မကွေးတိုင်း၊ မကွေးမြို့နယ်၊ သစ်ရာကောက် ရွာသားတွေကို မွေးမြူရေး၊
ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်က
မချေမငံ ရိုင်းရိုင်းပျပျ ဆက်ဆံ ခဲ့တာကို မကျေနပ်ကြောင်း ဆန္ဒပြဖို့
သစ်ရာကောက် ကျေးရွာ သားတွေက သက်ဆိုင်ရာကို ခွင့်ပြုချက် တောင်းခံ ခဲ့ပေမယ့်
မနေ့က ပယ်ချ ခံရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
ဆန္ဒပြခွင့် ပယ်ချခံရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဦးရဲတင့် (သစ်ရာကောက်) က ခုလိုပြောပြပါတယ်။
“၁၆ ရက်နေ့ကို ဝန်ကြီး ဦးအုန်းမြင့်ရဲ့ မတရား ပြောဆိုမှုအပေါ်မှာ
ကန့်ကွက်ကြောင်း ဆန္ဒပြဖို့ဆိုရင် ပုဒ်မ ၁၈ နဲ့အညီ ရဲစခန်းကနေတဆင့်
မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို တင်ထားတာဗျ၊ အဲဒီဟာကို မနေ့က နေ့လယ် ၁
နာရီလောက်မှာ ကန့်ကွက်ဆန္ဒပြတဲ့အကြောင်း မခိုင်လုံဘူးဆိုပြီးတော့
ငြင်းပယ်ခံရပါတယ်၊ ဆန္ဒပြခွင့် မရပါဘူး”
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ကွင်းဆင်းနေတဲ့
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ဟာ သစ်ရာကောက်ကျေးရွာကို ဇန်န၀ါရီ ၂၈ ရက်က
ရောက်ရှိလာပါတယ်။ ၀န်ကြီးဟာ ရွာသားတွေနဲ့ ရင်းရင်းနှီးနှီး
ပြောဆိုဆက်ဆံနေရာက ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးတိုးမြင့်က ရပ်ရွာကိုယ်စား
ရွာမှာ သောက်ရေသန့် အခက်အခဲရှိတဲ့အကြောင်း အားကိုးတကြီးနဲ့
တင်ပြပြီးတဲ့နောက် ရုတ်တရက် ရိုင်းရိုင်းပျပျ ပြောဆိုဆက်ဆံတာကို
မကျေနပ်တဲ့အတွက် ရွာသားတွေက ဆန္ဒပြဖို့ စီစဉ်တာပါ။
ဆန္ဒပြဖို့ ခွင့်ပြုချက်မရတဲ့ အကြောင်းပြချက်ကိုလည်း ဦးရဲတင့်က ပြောပြပါတယ်။
“သစ်ရာကောက်ကျေးရွာ အရှေ့ဈေးကုန်းကနေပြီးတော့ ကိုးပင်လမ်းခွဲအထိ
ချီတက်ဆန္ဒပြမှာ၊ အဲလိုတင်ထားတာကို ကန့်ကွက်ပါတယ်၊ အကြောင်းရင်းက
ကျေးရွာလမ်းသည် ရန်ကုန်-မကွေး အဝေးပြေးလမ်းမကြီး ဖြစ်တဲ့အတွက်ကြောင့်
ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်စေနိုင်တယ်၊ နောက်တစ်ချက်က ဝန်ကြီး
ဦးအုန်းမြင့်သည် လွှတ်တော်အတွင်းမှာ လွှတ်တော် ကိုယ်စားလှယ်များကိုယ်တိုင်
ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက်ကြောင့် ပိုမိုရှုတ်ထွေးနိုင်စရာ
အကြောင်းတွေရှိတယ်လို့ မြို့နယ်ရဲစခန်းမှူးက လက်မှတ်ထိုးပြီးတော့
ကန့်ကွက်ပါတယ်၊ တကယ်လို့များ ကန့်ကွက်ချက်ကို မကျေနပ်ရင်တော့
ခရိုင်အထိတက်ပြီးတော့ ထပ်မံတောင်းဆိုလို့ ရတယ်လို့တော့ ပြောပါတယ်”
သစ်ရာကောက်ရွာသားတွေ ဆန္ဒပြခွင့်မရတဲ့အကြောင်း သစ်ရာကောက်ရွာမှာ ဖေဖော်ဝါရီ
၁၆ ရက်နေ့ မွန်းလွဲတစ်နာရီမှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့လည်း
ပြောကြားပါတယ်။
RFA

No comments:
Post a Comment