တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ လောခီးလာ တိုင်းရင်းသားပေါင်းစုံ
ညီလာခံက သဘောတူညီချက်တွေအပေါ် ဆွေးနွေးကြဖို့ အစိုးရက ဖိတ်ခေါ်ထားတာလို့
မြန်မာငြိမ်းချမ်းရေး စင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။
“ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ အန်စီစီတီနဲ့ ၀န်ကြီးဦးအောင်မင်းတို့အဖွဲ့
ဆွေးနွေးခဲ့ပါတယ်။ အဲဒီ ဆွေးနွေးတဲ့အချိန်တုန်းက နှစ်ဖက်မူအားဖြင့်
သဘောတူခဲ့တာက လောခီးလာ ဆွေးနွေးပွဲပြီးရင် ဘားအံဆွေးနွေးပွဲ မလုပ်ခင်မှာ
ဘားအံဆွေးနွေးပွဲ အဆင်ပြေချောမွေ့ဖို့အတွက် ကြိုတင် ပြင်ဆင်တဲ့
အစည်းအဝေးတွေလုပ်ဖို့ နှစ်ဖက် သဘောတူညီခဲ့ပါတယ်။
အဲဒီ သဘောတူတာကို
လောခီးလာပြီးသွားတဲ့အချိန်က ဇန်န၀ါရီလ နောက်ဆုံးအပတ်က ချင်းမိုင်မှာ တခါ
တွေ့ကြပါတယ်။ ဒုတိယတွေ့ဖို့ကို ရန်ကုန်မှာ ပြန်ပြီးညှိကြပါတယ်။ ညှိတော့ ပထမ
၂၀ ရက်ကျော်မှာ တွေ့ဖို့ပဲ။ ဒါပေမယ့် နှစ်ဖက်ခေါင်းဆောင်တွေ အလုပ်တာဝန်နဲ့
ခရီးထွက်ဖို့ ပြင်ဆင်မှုတွေ လိုတဲ့အတွက် မတ်လ ပထမ အပတ်မှာ တွေ့ဖို့
ဝန်ကြီးဦးအောင်မင်းဘက် ထပ်ပြီး အဆိုပြုလွှာပို့ထား ပါတယ်။ အဲဒါကို
တိုင်းရင်းသားခေါင်းဆောင်တွေက ရက်ရွေးနေတဲ့အတွက် မတ်လ ပထမ အပတ်မှာပဲ
အန်တီတီစီနဲ့ ၀န်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီကလူတွေ ညှိနှိုင်းဖို့ ထပ်ပြီး
ဆောင်ရွက်ပါ့မယ် ခင်ဗျ။”
ဘားအံဆွေးနွေးပွဲအတွက် ကြိုတင်ညှိနှိုင်းကြမှာဖြစ်တယ်။ မတ်လ ၈ ရက် ၉ ရက်လောက် ဆွေးနွေးပွဲ ကျင်ပဖြစ်ဖို့ များတယ်လို့လည်း ပြောပါတယ်။
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားကလည်း
သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အပြီးမှာ အစိုးရနဲ့ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တို့ ဧပြီလထဲ အပစ်ရပ် လက်မှတ်ထိုးဖို့ ရှိတယ်လို့
ခန့်မှန်း ပြောကြားခဲ့ပါတယ်။
အစိုးရဘက်ကတော့ သင်္ကြန်မတိုင်မီ အပစ်ရပ်လက်မှတ်ထိုးဖို့ မျှော်မှန်းထားတယ်လို့ ဦးလှမောင်ရွှေ က ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အပစ်ရပ်မူကြမ်းအပေါ် အစိုးရဘက်က
ဘယ်လို သဘောရလဲလို့ မေးကြည့်တော့ သူက “လောခီးလာက တချို့စာလုံး
အသုံးအနှုန်းတွေကို ပြင်ဖို့ လိုတယ်လို့ ကျနော်တဦးတည်း ပုဂ္ဂလိက အနေနဲ့
ပြောချင်တယ်။ အဲဒါတွေ ပြင်နိုင်တယ်ဆိုရင်တော့ ၈၀ ရာခိုင်နှုန်းလောက်က
တူညီတယ်လို့ ပြောလို့ရပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ
ကချင်ပြည်နယ်၊ လိုင်ဇာမှာ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT)
ဖွဲ့စည်းခဲ့ကြပါတယ်။
အဲ့ဒီနောက် ဒီနှစ်ဆန်းပိုင်းမှာ ကရင်ပြည်နယ် လောခီးလာမှာ ဒုတိယအကြိမ်
ညီလာခံကျင်းပခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့
အပစ်ရပ်ဘုံသဘောတူညီချက် လောခီးလာ မူကြမ်း ချမှတ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
DVB

No comments:
Post a Comment