Monday, February 3, 2014

နောက်ကျောမလုံတော့သည့် အနောက်တံခါးမှ လုံခြုံရေးများ

ပဋိပက္ခမီးများ မကြာခဏ ထကြွလေ့ရှိသည့် ရခိုင်ပြည်နယ်တွင် လုံခြုံရေးတာဝန် ယူထားသည့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု ခပ်စိပ်စိပ် ဖြစ်ပွားလာသည်။
စစ်တွေမြို့ရှိ ဘင်္ဂါလီ လူမျိုးများ နေထိုင်သည့် မှန်စီကျေးရွာ အနီးတွင် လုံခြုံရေး တာဝန်ယူထားသည့် ရဲတပ်သားနှစ်ဦး ဒီဇင်ဘာလ ၃၀ ရက်နေ့က ဘင်္ဂါလီများ၏ တိုက်ခိုက်မှုခံရသဖြင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့သည်။ အလားတူ မောင်တောမြို့နယ်ရှိ ဘင်္ဂါလီလူများ နေထိုင်သည့် ဒုချီးရားတန်း ကျေးရွာအနီးတွင် လုံခြုံရေး ကင်းလှည့်သည့် ရဲတပ်ဖွဲ့ဝင်များ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တိုက်ခိုက်ခံရရာ ရဲတပ်ကြပ်ကြီး တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ၁၀ ရက်ကျော် ကြာမြင့်လာသည်အထိ ရှာမတွေ့သေးပေ။

အဆိုပါ အဖြစ်အပျက်များ မတိုင်မီ ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က စစ်တွေမြို့တွင် ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ရာတွင် ဘင်္ဂါလီအစား ရိုဟင်ဂျာဟု ထည့်သွင်းပေးရန် တောင်းဆိုမှုကို လက်မခံဟုဆိုကာ စစ်ဆေးရေး အဖွဲ့ဝင်များကို ဘင်္ဂါလီများက ခဲများ၊ တုတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် တပ်မတော်သားတစ်ဦး၊ ရဲတစ်ဦး အပါအဝင် လူရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
လူ့အဖွဲ့အစည်း နှစ်ခုကြား မကြာခဏဆိုသလို ပဋိပက္ခ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်နေရသည့် လုံခြုံရေးတပ်ဖွဲ့များ၏ နောက်ကျော မလုံမှုမှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။
တိုက်ခိုက်ခံရမှုများသည် ရဲတပ်ဖွဲ့ဝင်များ၏ လက်နက်ကိရိယာ၊ နယ်မြေ အခြေအနေများနှင့် ပတ်သက်၍ ပြင်ဆင်မှုပိုင်းတွင်လည်း မူတည်ပြီး တိုက်ခိုက်ခံရမှုများ ဖြစ်ပွားပါက ခုခံရင်ဆိုင်ရန် အသင့်ပြင်ဆင်ထားသည့် အပေါ်တွင်လည်း မူတည်ကြောင်း ရခိုင်ပြည်နယ်တွင် တာဝန်ထမ်း ဆောင်နေသည့် မြို့နယ် ရဲတပ်ဖွဲ့မှူးတစ်ဦးက ပြောကြားသည်။
“ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ အုပ်စုဖွဲ့ သွားဖို့လိုတယ်။ အင်အားနည်းနည်းနဲ့ သွားတာ အန္တရာယ်ရှိတယ်” ဟု ၎င်းက သုံးသပ်သည်။
ပဋိပက္ခများ မကြာခဏ ဖြစ်နေသည့် နေရာတွင် လုံခြုံရေးအင်အား ချထားမှုနှင့် လက်နက် ကိရိယာအပိုင်း အားနည်းမှုသည် ရဲတပ်ဖွဲ့ဝင်များအတွက် ကြီးမားသည့် အခက်အခဲ ဖြစ်ကြောင်း ရခိုင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များက ပြောဆိုကြသည်။
မောင်တောမြို့နယ်တွင် တိုင်းရင်းသားဦးရေ အလွန်နည်းပါးပြီး ဘင်္ဂါလီဦးရေ ရာခိုင်နှုန်း ၉၀ ကျော်ရှိသည့်အပြင် အကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသော်လည်း ယင်းနေရာတွင် လုံခြုံရေးအင်အား ချထားမှု အလွန်နည်းပါးသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအဖို့ စိုးရိမ်ရသည့် အခြေအနေ ဖြစ်ကြောင်း မောင်တော မြို့နယ်တွင် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“ဘင်္ဂါလီ ကျေးရွာတွေကို ကင်းလှည့်တဲ့နေရာမှာ ရဲလေးဦးလောက်နဲ့ ကင်းလှည့်နေရတယ်။ အန္တရာယ်များတယ်။ အနည်းဆုံး ရဲ ၁၀ ဦးလောက် လိုတယ်” ဟု ၎င်းကဆိုသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့က မောင်တေ မြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဘင်္ဂါလီများ အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းခံရ၍ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးနေသည့် ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ငါးဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး နှစ်ဦးသာ ပါဝင်ခဲ့ရာ လုံခြုံရေးအင်အား နည်းပါးမှုကို သက်သေပြလျက် ရှိသည်။
ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်ရသည့် လက်နက် အရည်အသွေး ညံ့ဖျင်းမှုကြောင့် တိုက်ခိုက်ခံမှုကို ကာကွယ်ရန် အခက်အခဲ ဖြစ်ပေါ်နေကြောင်း မောင်တောဒေသတွင် လုံခြုံရေး တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
“လက်နက်ကောင်းကိုင်ရလို့ ပစ်ဖောက်လိုက်ရင် (တိုက်ခိုက်သူတွေ) နောက်ဆုတ်သွားနိုင်တယ်။ ဒါပေမဲ့ သေနတ်တွေက မပေါက်ချင်လည်း မပေါက်ဘူး” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်ရသည့် လက်နက်များသည် ပစ်ခတ်ရာတွင် ကျည်ဆန် မထွက်မည်ကို စိုးရိမ်ရသည့်အပြင် ကျည်ဆန် များကိုလည်း မိမိအစီအစဉ်ဖြင့် ဝယ်ယူသုံးစွဲရသဖြင့် ချွေတာသုံးစွဲရကြောင်း ရခိုင်ပြည်နယ်တွင် တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ မှူးတစ်ဦးက ပြောဆိုသည်။
“ကျွန်တော်ဆိုရင် သင်တန်း ဆင်းပြီးကတည်းက ခြောက်လုံးပြူးတောင် မပစ်ဖူးသေးဘူး” ဟု ၎င်းကဆိုသည်။
တပ်မတော် အစိုးရလက်ထက် ကျင့်သုံးခဲ့သည့် အထက်လူကြီး အမိန့်ပေးမှသာ လုပ်ကိုင်တတ်သည့် အလေ့အထများ အရိုးစွဲနေကြခြင်းကလည်း ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့် အကြောင်းအရင်း တစ်ရပ် ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်ဖြင့် လုပ်ကိုင်ပါက နောက်ဆက်တွဲ ပြဿနာများ ဖြေရှင်းရမည်ကို စိုးရိမ်သဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ပိုင်ခွင့်များကို တိုးမြှင့်ပေးရန် လိုအပ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောဆိုကြသည်။
လတ်တလော တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များတွင် ရဲတပ်သားအဆင့်များသာ ပါဝင်ပြီး အဆိုပါ ရဲတပ်သားများသည် ဆုံးဖြတ်ချက်ချရာတွင် တွေဝေသဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ အနေနှင့် သေကျေ၊ ဒဏ်ရာရရှိစေနိုင်သည့် ကိစ္စများကို ပစ်ခတ်ဟန့်တားခွင့် ရှိကြောင်း စစ်တွေမြို့နယ်တွင် တာဝန်ကျနေသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ရဲတပ်သားတွေက ကိုယ်ပစ်လိုက်ရင် တစ်ခုဖြစ်မလား၊ ရာထူးပြုတ်မလား ဆိုပြီး တသီတတန်းကြီး ခေါင်းထဲ ဝင်လာတယ်။ အဲတော့ ဆုံးဖြတ်တဲ့နေရာမှာ ဗျာများတယ်” ဟု ၎င်းက ရှင်းပြသည်။
တိုက်ခိုက်ခံရမှု ကိုင်တွယ်ရာတွင် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ပိုင်ခွင့်သည် အကန့်အသတ်ဖြင့် ရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိခြင်း ဖြစ်ပြီး ပစ်ခတ်မှု များတွင်လည်း စုံစမ်းစစ်ဆေး ခံရကြောင်း၊ ယင်းစုံစမ်းစစ်ဆေးမှု အပေါ်တွင်လည်း ရဲတပ်သားများက စိုးရိမ်မှု ရှိသဖြင့် ရဲရဲဝံ့ဝံ့ လုပ်ကိုင်နိုင်ခြင်း မရှိကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောဆိုကြသည်။
အကြမ်းဖက် တိုက်ခိုက်မှုများကို သေနတ်ပစ်ခတ် ဟန့်တားရန် ဥပဒေပါအတိုင်း လုပ်ဆောင်ရသော်လည်း ရဲတပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ်နှင့် ကြုံတွေ့ရပါက ပစ်ခတ် ဟန့်တားခွင့် ရှိကြောင်း ရခိုင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့မှူးတစ်ဦးက ဆိုသည်။
“အသက်အန္တရာယ် ကြုံလာရင်တော့ ပစ်ခတ်နိုင်ပါတယ်။ ဒါပေမဲ့ တိကျတဲ့ အမိန့်တွေ မရှိပါဘူး။ အရာရှိကိုပဲ အမိန့်ပေးပြီး ဦးဆောင်ခိုင်းတာမျိုး ရှိတယ်” ဟု ၎င်းကဆိုသည်။
ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုပေါ် စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက အကြောင်းရင်း သုံးရပ်ဖြင့် အောက်ပါအတိုင်း သုံးသပ်သည်။
တစ်ဖက်နိုင်ငံက ဘင်္ဂါလီများ မြန်မာနိုင်ငံသို့ တံခါးမရှိ ဓားမရှိဘဲ ဝင်ရောက်ခဲ့သဖြင့် ဘင်္ဂါလီဦးရေ များပြားလာခြင်းကြောင့် အုပ်ချုပ်ရာတွင် အခက်အခဲများ ဖြစ်ပေါ်ခြင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်မြဲရေးထက် နိုင်ငံတကာ၏ ရှုမြင်သုံးသပ် ဖိအားပေးမှုများကို ပိုမိုဂရုစိုက်နေခြင်း၊ လုံခြုံရေး အရေးတကြီး ချထားရန် လိုအပ်သည့် နေရာများတွင် လုံခြုံရေးအင်အား နည်းပါးခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းကဆိုသည်။
စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် သဲချောင်းကျေးရွာမှ ဦးမောင်မောင်ကမူ ရဲတပ်ဖွဲ့ဝင်များမှာ မူးယစ်ရမ်းကားကာ အမျိုးသမီးများကို မဖွယ်မရာ အမူအရာများ ပြုလုပ်မှုများရှိပြီး မတရားပြုကျင့်သည့် အဆင့်အထိ ရောက်ရှိလာပါက ဒေသခံများကို ထိန်းချုပ်ရန် ခက်ခဲသွားပြီ ဖြစ်ကာ တိုက်ခိုက်မှု အဆင့်သို့ ရောက်ရှိသွားကြောင်း ဆိုသည်။ နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ အစားအသောက်၊ ဆေးဝါး အခက်အခဲ၊ နေထိုင်ရာနေရာ မရှိမှုတို့အပေါ် အခြေခံကာ ပြဿနာများ ဖြစ်ပွားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ဘင်္ဂါလီများက ရဲတပ်ဖွဲ့ဝင်များကို ရခိုင်တိုင်းရင်းသားများကို ဘက်လိုက်သည်ဟု ဆိုကာ အမြင်မကြည်မှုများ ရှိပြီး လုံခြုံရေးအင်အား နည်းပါးချိန်တွင် ဝင်ရောက် တိုက်ခိုက်လေ့ ရှိကြောင်း စစ်တွေမြို့တွင် တာဝန် ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦးက ပြောဆိုသည်။
အနောက်ဘက်တံခါး တစ်လျှောက် နယ်မြေ၏ လုံခြုံရေးကို တာဝန်ယူထားသူများ တိုက်ခိုက်ခံရမှု များသည် ယင်းနယ်မြေ၏ တရားဥပဒေ စိုးမိုးရေး အတိုင်းအတာကို ညွှန်းဆိုပြနေခြင်း ဖြစ်ပေသည်။
မလုံခြုံမှု၊ လုံခြုံရေး အင်အားနည်းပါးမူ၊ လက်နက် အရည်အသွေး ညံ့ဖျင်းမှု၊ လုပ်ပိုင်ခွင့်နှင့် တာဝန် သတ်မှတ်ပေးမှုတွင် အားနည်းမှုတို့ ရှိနေဆဲ ဖြစ်သဖြင့် ကိုယ်တိုင်၏ လုံခြုံရေးပင် နောက်ကျော မလုံတော့ဟု ဆိုသော်လည်း စစ်တွေမြို့တွင် တာဝန်ကျနေသည့် ရဲအရာရှိတစ်ဦးက အောက်ပါအတိုင်း မှတ်ချက်ပေးသည်။
“တာဝန်ပေးရင်တော့ ရှောင်လွဲလို့ မရဘူး။ တိုက်ခိုက်ခံရမယ် ဆိုရင်လည်း ခံသွားရမှာပေါ့”

ေ အောင်မြင့်ထွန်း၊ ထက်အောင်ဖြိုး
The Voice Weekly

No comments:

Post a Comment