မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်တဲ့ ရှမ်းပြည်နယ်ထဲမှာ
ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ဖို့ ရန်ပုံငွေ
လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့က
ပြောဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်ထဲမှာ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး နဲ့ ဘိန်းတောင်သူတွေ
စားဝတ်နေရေး ပြေလည်စေဖို့အတွက် ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းတွေ
တိုးမြှင့်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ
ဗဟိုမူးယစ်ရဲတပ်ဖွဲ့က ပြောပါတယ်။
သူတို့တပ်ဖွဲ့အနေနဲ့ ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းကို
ရှမ်းပြည်တောင်ပိုင်းက မြို့နယ်တချို့မှာ ဆောင်ရွက်ခဲ့ပြီးပေမယ့်
အခြားဒေသတွေမှာ ဆက်လက်ဆောင်ရွက်ဖို့ ရန်ပုံငွေ လိုအပ်ချက်တွေ ရှိနေတာပါ။
ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာ ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဦစီးပြီး
စုံညီဆွေးနွေးပွဲတရပ် ကျင်းပခဲ့တယ်လို့ မြန်မာနိုင်ငံ
ဗဟိုမူးယစ်ရဲတပ်ဖွဲ့ဝင် ရဲမှူးကျော်ဆန်းက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့က ကျနော်တို့ပြည်ထဲရေးဒုဝန်ကြီး ဦးဆောင်ပြီး
အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာ စုံညီအစည်းအဝေးလုပ်လိုက်တာပါ။
ဆက်လုပ်ဖို့ကတော့ ယူအန်အိုဒီစီက မြန်မာနိုင်ငံလုံးဆိုင်ရာ ၄ နှစ်စီမံကိန်း
လုပ်နေတာပေါ့။ လုပ်စရာတွေကတော့ အများကြီးပါ။ အလှူတွေရရင်တော့
လုပ်နိုင်တာပေါ့။ ဒါက အလှူရှင်ရရှိရေးအတွက် အစည်းအဝေးလုပ်တာ။”
ပြီးခဲ့တဲ့နှစ်က ဗဟိုမူးယစ်ရဲတပ်ဖွဲ့နဲ့ ယူအန်အိုဒီစီ (ကမ္ဘာ့ကုလသမဂ္ဂ
မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံး) အဖွဲ့တို့ ပူးပေါင်းပြီး
ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းကို စီမံကိန်း ချမှတ်ဆောင်ရွက်ခဲ့တာမှာ
ရှမ်းပြည်နယ် ဟိုပုန်း၊ လွိုင်လင် ၊ ပင်လုံ စတဲ့မြို့နယ် ၃ ခုမှာပဲ
ဆောင်ရွက်နိုင်သေးတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ဧရိယာ အများဆုံးဖြစ်တဲ့အတွက်
ဒီစီမံကိန်းကို ရှမ်းပြည်နယ်ထဲမှာ လုပ်ဆောင်နေတာလို့ ရဲမှူးကျော်ဆန်းက
ပြောပါတယ်။
အဲဒီစီမံကိန်းအတွက် ယူအန်အိုဒီစီက အမေရိကန်ဒေါ်လာ ၇ သန်းကျခံ
သုံးစွဲပေးပေမယ့် ဘိန်းစိုက်ဒေသ အားလုံးကို ကာမိအောင်
ထောက်ပံ့နိုင်ခြင်းမရှိကြောင်း၊ နိုင်ငံတကာက ပံ့ပိုးပေးဖို့ လိုအပ်ပြီး
နောက်ထပ် မိုးနဲ၊ မိုင်းပန်၊ ပင်လောင်း၊ ဖယ်ခုံ၊ လင်းခေး၊ မိုင်းတုံ
စတဲ့မြို့နယ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမယ်လို့
ပြည်ထဲရေးဒုဝန်ကြီးရဲ့ ဆွေးနွေးပွဲက ပြောကြားချက်ကို ကိုးကားပြီး
မဇ္ဈိမသတင်းဌာနမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ဧရိယာ ဟက်တာပေါင်း ၅၇၈၀၀ ရှိပြီး ဘိန်းထွက်တန်ချိန်ပေါင်း ၈၇၀ ထိ တိုးလာတယ်လို့ သတင်းမှာဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊
အုပ်ချုပ်ရေးဌာနမှူး ရဲမှူးကြီးတင်အောင်ကလည်း ရှမ်းပြည်နယ်တစ်ခုထဲမှာတင်
ဘိန်းအစားထိုးလုပ်ရမယ့်နေရာ ၂၀ လောက်ရှိပြီး ဘတ်ဂျက်က သုံးလေးနေရာစာလောက်ပဲ
ရှိကြောင်း၊ စီမံကိန်းက ရေရှည်မတည်တံ့ရင် ဘိန်းကို
ပြန်စိုက်ကြမယ့်အကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မှာ ဘိန်းအစားထိုးဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်ဖို့
အပစ်ခတ်ရပ် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့၊ အစိုးရ နဲ့
ယူအန်အိုဒီစီတို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့
လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ကျိုင်းတုံမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့
ရှမ်းပြည် တပ်မတော်တောင်ပိုင်းက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်
ဗိုလ်မှူးကြီး စိုင်းဆိုင်ဟန်က ဒီဗွီဘီကို ပြောပါတယ်။
အထူးသဖြင့် မိုးနဲ နဲ့ မိုင်းပန် မြို့နယ်ထဲမှာ
စံပြဘိန်းအစားထိုးစီမံကိန်းလုပ်ဖို့ ပြောထားခဲ့ကြပေမယ့်လည်း
လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘူးလို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ အချက်ပေါင်း ၉ ချက်
သဘောတူညီခဲ့ပြီး အဲဒီထဲက ဒေသထဲကွင်းဆင်းလေ့လာခြင်းနဲ့ ဆက်သွယ်ရေးတာဝန်ခံ
ထားရှိခြင်းဆိုတဲ့ ၂ ချက်ပဲ ဆောင်ရွက်ခဲ့ပြီး ကျန်တဲ့ ၇
ချက်အကောင်အထည်ဖော်ခြင်းမရှိကြောင်း၊ အဓိကအားဖြင့် အစိုးရဘက်က ဆက်သွယ်လာတာ
မရှိသေးဘူးလို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့၂၀၁၂ ခုနှစ်က ဘိန်းစိုက်ဟက်တာပေါင်း ၅၁,၀၀၀
အထွက် မတ်ထရစ်တန် ၆၉၀ တန် ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ
ဘိန်းစိုက်ဟက်တာပေါင်း ၅၇,၈၀၀၊ အထွက်၊ မတ်ထရစ်တန် ၈၇၀ ရှိခဲ့တယ်လို့
ယူအန်အိုဒီစီက ထုတ်ပြန်ထားပါတယ်။
DVB

No comments:
Post a Comment