အာဆင်နယ်၏ တစ်ရာသီစာ လက်မှတ်ပိုင်ရှင် ပရိသတ်များသည်
လာမည့်သီတင်းပတ်တွင် ကစားမည့် ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်နှင့်
ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်အတွက် နောက်ထပ် (၁၃၂)ပေါင်မျှ
ထပ်မံပေးချေရမည့် အခြေအနေအပေါ် အကြီးအကျယ် မကျေမနပ် ဖြစ်နေကြ
အာဆင်နယ် အသင်း၏ ကွင်းဝင်ကြေးလက်မှတ် ဈေးနှုန်းများ
မြင့်မားလွန်းခြင်းနှင့် ပတ်သက်ပြီး အသင်း၏ တစ်ရာသီစာ လက်မှတ်ဝယ်ယူထားသော
ပရိသတ်က သပိတ်မှောက်ရန် ကြံစည်နေကြောင်း သိရသည်။ အာဆင်နယ်၏ တစ်ရာသီစာ
လက်မှတ်ပိုင်ရှင် ပရိသတ်များသည် လာမည့်သီတင်းပတ်တွင် ကစားမည့်
ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်
ပွဲစဉ်အတွက် နောက်ထပ် (၁၃၂)ပေါင်မျှ ထပ်မံပေးချေရမည့် အခြေအနေအပေါ်
အကြီးအကျယ် မကျေမနပ် ဖြစ်နေကြသည်။ ပရိသတ်များဘက်မှ အသင်းအပေါ် အလွန်ချစ်ခင်
နှစ်လိုစွာ အားပေးနေသည့်တိုင် အာဆင်နယ်က ပရိသတ်ဘက် လုံးဝ ငဲ့မကြည့်ဟု
ပရိသတ်များက စွပ်စွဲလျှက်ရှိပြီး ဘိုင်ယန်နှင့်ပွဲကို သွားရောက်မကြည့်ရှုဘဲ
ဆန့်ကျင်သပိတ်မှောက်ရန် ဆွေးနွေးတိုင်ပင်လျှက် ရှိကြသည်။
အာဆင်နယ်၏ တစ်ရာသီစာ လက်မှတ်ကို ဝယ်ယူပြီးသည့် ပရိသတ်များသည်ပင်လျှင်
ဘိုင်ယန်နှင့် ပွဲစဉ်ကို ကြည့်ရှုခွင့်ရရန် (၆၂)ပေါင်မှ (၁၃၂)ပေါင်ကြား
ထပ်မံပေးဆောင်ရမည် ဖြစ်သည်။ မိမိတို့ ရောင်းချထားသည့် ရာသီစာ
လက်မှတ်အစီအစဉ်တွင် ဘိုင်ယန်နှင့်ပွဲသည် အကျုံးမဝင်ဟု လန်ဒန်ကလပ်က
အကြောင်းပြထားသည်။ အာဆင်နယ်၏ ရာသီစာလက်မှတ်တွင် ရွှေရောင်အဆင့်
သတ်မှတ်ချက်ကို (၁၉၉၅)ပေါင်ထိ ငွေပေးချေ ဝယ်ယူထားသည့် စတိဗ်မက်စ်ဝဲလ်သည်
ဘိုင်ယန်နှင့်ပွဲတွင် ၎င်းထိုင်နေကျနေရာ ရရှိရန်အတွက် အပိုဆောင်းငွေ
(၁၁၇.၉၈)ပေါင် ထပ်ပေးရမည် ဖြစ်သည်။
“ဘယ်လိုမှ ဒီကိစ္စအတွက် ပျော်ပျော်ရွှင်ရွှင် သဘောထားမပေးနိုင်ဘူး။
ပြောရရင် ခုဖြစ်နေပုံက ကိုယ်ချစ်တဲ့သူနဲ့ ရန်ဖြစ်နေရသလိုပဲ။ အာဆင်နယ်ကို
ကျွန်တော်ချစ်တယ်။ ဒါပေမဲ့ အာဆင်နယ်ကတော့ ကိုယ့်ကိုလုံးဝ ပြန်မချစ်တဲ့
မိန်းကလေးတစ်ယောက်နဲ့ တူနေတယ်”ဟု မက်စ်ဝဲလ်က ပေါက်ကွဲပြောဆိုခဲ့သည်။
ယခုရာသီ အာဆင်နယ်၏ ပွဲစဉ်များ ကြည့်ရှုရန်အတွက် ပေါင်စတာလင် (၂၀၀၀)ကျော်မျှ
အကုန်အကျ ခံထားပြီးဖြစ်သည့် တင်မ်ပေတန်က “လက်ရှိ ဖြစ်ပျက်နေတာတွေကို
ကျွန်တော်တို့ တကယ်ပဲ စိတ်ပူမိတယ်။ ရာသီစာလက်မှတ် ဝယ်ထားတဲ့ ပရိသတ်ဆိုတာ
ရာသီမစခင်ကတည်းက ပေါင်ငွေ(၂၀၀၀)လောက် ကြိုပေးထားတာပါ။ ဒီဈေးနှုန်းဟာ
ကမ္ဘာ့ဘောလုံးလောကမှာ အမြင့်ဆုံးပဲ။ ပရိသတ်အပေါ် တုံ့ပြန်မှုက ဒီထက်တော့
ပိုကောင်းသင့်ပါတယ်”ဟု ဆိုသည်။ အာဆင်နယ် ပရိသတ်များသည် ယင်းပွဲစဉ်တွင်
သွားရောက်ကြည့်ရှုခြင်း မပြုဘဲ သပိတ်မှောက်ရန်ထိ စဉ်းစားနေကြောင်းလည်း
သတင်းများက ဆိုသည်။ အာဆင်နယ် ပရိသတ် တစ်ဦးကလည်း “အာဆင်နယ် အမှုဆောင်ချုပ်
အိုင်ဗန်ဂါဇီဒစ်က စီးပွားရေးအရ အမြတ်အစွန်းတွေ တိုးပွားလာတဲ့အခါ
လက်မှတ်ဈေးနှုန်းတွေ လျှော့ပေးပါ့မယ်လို့ ကတိပေးထားတယ်။ ဒီနေ့ထိတော့
သူ့စကားက လုံးဝ အဓိပ္ပါယ်မရှိသေးဘူး”ဟု ဝေဖန်သွားသည်။
Planet Myanmar Network

No comments:
Post a Comment