ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမှာ အရက်မူးနေတဲ့လူတဦးရဲ့
တိုက်ခိုက်တာကို ခံခဲ့ရပြီး တဲ့နောက် ရဲစခန်းကို တိုင်ကြားခဲ့ပေမယ့်
အရေးယူဖို့ နှောင့်နှေးနေတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။
တိုက်ခိုက်ခံရသူဟာ သျှမ်းသံတော်ဆင့်သတင်းဌာနရဲ့ တောင်ကြီးအခြေစိုက်
သတင်းထောက် ဖြစ်ပြီး ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့ ည ၈ နာရီ
သတင်းရယူလာပြီးအပြန် အရက်မူးနေတဲ့ လူတယောက်က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်တဲ့သူတွေကို ပတ်ဝန်းကျင်မှာ ရောက်ရှိလာသူတွေရဲ့ အကူအညီနဲ
ဖမ်းဆီးခဲ့ပြီး ရဲစခန်းကို ပို့ဆောင် တိုင်ကြား အမှုဖွင့်ခဲ့ရာမှာ ဇန်န၀ါရီ ၅
ရက်နေ့ ချုပ်ထားခဲ့ပြီး ဇန်န၀ါရီ ၆ ရက်နေ့မှာ အာမခံနဲ့
ပြန်လွတ်ပေးခဲ့ပါတယ်။
အဲဒီနောက် အခုချိန်ထိ ရဲစခန်းက ဖွင့်ထားတဲ့ အမှုနဲ့ ပတ်သက်ပြီး တစုံတရာ
အကြောင်း ပြန်ကြားတာ မရှိဘူးလို့ တိုက်ခံရတဲ့ သတင်းထောက် ယိင်းတိုင်းက
အခုလို ပြောပါတယ်။
“ဒီနေ့ ဒီအချိန်အထိ ရဲစခန်းဘက်က အကြောင်းအကြားဘူး။ ကျမတို့ သွားတော့
ဆေးစာလည်း မရဘူး။ ဘာမှ ထိရောက်တဲ့ အရေးယူမှု မလုပ်နိုင်သေးဘူး။ ကျမတော့ အမှု
ဖွင့်ထားတယ်။ ကျမ ရဲစခန်းကို သွားတယ်။ ရဲစခန်းက ဆေးစာမထွက်လာသေးဘူးလို့
ပြောတယ်။ ဒီနေ့ ဒီအချိန်အထိ အာမခံနဲ့ လွှတ်ထားတယ်။ ငွေကျပ်ဘယ်လောက်နဲ့
အာမခံချက် ထားတယ်ဆိုတဲ့ ကြေးနန်းကို ကျမ ဓာတ်ပုံရိုက်ထားတယ်။
အဲဒီအထဲမှာလည်း ဘာမှ မရေးထားဘူးး။”
တိုက်ခိုက်တဲ့အတွက် မျက်နှာမှာ ဒဏ်ရာရရှိခဲ့သလို စွဲထားတဲ့အမှုနဲ့
ပတ်သက်ပြီးတော့ ဆေးထောက်ခံစာနဲ့ နောက်ဆက်တွဲ အကြောင်းကြားတာမျိုး
မရှိတဲ့အကြောင်းနဲ့ တိုက်ခိုက်သူရဲ့ ဖခင်ဟာ အရင်က
ရဲဝန်ထမ်းဟောင်းတဦးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်ကြီး မြို့မရဲစခန်းက စခန်းမှူး
ဦးဥာဏ်လှိုင်ဦးကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းရာမှာ ဌာနဆိုင်ရာဆိုတာ
အလုပ်တွေ အများကြီး လုပ်ရတဲ့အတွက် အမှုတခုထဲကို အချိန်ပေး
ဆောင်ရွက်မပေးနိုင်တဲ့အကြောင်း အခုလို ပြောပါတယ်။
“ဒီမှာက ဌာနဆိုင်ရာဆိုတာ အလုပ်တွေ အများကြီးလုပ်ရတယ်။ ဒီတခုထဲကို
ငါတို့က လုပ်ရတာ မဟုတ်ဘူး။ အမှုက တခုတည်းရှိတာ မဟုတ်ဘူး။ အမှုတွေ အများကြီး
လည်ပတ်ပြီးမှ အဲဒီလောက်ထိတောင် လိုက်လုပ်ရတာ။”
by dvb

No comments:
Post a Comment