လွှတ်တော်နှစ်ရပ်၏ သက်တမ်း ၂ နှစ်ကျော်အတွင်း
မေးခွန်းမေးမြန်းဖူးခြင်းမရှိသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၆၀
ကျော် ရှိကြောင်း လွှတ်တော်စောင့်ကြည့်လေ့လာရေးအစီအစဉ် ပြုလုပ်နေသည့်
ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၏ ဖေဖော်ဝါရီလတွင် ထုတ်ပြန်လိုက်သော
အစီရင်ခံစာ၌ ဖော်ပြထားသည်။
လွှတ်တော်တွင် မေးခွန်းတစ်ခုမှ မေးမြန်းဖူးခြင်းမရှိသည့်
ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ်
၁၂၅ ဦး ရှိပြီး အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ် ၄၀ ဦး ဖြစ်သည်ဟု
ယင်းအစီရင်ခံစာတွင် ပါရှိသည်။
ပထမအကြိမ် လွှတ်တော်မှ ဆဋ္ဌမပုံမှန်လွှတ်တော်အစည်းအဝေးအတွင်း
ကိုယ်စားလှယ်များ၏ မေးခွန်းမေးမြန်းမှုကို လေ့လာကာ
ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က လွှတ်တော်စောင့်ကြည့်လေ့လာရေးအစီရင်ခံစာ
အမှတ် (၁) ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
ယင်းလွှတ်တော်သက်တမ်းအတွင်းပင် မေးခွန်းမေးမြန်းခဲ့ဖူးခြင်း မတွေ့ရသည့်
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၇၄ ဦး ရှိပြီး အလားတူ
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈၁ ဦး ရှိသည်ဟုလည်း
လွှတ်တော်စောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် ထည့်သွင်းထားသည်။
ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော်လည်း လွှတ်တော်တွင်
လူထုကိုယ်စားပြုကာ မေးခွန်းမေးမြန်းဖူးခြင်းမရှိသည့်
လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်နှင့် ပါတီများကို လာမည့်
အစီရင်ခံစာများတွင် ထည့်သွင်းသွားရန်ရှိသည်ဟု
ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၏ သုတေသနဒါရိုက်တာ ကိုအေးခိုင်က ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲတွင် ပါဝင်သည့်
တိုင်းရင်းသားမျိုးနွယ်စုအရေအတွက် ၂၉ ခု ရှိပြီး ယင်းတို့ထဲမှ
တိုင်းရင်းသားမျိုးနွယ်စုသုံးခု၏ မေးခွန်းမေးမြန်းမှုကို မတွေ့ရှိရကြောင်း၊
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထဲတွင်လည်း တိုင်းရင်းသားမျိုးနွယ်စု ၁၆
ခု ပါဝင်ပြီး ယင်းတို့ထဲမှ တိုင်းရင်းသားမျိုးနွယ်စု နှစ်ခု၏ မေးခွန်းများ
မေးမြန်းမှုကို မတွေ့ရှိရဟု လွှတ်တော်အစည်းအဝေး ခြောက်ခုကို လေ့လာထားသည့်
အဆိုပါ အစီရင်ခံစာတွင် ပါရှိသည်။
ပြည်သူ့လွှတ်တော်သည် မြန်မာနိုင်ငံရှိ မြို့နယ်တစ်ခုချင်းစီမှ
ကိုယ်စားလှယ်တစ်ဦးစီဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး
ရွေးကောက်ခံကိုယ်စားလှယ် ၃၃၀ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦး
တို့ ပါဝင်ရမည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည်။ ၂၀၁၀
ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ်
ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၆၂ ဦးကို
ပြည်သူများက တိုက်ရိုက်ရွေးကောက်တင်မြှောက်ခဲ့သည်။
အမျိုးသားလွှတ်တော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင်
ကိုယ်စားလှယ် ၁၂ ဦး စီ နှုန်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး
တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု ရှိသည့်အတွက်
တိုက်ရိုက်ရွေးကောက်ခံကိုယ်စားလှယ် ၁၆၈ ဦး ရှိနေသည်။
7day Daily

No comments:
Post a Comment