ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယူအန်နှင့် အိုင်အန်ဂျီအိုများ ကို
ကန့်ကွက် ဆန္ဒပြရန် လူပေါင်း ၁၀၀၀ ကျော်စုရုံးပြီးမှ အာဏာပိုင်များက
ခွင့်မပြုသဖြင့် ယနေ့ ဆန္ဒပြမည့် အစီအစဉ်အား ရပ်ဆိုင်းပြီး လာမည့်
ဖေဖေါ်ဝါရီလ ၅ ရက်သို့ ရွှေ့လိုက်ရသည်ဟု ဆန္ဒုပြပွဲ စီစဉ်သူ တစ်ဦးဖြစ်သူ
ဖြစ်သူ ဦးသန်းလိုင်က နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော်တို့ ဒီကနေ့ နေ့လည် ၁၂ နာရီမှာ လူပေါင်း တစ်ထောင်ကျော်
ဘူးသီးတောင်မြို့ ဧစေတီကျောင်းမှာ စုရုံးခဲ့ကြပါတယ်။ အာဏာပိုင်တွေက
ပြလို့ရတယ်။ ခွင့်ပြုချက်တင်စရာ မလိုဆိုတဲ့ အတွက် နားလည်မူနဲ့ ပြပါဆိုတဲ့
အတွက် ဒီကနေ့ ပြဖို့လုပ်တော့ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့
မြို့နယ်ရဲမှူးကြီးက လာတားပါတယ်။ သူတို့က မေတ္တာရပ်ခံတဲ့ အတွက် ဒီနေ့
ဆန္ဒပြမယ် အစီအစဉ်ကို လာမယ့် ဖေဖေါ်ဝါရီလ ၅ ရက်နေ့ကို ရွှေ့လိုက်ပါတယ်” ဟု သူက
ပြောသည်။
ဆန္ဒပြရန် လာသူများမှာ ယူအန်နှင့် အိုင်အန်ဂျီအိုများ အပေါ် အထူး
မကျေနပ်ဖြစ်နေသဖြင့် ဆန္ဒပြပွဲအား ယနေ့တွင် မပြုလုပ်ကြရန် အထူး အနူးအညွှတ်
တောင်းပန်ခဲ့ရသည်ဟု သူက ဆိုသည်။
“ တက်ရောက်လာတဲ့ ပြည်သူတွေက မောင်တော ဒုချီးရားတန်း ပြဿနာမှာ
သတင်းမှားတွေထုတ်ပြန်ပြီး ပြဿနာတွေ ကြီးထွားအောင် အကွက်ဆင် လုပ်နေတဲ့
ယူအန်နဲ့အိုင်အိုဂျီတွေကို လုံးဝ မကျေနပ်ဖြစ်နေကြတယ်။ ဒါကြောင့် ဆန္ဒပြဖို့
တကဲကဲ လုပ်နေတဲ့ အတွက် အာဏာပိုင်တွေနဲ့ စကားများတာတွေတောင် ရှိခဲ့ပါတယ်။
နောက်ပိုင်းမှ အတင်းဖျောင်းဖျပြီး လူစု ခွဲခဲ့ရပါတယ်” ဟု ဆိုသည်။
ဆန္ဒပြပွဲ ပြုလုပ်ဖြစ်ပါက ယူအန်နှင့် အိုင်အန်ဂျီအိုများ သတင်းမှား
ထုတ်ပြန်မူကို ရုတ်သိမ်းရန်၊ ဘူးသီးတောင်မြို့နယ်မှ ၎င်းအဖွဲ့အစည်းများ
ခုနှစ်ရက်အတွင်း ထွက်ခွာသွားကြရန် တောင်းဆိုသွားမည်ဟု ဦးသန်းလိုင်က
ဆက်ဆိုသည်။
ယူအန်နှင့် အိုင်အန်ဂျီအိုများ အနေဖြင့် ဒေသဖွံ့ဖြိုး လုပ်ငန်းများနှင့်
အတူ ဆင်းရဲနွမ်းပါးသူများကို ထောက်ပံ့ ကူညီမူများပြုလုပ်နေသဖြင့် ဒေသအတွက်
သူတို့ရှိနေခြင်းဖြင့် အကျိုးမရှိနိုင်ဘူးလားဟု မေးမြန်းရာ ဦးသန်းလိုင်က
ယခုလို ပြောကြားသည်။
“ သူတို့က ဘင်္ဂလီတွေဘက်ကဘဲ တစ်ဘက်သတ် ရပ်တည်ပြီး ကူညီနေတာ ဖြစ်တယ်။
ဒ့ါပြင်သွေးထိုး လုံဆော်မူတွေနဲ့ မြှောက်ပင့်မူတွေ အမြဲပြုလုပ်နေတယ်။
ဒါကြောင့် ဒီဒေသမှာသူတို့ရှိနေသမျှ ကာလပတ်လုံး လူမျိုးနှစ်ခုအကြား
သင့်မြတ်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဒါကြောင့်
ပြဿနာဖြစ်အောင် အမြဲဖန်တီးနေတဲ့ ယူအန်နဲ့ အိုင်အန်ဂျီအိုတွေကို
ကျွန်တော်တို့ မလိုလားဘူး။ သူတို့ကို ကျွန်တော်တို့ ဒေသက
ထွက်ခွာသွားဖို့ကိုသာ ကျွန်တော်တို့ လိုလားပါတယ်” ဟု ဆိုသည်။
ယူအန်နှင့် အိုင်အန်ဂျီအိုများ၏ သတင်းအမှားများ လုပ်ကြံ ထုတ်ပြန်မူကြောင့်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ဗုဒ္ဓဘာသာ
ရခိုင်လူအုပ်စုများ၏ သတ်ဖြတ်မူကြောင့် မွတ်ဆလင် အမျိုးသမီးနှင့် ကလေးငယ် ၄၈
ဦး သေဆုံးခဲ့သည်ဟု နိုင်ငံတကာ သတင်းဌာနများက ကျယ်ကျယ်ပြန့်ပြန့်
သတင်းဖေါ်ပြခဲ့ကြသဖြင့် ရခိုင်လူမျိုးများအပေါ် အထူးထိခိုက်
နစ်နာမူများရှိခဲ့သည်။
ဘူးသီးတောင်မြို့ တာဝန်ရှိ ရဲအရာရှိကမူ ယနေ့
ဆန္ဒပြပွဲအားခွင့်ပြုချက်မရှိသဖြင့် တားမြစ်ခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာက
ခွင့်ပြုချက်ရရှိပါက တားမြစ်စရာ အကြောင်း မရှိပါကြောင်း နိရဉ္စရာသို့
ပြောကြားသွားသည်။
Ninrajara
No comments:
Post a Comment