အလဲဗင်းသတင်းထောက် ထောင်ဒဏ်ချမှတ်ခံရမှုအပါအ၀င်
သတင်းလွတ်လပ်ခွင့်ရရှိရေး၊ သတင်းမီဒီယာသမားတွေကို ဖိနှိပ်မှုတွေ
ရပ်တန့်ရေးအတွက် ရန်ကုန်မြို့မှာ ဆန္ဒပြနေကြပါတယ်။
ဇန်န၀ါရီ ၇ ရက် ဒီနေ့ နံနက် ၉ နာရီမှာ ရန်ကုန်မြို့တော်ခန်းမရှေ့က
စတင်ထွက်ခွာပြီး အလဲဗင်းမီဒီယာရုံး အခြေစိုက်ရာ တာမွေမြို့နယ်
တောင်မြင်းပြိုင်ကွင်းလမ်းကို ချီတက်ဆန္ဒပြနေကြပါတယ်။
ဆန္ဒပြသူတွေက သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရမူ… အလိုမရှိ၊ လွတ်လပ်စွာ
သတင်းရယူခွင့်ပြုရေး … ဒို့အရေး၊ မှန်ကန်တဲ့ တရားစီရင်ရေး…
ချက်ချင်းလုပ်ဆောင်ပေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြနေကြတာပါ။
မြန်မာဂျာနယ်လစ်ကွန်ရက်က ဦးဆောင် ဆန္ဒပြနေကြတာ ဖြစ်ပြီး ဆန္ဒပြပွဲကို
သတင်းမီဒီယာပေါင်းစုံနဲ့ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်အပါအ၀င် ၂၀၀
လောက် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ “လွတ်လပ်စွာ သတင်းယူခွင့်သည် ဒီမိုကရေစီ၏အသက်ဖြစ်သည်” ဆိုတဲ့ စာသားပါ တီရှပ်အင်္ကျီအနက်ကို ၀တ်ဆင် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကို မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး
ဦးမြင့်ကျော်က “လွိုင်ကော်သတင်းထောက် ထောင်ဒဏ် ၅ လ ချခံရတယ်။
သုံးမှုနဲ့တပေါင်းတည်း ၃ လ။ ဒီထောင်ချခံရတဲ့ကိစ္စ သတင်းထောက်က
သတင်းအလုပ်လုပ်ရင်း ထောင်ချခံရတာ။ ဒါဟာ လွတ်လပ်စွာ သတင်းရယူခွင့်ကို
ခြိမ်းခြောက်ခံရတဲ့ကိစ္စလို့ ကျနော်တို့က ခံယူတယ်။ ဆန္ဒပြဖို့ ဆုံးဖြတ်တာပါ”
လို့ ပြောပါတယ်။
အခုဆန္ဒပြပွဲကို သတင်းဌာနတခု၊ သတင်းထောက်တယောက်တည်းအတွက် ရည်ရွယ်လုပ်ဆောင်တာ မဟုတ်ဘူးလို့လည်း ဦးမြင့်ကျော်က ပြောပါတယ်။
“ကျနော်တို့က ဒီကိစ္စကို သတင်းဌာနတခုအတွက် ရည်ရွယ်ပြီး
လုပ်တာလည်းမဟုတ်ဘူး။ ဒီသတင်းထောက်တယောက်တည်းတင်မကဘဲ ကျန်တဲ့
သတင်းထောက်တွေလည်း ဒီလိုကိစ္စမျိုးမှာ ကြုံရနိုင်တဲ့ ခြိမ်းခြောက်မှု
အဲဒီအတွက် ကျနော်တို့ပြောတာပါ။ ဒီထက်ပိုပြီး ကျယ်ပြန့်တဲ့ အဓိပ္ပာယ်နဲ့
ပြောရင် နိုင်ငံသားတယောက်အတွက်နဲ့ နိုင်ငံသားတယောက်မှာ မျှတမှုမရှိတဲ့
တရားစီရင်မှုကို ခံရတယ်ဆိုရင် ပြန်ပြီး တုံ့ပြန်တောင်းဆိုခွင့်
အဲဒီအတွက်လည်း ပြောတာပါ။”
သတင်းထောက် နော်ခိုင်ခိုင်အေးချို (ခ) မခိုင်ဟာ သတင်းရယူမှု
ဖြစ်စဉ်တခုမှာ ပိုင်နက်ကျူးလွန်မှု၊ အသရေဖျက်မှု၊ ညစ်ညမ်းစွာပြောဆိုမှု
ပုဒ်မတွေနဲ့ လွိုင်ကော်မြို့နယ် တရားရုံးရဲ့ လက်ခံ စွဲချက်တင်ခြင်းခံရပြီး
ထောင်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။
ပုဒ်မ ၄၅၁ ပိုင်နက်ကျူးလွန်မှုအရ ထောင်ဒဏ် ၃ လ၊ ပုဒ်မ ၅၀၀ အသရေဖျက်မှုအရ
ထောင်ဒဏ် ၁ လ၊ ပုဒ်မ ၂၉၄ (ခ) ညစ်ညမ်းစွာပြောဆိုမှုအရ ထောင်ဒဏ် ၁ လ တို့ကို
တပေါင်းတည်း ကျခံစေဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့က အမိန့်
ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
သတင်းထောက် ထောင်ဒဏ်ချခံရမှုနဲ့ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက်က
သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တိုက်ရိုက် ခြိမ်းခြောက်မှုဖြစ်တဲ့အတွက်
ပြင်းထန်စွာ ကန့်ကွက်ကြောင်း အပါအ၀င် အချက် ၅ ချက်ပါ ကြေညာချက်ထုတ်ပြီး
တာဝန်ရှိသူတွေရဲ့ ပြန်ကြားချက်ကို စောင့်ကြည့်ခဲ့ပေမယ့်
တုံ့ပြန်ချက်မလာဘူးလို့ ဦးမြင့်ကျော်က ပြောပါတယ်။
“ဆန္ဒမပြခင် ကျနော်တို့က ၂၁ ရက်က ကြေညာချက်ထုတ်ပြီး သူတို့ဘက်က
တုံ့ပြန်မှုကို ကျနော်တို့ စောင့်ကြည့်ခဲ့တယ်။ ဒါပေမယ့် ဘာမှ တုံ့ပြန်မှု
မလာတဲ့အတွက် ကျနော်တို့က မျှတတဲ့ တရားစီရင်ရေးတခုဖြစ်အောင် ပြန်သုံးသပ်ဖို့
ဖိအားပေးတယ်၊ တိုက်တွန်းတယ်။ ဒီအမှုမှာ သတင်းလွတ်လပ်ခွင့် ထိပါးတာကို
မပြောဘဲ နေလိုက်ရင် အဲလိုအမှုတွေ အများကြီး ပေါ်ပေါက်လာနိုင်တယ်။
သတင်းထောက်တွေ သတင်းရယူတဲ့အခါမှာ ထောင်ကျမလားဆိုတဲ့ စိုးရိမ်စိတ်တွေ
ဖြစ်လာနိုင်တယ်။ ဒါက ရေရှည်အတွက်ပါ။”
သတင်းလွတ်လပ်ခွင့် ဆန္ဒပြပွဲကို ဒီဇင်ဘာ ၂၉ ရက်က
ခွင့်ပြုချက်တောင်းခံခဲ့တာဖြစ်ပြီး ဇန်န၀ါရီ ၃ ရက်နေ့မှာ
ခွင့်ပြုချက်ကျလာတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
အလဲဗင်းမီဒီယာဂရုပ်ဖ်ရဲ့ လွိုင်ကော်အခြေစိုက် သတင်းထောက်ကို
ထောင်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်ပြီး မန္တလေး အခြေစိုက် သတင်းထောက်တွေနဲ့
အရပ်ဘက်အဖွဲ့အစည်းတွေ မန္တလေးမှာ ဆန္ဒပြခွင့် လျှောက်ထားပေမယ့် လူစည်ကားတဲ့
နေရာဖြစ်တယ်ဆိုတဲ့ အချက် အပါအ၀င် အကြောင်းပြချက်အချို့နဲ့ တာဝန်ရှိသူတွေက
ခွင့်မပြုခဲ့ပါဘူး။
by dvb

No comments:
Post a Comment