ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကွမ်းခြံကုန်း ကျေးရွာအုပ်စု
ကွမ်းခြံကုန်း (မူလွန်) ကျောင်းမှ ဆရာမတစ်ဦး ဖွင့်လှစ်ထားသည့် အမျိုးသမီး
ကျောင်းသူ ဘော်ဒါဆောင်ပိုင်ရှင် အလယ်တန်းပြဆရာမမှာ ဟင်္သာတ နည်းပညာတက္ကသိုလ်
ကျောင်းသားနှစ်ဦး ရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲဒဏ်ရာ ရရှိခဲ့၍ ဟင်္သာတ
ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် ကုသခံနေရကြောင်း အရိုက်ခံရသူ ကျောင်းဆရာမ၏
ခင်ပွန်း ဦးနိုင်ရဲဝင်းက ပြောကြားသည်။
အမျိုးသမီးကျောင်းသူ ဘော်ဒါဆောင်တံခါး အနီး၌ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁
နာရီကျော်က ချစ်သူများနေ့ ရောက်ချိန်တွင် အဆောင်ရှေ့၌ ပန်းစည်းများ
လာရောက်ချထားစဉ် အဆောင်ပိုင်ရှင်နှင့် စကားများကာ ကျောင်းသားများက
အဆောင်အိမ် အုတ်တံတိုင်းကို ကျော်တက်ပြီး အဆောင်ပိုင်ရှင် အမျိုးသားကို
လက်သီးဖြင့် ထိုးကြောင်း၊ အပြန်အလှန် လုံးထွေးနေသဖြင့် အဆောင်ပိုင်ရှင်
ကျောင်းဆရာမက ဝင်ရောက်ဖျန်ဖြေစဉ်၊ ကျောင်းသားနှစ်ဦးက အသင့်ပါလာသည့်
တုတ်နှင့် အရက်ပုလင်း တို့ဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ရာ အလယ်တန်းပြ ဆရာမ
ဒေါ်ကလျာပပစိန်၏ ဦးခေါင်း နောက်ဘက်တွင် ဒဏ်ရာများ ရှိခဲ့သဖြင့် ခြောက်ချက်
ချုပ်ခဲ့ရပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့ အထိ ဆေးရုံ၌ ကုသခံနေရကာ
ဆေးရုံဆင်းခွင့် မရသေးကြောင်း ၄င်းကဆိုသည်။
ယင်းဖြစ်ရပ်အတွက် ဥပဒေကြောင်းအရ မြို့နယ်ရဲတပ်ဖွဲ့ရုံး၌ တိုင်ချက်
ဖွင့်ထားသော်လည်း ကျောင်းသားများဖြစ်၍ ပညာရေးကို ထိခိုက်မည်
စိုးရိမ်သောကြောင့် အရေးယူရန်သင့် မသင့် စဉ်းစားလျက် ရှိကြောင်း
အရိုက်ခံရသူ ဒေါ်ကလျာပပစိန်က ပြောကြားသည်။
ယင်းကဲ့သို့ ပြစ်မှုမျိုး ထပ်မံမကျူးလွန်ရေး အတွက် မိဘများက တာဝန်ယူ
ဆုံးမပေးမည် ဆိုပါက ကျေအေးပေးမည် ဖြစ်ကြောင်းနှင့် ကျောင်းသားမိဘများ ကလည်း
တောင်းပန်နေသည့် အတွက် ဆေးရုံဆင်းခွင့် မရသေးသော်လည်း ကျေးအေးပေးရန်
စဉ်းစားလျက် ရှိသည်ဟု ၄င်းကဆိုသည်။
ယင်းကျောင်းသားများမှာ ဟင်္သာတမြို့နယ် နတ်မော်ကျေးရွာတွင်
ဖွင့်လှစ်ထားသည့် နည်းပညာတက္ကသိုလ် ကျောင်းသားများ ဖြစ်ကြောင်း စစ်ဆေး
တွေ့ရှိရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်သွယ်ကာ ဆောင်ရွက်မည်
ဖြစ်ကြောင်းနှင့် ကာယကံရှင်များ ကလည်း အမှုဖွင့်ရန် စဉ်းစားနေဆဲ
ဖြစ်သည့်အတွက် စောင့်ဆိုင်းပေးထားကြောင်း အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းမှ
ဒုရဲအုပ်ဇော်လင်းထွန်းက ပြောကြားသည်။
Myanmarcnn

No comments:
Post a Comment