ရွှေဆိုင်တွေ လုံခြုံရေးအတွက် လျှပ်စစ်တုတ်လိုမျိုး လုံခြုံရေး
အကာအကွယ်ပစ္စည်းတွေ ထားဖို့ ပြည်ထဲရေးနဲ့ ညှိနှိုင်းသွားမယ်လို့
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက ဒီဗွီဘီကို ပြောပါတယ်။
လတ်တလောကာလမှာ နယ်ဒေသတွေက ရွှေဆိုင်တချို့မှာ မသမာသူတွေရဲ့ လက်နက်ကိုင်
လူယက်တာတွေ ခံရပြီးတဲ့နောက် ရွှေဆိုင်တွေကို လုံခြုံရေးကင်မရာတွေ
တပ်ဆင်ဖို့အပြင် လျှပ်စစ်တုတ်လိုမျိုး လုံခြုံရေး အကာအကွယ်ပစ္စည်းတွေထားဖို့
ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းသွားမယ်လို့
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များသင်း အတွင်းရေးမှူး ဦးကျော်ဝင်း က
“ကျနော်တို့ ဆိုင်တွေက ဒီလို လုံခြုံရေးနဲ့ ပတ်သက်တဲ့ လက်နက်တော့ မဟုတ်ဘူး။
အကာအကွယ်လေး ပစ္စည်းတခု တပ်ဆင်ထားတာကလည်း ကိုယ့်မှာ လက်မဲ့
ဖြစ်တဲ့အခါကျတော့ သေနတ်နဲ့ ၀င်လာတဲ့သူ တယောက်ကို ကိုယ်က၀င်လုံးပြီး
ဖမ်းဖို့ ကျတော့ သူ့မှာ အခက်အခဲရှိတယ်လေ။ အဲလို အခက်အခဲတွေလည်း
မရှိအောင်ပေါ့ နောက် ဒုတိယအချက်က ဒီလို အကာအကွယ်လုပ်နိုင်မယ့် ပစ္စည်းလေးတွေ
တပ်ဆင်ထားရင် ပြင်ပက ၀င်လုမယ့် ပုဂ္ဂိုလ်က ဒီလို အကာအကွယ် ပစ္စည်းတွေ ရှိရင်
သူတို့ ၀င်မလုရဲတော့ဘူး။ ၀င်မလုဘဲနဲ့ သူတို့ကလည်း ကောင်းကောင်းမွန်မွန်
အလုပ်လုပ်ကိုင် စားသောက်သွားတယ်ဆိုလည်း ပြီးသွားတာဘဲပေါ့”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဇန်န၀ါရီလ တတိယပတ်ကစပြီး ရွှေဆိုင်တွေရဲ့ လုံခြုံရေးအတွက်
မနက် ၆ နာရီကနေ ည ၆ နာရီ အထိကို သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့တွေက
ကင်းလှည့်ပေးတာတွေ လုပ်ပေးနေတယ်လို သိရပါတယ်။
ရဲတပ်ဖွဲ့ဝင် တဦးက “ရွှေဆိုင်တွေ အားလုံး ပိတ်သိမ်းတဲ့အထိ အဲဒီအထိ
လှည့်ကင်းက ရှိပါတယ်။ ညကျရင်လည်း ညလှည့်ကင်းရှိပါတယ်။ ကျနော်ကတော့
နေ့ပိုင်း လှည့်ကင်းပါ။ ညကျရင်လည်း ပန်းဘဲတန်းက နယ်ထိန်းအဖွဲ့တွေ ရှိမယ်။
သက်ဆိုင်ရာ နယ်မြေရဲကင်းအဖွဲ့တွေ ရှိမယ်။ သူတို့ကလည်း လှည့်ကင်းလှည့်ပါတယ်။
မဖြစ်သင့်တာတွေ မဖြစ်အောင်လို့ပေါ့ဗျာ။ ဒီ ခိုး၊ ဆိုး၊ နှိုက်တွေ အလွယ်တကူ
သောင်းကျန်းလို့ မရအောင် သောင်းကျန်းရင်လည်း လျင်မြန်စွာ ဖမ်းဆီး
ရမိနိုင်အောင်လို့ပါ”လို့ ဆိုပါတယ်။
ရွှေဆိုင်တွေ အနေနဲ့လည်း အဲဒီလို လုံခြုံရေးပစ္စည်းတွေကို
ဆိုင်အတွင်းမှာဘဲ ကိုင်ဆောင်ဖို့နဲ့ လုံခြုံရေးဝန်ထမ်းတွေကိုလည်း
ရဲတပ်ဖွဲ့ဆီမှာ သင်တန်းတက်ဖို့ကို လာမယ့် လအတွင်းမှာဘဲ အကောင်အထည်
ဖော်သွားမယ်လို့ သိရပါတယ်။
DVB

No comments:
Post a Comment