးသား အခြေအနေတစ်ခုကြောင့်လည်း
ဖြစ်ပါလိမ့် မည်။ မည်သို့ပင်ဖြစ်နေပါစေ . .
ဒီလိုအဖြေရေရာမှုမရှိတဲ့ကိစ္စရပ်ကို အချိန်ကုန်ခံတွေးနေဖို့အတွက်
မကေသီသန်းတို့မှာ အချိန်သိပ်မရှိ၊ ရုံးချိန်အမီရောက်ရေးအတွက်
ပုံမှန်အတိုင်းဆိုက်ရောက်လာမည့် ကားကျပ်ကျပ်ကို အတင်းတိုးဝှေ့စီးကာ
ရုံးသို့အမြန်သွားရမည်။ မဟုတ်လျှင် သူမမုန်းသောလစာထုတ် ရက်ပင် သူမအတွင်
ငံ့လင့်စရာမရှိဖြစ်သွားနိုင်သည် . . . လေ။
The Flower News Journal
Vol.10, No.4, Jan.21-27, 2014

No comments:
Post a Comment