ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အထက်တန်းကျောင်းတစ်ခုမှ ကျောင်းသား ၅
ဦးကို သမီးဖြစ်သူ ဆယ်တန်းကျောင်းသူကို နောက်ပြောင်မိရာမှ အဖဖြစ်သူ
စခန်းမှူးက တံပိုးဖြင့် ရိုက်သဖြင့် ကျောင်းသား တစ်ဦးတွင် ဒဏ်ရာ
ရရှိသွားသည်ဟု နိရဉ္စရာမှ သတင်း ရရှိသည်။
“ဒဏ်ရာရတဲ့ ကျောင်းသားက ခုနှစ်တန်း ကျောင်းသား
မောင်ဇော်ထွန်းနိုင်ဖြစ်ပါတယ်။ ရေထမ်းလာတဲ့ တံပိုးနဲ့ ရိုက်တဲ့ အတွက်
ကျောကုန်းမှာ နှစ်ချက်ခန့် ကွဲပြဲသွားပါတယ်။ ကျန်တဲ့ ကျောင်းသားတွေကိုတော့
နားရွက်တွေကို ဆွဲပြီး လက်သီးနဲ့ ထိုးတယ်လို့ သိရပါတယ်” ဟု အမည်မဖေါ်လိုသူ
ဆရာ တစ်ဦးက ပြောသည်။
ဇန်န၀ါရီလ ၃၁ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် လောင်းချောင်း
အထက်တန်းကျောင်းမှ ဆယ်တန်းကျောင်းသားများ ဖြစ်ကြသည့် မောင်ကျော်သိန်းဦး၊
မောင်နိုင်နိုင်အောင်၊ မောင်သန်းဌေးအောင်နှင့် ခုနှစ်ကျောင်းသား
နှစ်ဦးဖြစ်ကြသည့် မောင်ဇော်ထွန်းနိုင်နှင့် မောင်မောင်ဌေးလွင်တို့သည်
လမ်းဘေးရှိ ကန်တစ်ခုတွင် ရေကူးရာမှ ကုန်းပေါ်သို့ အတက်တွင်
လောင်းချောင်းရဲစခန်းမှူး ဦးဇော်ရဲနိုင်၏ သမီးဖြစ်သူ လမ်းလျှောက်လာသဖြင့်
နောက်ပြောင်မိရာမှ စခန်းမှူး ဖြစ်သူက သူတပည့်များနှင့် ၀ိုင်းဝန်းပြီး
ကျောင်းသားကို ရိုတ်ပုတ် ထိုးနှက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ ကျွန်တော်တို့ သိရတာက စခန်းမှူးသမီးက အဖဖြစ်သူကို သူကို စတယ်ပေါ့လေ
ဒီလိုမျိုး သွားတိုင်တယ်လို့ ဆိုပါတယ်။ အဲဒါနဲ့ စခန်းမှူးက သူ့တပည့်တွေနဲ့
လိုက်လာပြီး ကျောင်းသားတွေကို ၀ိုင်းထိုးတာပေါ့။ ရဲတပ်ကြပ်တစ်ဦးက
သူမှာပါလာတဲ့ ရေထမ်းတဲ့စည် တံပိုးနဲ့ ရိုက်တယ်လို့ ပြောပါတယ်။
စခန်းမှူးကတော့ နရင်းတွေကို လက်တွေနဲ့ ပိတ်ထိုးတယ်လို့ ပြောပါတယ်။
ကျောင်းသား တစ်ယောက်ကတော့ တော်တော်လေး ဒဏ်ရာရသွားပါတယ်” ဟု ကျေးရွာသား
တစ်ဦးက ဆိုသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး ကျေနပ်မူ မရှိသော ကျောင်းသားမိဘများက
လောင်းချောင်း အထက်တန်းကျောင်းအုပ်ဆရာကြီးထံ တိုင်ကြားထားသော်လည်း
ယခုအချိန်ထိ တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်း မရှိသေးကြောင်း ၎င်းဒေသခံက
ပြောကြားသည်။
“ မိဘတွေကတော့ ကလေးအချင်းချင်း ဖြစ်တာကို အာဏာပြပြီး ခုလို
ဒဏ်ရာရအောင်ထိ ရိုတ်ပုတ်တဲ့ အတွက် မကျေနပ်ကြဘူး။ ကျောင်းသားတွေ ကိစ္စဖြစ်တဲ့
အတွက် ကျောင်းအုပ်ဆရာကြီးကိုတော့ တိုင်ကြား ထားပါတယ်။ ရဲစခန်းမှူးကတော့
ဘာမှ ဖြေရှင်းမယ်ဆိုတဲ့ လေသံမျိုးထွက်မလာသေးပါဘူး” ဟု ယင်းက ဆက်ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး လောင်းချောင်းရဲစခန်းမှူးသို့ ဆက်သွယ်သော်လည်း အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပါ။
Narinjara

No comments:
Post a Comment