ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသား ပြည်သူတွေ သာမက
လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ တိုက်ခိုက်ခံနေ ရတဲ့အတွက်
ပြစ်မှုကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူပေးဖို့နဲ့
လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ပေးဖို့ ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ RNDP က ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်လိုက် ပါတယ်။
အဲဒီကြေညာချက်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်
မောင်တောမြို့ ဒုချီးရားတန်ကျေးရွာ မှာ သေနတ်တစ်လက်နဲ့
ပျောက်ဆုံးသွားခဲ့တဲ့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းဟာ သေဆုံးပြီလို့
ယူဆရကြောင်း ဖေါ်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို
စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့ လိုအပ်နေပြီဖြစ်တဲ့အတွက် အခုလိုကြေညာချက်
ထုတ်ပြန်ရတာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးကျော်ဇောဦးက ပြောပါတယ်။
“ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့၊ အချိန်နဲ့
တပြေးတည်း တုန့်ပြန်ခွင့်ပေးဖို့ စသဖြင့်ပေါ့၊ အဲဒါ လုံခြုံရေးပိုင်းကို
ကိုင်တွယ်ပေးဖို့ ကျနော်တို့ ထောက်ပြပါတယ်၊ ပြည်ပက မီဒီယာတွေဟာ
မခိုင်လုံတဲ့ အရင်းအမြစ်အပေါ်မှာ ကိုးကားပြီးတော့ သတင်းအမှားတွေကို
အခြေခံပြီးတော့ အစိုးရကို ဒီလိုဖိအားပေးနေတာဟာ မဆီလျော်ဘူး၊
မလုပ်သင့်ဘူးဆိုတဲ့ အကြောင်းလည်းပါပါတယ်”
ဒုချီးရားတန်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး သတင်းမှားတွေ ထုတ်လွှင့်ခဲ့ကြတဲ့
သတင်းဌာနတွေဟာ တိုက်ခိုက်ခံရသူ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၊
မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ နဲ့ မြန်မာနိုင်ငံသားတွေကို
ဂုဏ်သိက္ခာထိပါးအောင် စော်ကားတာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသား
နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တာဝန်ရှိအဖွဲ့အစည်းတွေက
ထိထိရောက်ရောက် ကာကွယ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
RFA

No comments:
Post a Comment