ဟိုတယ်များ လုံခြုံရေးအတွက် မန္တလေးမြို့ရှိ ကြယ်သုံးပွင့်နှင့်
ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ် ၁၀ လုံး တွင် ဗုံးရှာဖွေရေးစက်များ
တပ်ဆင်ထားသည်ဟု မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာမှု ဦးစီးဌာန
တိုင်းဦးစီးမှူး ဦးမျိုးမြင့်က ဇန်န၀ါရီ ၂၀ ရက်က မဇ္ဈိမကိုပြောသည်။
“ဟိုတယ်တွေ လုံခြုံရေးအတွက် ဗုံးရှာဖွေရေးစက်တွေကို
တပ်ဆင်ဖို့စီစဉ်တာဖြစ်ပါတယ်။ နိုင်ငံခြားသား ၀င်ရောက်မှုကလည်း
တိုးလာတာနဲ့အညီ လုံခြုံရေးပိုင်းဆိုင်ရာ ပိုမိုစိတ်ချရမှုရှိအောင်
လုပ်ဆောင်တာ ဖြစ်ပါတယ်။ အခု ကြယ်သုံးပွင့်၊ လေးပွင့် ဟိုတယ်တွေကို
စတင်တပ်ဆင်မှု လုပ်ပြီးတာနဲ့ ကြယ်နှစ်ပွင့် ဟိုတယ်တွေကိုလည်း
ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ဦးမျိုးမြင့်က ပြောသည်။
ကြယ်လေးပွင့် ဟိုတယ်များဖြစ်သည့် Mandalay Hill Resort Hotel၊ Sedona Hotel နှင့် ကြယ်သုံးပွင့် အဆင့်ရှိသည့် ဟိုတယ်ရှစ်လုံးကို တပ်ဆင်မှုပြုလုပ်ထားရှိပြီး ဖြစ်သည်။ ဗုံးရှာဖွေစက်များကို ပြည်ပမှမှာ ယူတင်သွင်းပြီး ဆက်လက်၍ တပ်ဆင်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။
အလားတူပင် CCTV လုံခြုံရေးကင်မရာများကိုလည်း မန္တလေးဒေသတွင်ရှိသော ဟိုတယ်အလုံးရေ ၁၀၄ လုံးတွင် တပ်ဆင်မှုပြုလုပ်ထားရှိပြီး ဖြစ်သည်။
“CCTV တပ်ဆင်ဖို့အတွက် ဟိုတယ်တိုင်းကို မှာကြားထားရှိပြီးဖြစ်ပါတယ်။ မတပ်ဆင်တဲ့ ဟိုတယ်တွေ ကိုလည်း သတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်း ကလည်း မကြီးမြင့်တဲ့အတွက် ဖြစ်ပါတယ်။ ဗုံးရှာဖွေစက်ကိုလည်း ဟိုတယ်အဆင့်လိုက် တပ်ဆင်မှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ဦးမျိုးမြင့်က ပြောသည်။
အဆိုပါတပ်ဆင်မှုများအပြင် ဟိုတယ်များဆောက်လုပ်ခွင့်အား ဆီးဂိမ်းမတိုင်မီ ခုနစ်ရက်အတွင်း ချထား ပေးခဲ့သော်လည်း ယခုအခါတွင် တိုင်းအစိုးရအဖွဲ့၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ နယ်မြေရှိ ဟိုတယ်နှင့်ခရီးသွားလာမှုဦးစီးဌာနသို့ တင်ပြကာ စစ်ဆေးမှုများပြုလုပ်ပြီးမှ ချထားပေးတော့မည် ဖြစ် သည်။
ဒီဇင်ဘာလ ၃၁ ရက်အထိ မန္တလေးဒေသတွင် ဟိုတယ် ၁၀၄ ခု၊ အခန်း ၄,၄၃၉ ခန်း၊ မန္တလေးတိုင်း အတွင်း ဟိုတယ် ၂၃၆ ခုနှင့် အခန်း ၇၉၄၀ ရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလိုင်စင်ဌာန စာရင်း များတွင် ဖော်ပြထားသည်။
Mizzima

No comments:
Post a Comment