Tuesday, March 4, 2014

SSPP/SSA အဓိက တပ်စခန်း ၂ ခု အစိုးရ စစ်တပ် သိမ်းပိုက်

ရှမ်းပြည် တပ်မတော် မြောက်ပိုင်းရဲ့ အရေးပါတဲ့ တပ်စခန်း ၂ ခုကို ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အစိုးရ စစ်တပ်က ၂ရက် အကြာ တိုက်ခိုက်ပြီး သိမ်းပိုက် လိုက်တယ်လို့ သိရပါတယ်။
“အဲ့ဒီ ၂ နေရာလုံးက ကျနော်တို့ အတွက် စစ်ရေး အရရော၊ စီးပွားရေး အရပါ အရေးပါတဲ့ နေရာတွေ ဖြစ်ပါတယ်၊ သူတို့ ဒီနေရာ တွေ ကို ရပြီဆိုတော့ ကျနော်တို့ ဝမ်ဟိုင်း ဌာနချုပ်ကိုလည်း စစ်ရေး အရ ခြိမ်းခြောက်မှုတွေ လုပ်လာနိုင်ပါတယ်”လို့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းမှ ဗိုလ်မှူးကြီး ပိန်ဖက ဧရာဝတီကို ပြောပါတယ်။

စစ်တပ်က သိမ်းယူလိုက်တဲ့ နေရာတွေက မိုင်းရှုးမြို့နယ် တာ့စံပူး ကူးတို့ဆိပ်နဲ့ ကြေးသီး မြို့နယ် လွိုင်ကျို့ တောင်ကုန်းတို့ ဖြစ်ပြီး အဲဒီနေရာတွေက ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSPP/SSA) အတွက် စစ်ရေးနဲ့ စီးပွားရေး အရ အရေးပါတဲ့ နေရာတွေ ဖြစ်တယ်လို့လည်း ၎င်းက ပြောပြပါတယ်။
ဝမ်ဟိုင်း ဌာနချုပ်ရဲ့ မြောက်ဘက် ၁၀ မိုင်ခန့်မှာ ရှိတဲ့ လွိုင်ကျို့ တောင်ကုန်းပေါ်က SSPP/SSA တပ်စခန်းကို အစိုးရ စစ်တပ်က အမြောက် လက်နက်ကြီးတွေ အသုံးပြုပြီး ဖေဖော်ဝါရီ ၂၇ ရက်၊၂၈ ရက် ၂ ရက် ဆက် တိုက်ခိုက်ခဲ့တာကြောင့် ၂၈ ရက် ညပိုင်းမှာ ရှမ်း တပ်ဖွဲ့တွေက သူတို့ စခန်းကို ဆုတ်ခွာပေးလိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လွိုင်ကျို့ တောင်ကုန်းက တပ်စခန်းကို တိုက်ခိုက်နေတဲ့ အချိန်မှာပဲ တာ့စံပူး ကူးတို့ဆိပ်ကို အစိုးရ စစ်တပ် တပ်ရင်း ၃ ခုက ဝင်ရောက် နေရာယူ ထိန်းချုပ် လိုက်ကြောင်း၊ တာ့စံပူး ကူးတို့ဆိပ်ဟာ SSPP/SSA အတွက် အသက်သွေးကြော တခုလည်း ဖြစ်ပြီး ထိန်းချုပ် နယ်မြေထဲက ထွက်တဲ့ သတ္ထုတွင်းထွက် ပစ္စည်းတွေကို သယ်ယူ ပို့ဆောင်ဖို့ အသုံးပြုနေတဲ့ နေရာဖြစ်ကြောင်း သိရပါတယ်။
SSPP/SSA က အစိုးရနဲ့ ပဏာမ အပစ်အခတ် ရပ်စဲရေးနဲ့ ပြည်ထောင်စု အဆင့် လက်မှတ် ရေးထိုးထားပြီး ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပါတယ်။
ဒီတပ်စခန်း ၂ ခုကို သိမ်းယူချိန်မှာ SSPP/SSA အထွေထွေ အတွင်းရေးမှူး ဦးစပ်ခွန်ဆိုင်နဲ့ တာဝန်ရှိသူတချို့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အား ဦးစီးဌာန က ကျင်းပတဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ဖို့ နေပြည်တော်ကို ရောက်ရှိနေချိန် ဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့ ခေါင်းဆောင်ကို နေပြည်တော်မှာ သန်းခေါင်စာရင်း ကိစ္စနဲ့ ဖိတ်တယ်၊ အဲဒီ သွားနေတဲ့ အချိန်မှာပဲ တပ်တွေ ဆုတ်ပေး ဖို့ အစိုးရ စစ်တပ်ဘက်က ဖိအားပေး လာတယ်၊ ဝင်တိုက်တယ်”လို့ ရှမ်းတပ် အရာရှိ တဦးက ဧရာဝတီကို ပြောပါတယ်။
ဗိုလ်မှူးကြီး ပိန်ဖက အစိုးရ စစ်တပ်က SSPP/SSA ရဲ့ တပ်စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်တာနဲ့ ပတ်သက်ပြီး“အခုလို ငြိမ်းချမ်း ရေး အတွက် ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ ဒီလို လုပ်ရပ်တွေက အဟန့်အတား ဖြစ်တယ်”လို့ ပြောပါတယ်။
သံလွင်မြစ်ရဲ့ အနောက်ဘက်ခြမ်းမှာ ရှိနေတဲ့ SSPP/SSA တပ်ဖွဲ့တွေနဲ့ မြစ် အရှေ့ဘက်ခြမ်းမှာ ရှိတဲ့“ဝ” ပြည် သွေးစည်း ညီညွှတ် ရေး တပ်မတော် (UWSA)တို့ဟာ စစ်ရေး မဟာမိတ် တပ်ဖွဲ့တွေ ဖြစ်ပြီး နှစ်ဘက် စစ်ရေး၊ စီးပွားရေး ဆက်ဆံရာမှာ သံလွင်မြစ် ဟာ အရေးပါတဲ့ ကြားခံ ဆက်သွယ်ရေး လမ်းကြောင်း ဖြစ်တယ်လို့ သိရပါတယ်။
အစိုးရ စစ်တပ်က သံလွင်မြစ် အနောက်ခြမ်းမှာရှိတဲ့ SSPP/SSA ထိန်းချုပ်ထားတဲ့ နေရာတွေကို သိမ်းယူနိုင်ရင် သံလွင် အရှေ့ဘက်မှာ ရှိတဲ့ UWSA တပ်တွေကို စစ်ရေး အရ ခြိမ်းခြောက်နိုင်မှာ ဖြစ်သလို အနောက်ဘက်မှာ ရှိတဲ့ SSPP/SSA ရဲ့ စီးပွားရေး၊ စစ်ရေး မဟာမိတ် လမ်းကြောင်းတွေကို ဖြတ်တောက် ပစ်နိုင်မှာ ဖြစ်တဲ့ အတွက် ဒီဒေသ စိုးမိုးနိုင်ဖို့ အစိုးရ စစ်တပ်က ကြိုးစား နေ တာ ဖြစ်တယ်လို့ SSPP/SSA အရာရှိ တဦးက ဧရာဝတီကို ပြောပါတယ်။
အစိုးရ စစ်တပ်က အဲဒီ လမ်းကြောင်းတွေကို စစ်ရေးအရ စိုးမိုးနိုင်ရေး၊ စီးပွားရေး ဖြတ်တောက် နိုင်ရေး အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ရာမှာ ၂၀၁၂ ခုနှစ်က တန့်ယန်း မြို့နယ် ၇ မိုင် စခန်းနဲ့ မိုင်းရှူး မြို့နယ် လွိုင်ဖာဖိန့် စခန်းတို့ကို ဆုတ်ခွာ ပေးဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်က တဆင့် ဆုတ်ခွာ ပေးဖို့ ဆက်သွယ် လာတာကြောင့် အဲဒီ စခန်းတွေကနေ ရှမ်းတပ်တွေက ဆုတ်ခွာ ပေးလိုက်တယ်လို့ သိရပါတယ်။
ဆုတ်ခွာ ပေးလိုက်တဲ့နေရာတွေမှာ အစိုးရ စစ်တပ်တွေက ပြန်ဆုတ် မပေးတော့ဘဲ တပ်စခန်းချ နေရာယူခဲ့ပြီး ၂၀၁၃ ခုနှစ် အတွင်း ကျေးသီး မြို့နယ် တာဖာဆောင် ကျေးရွာ အနီးရှိ SSPP/SSA ရှေ့တန်း တပ်စခန်း တခုကို ထပ်ပြီး သိမ်းပိုက်ခဲ့တယ်လို့ SSPP/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှက ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။
SSPP/SSA နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့အကြား ၂၀၁၂ ခုနှစ်က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရရှိထားပြီး နောက်ပိုင်း ၂၀၁၄ ခုနှစ် မတ်လ အထိ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး SSPP/SSA ရဲ့တပ်စခန်း ၅ ခု ကို အစိုးရ စစ်တပ်က သိမ်းယူလိုက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Irrawaddy

No comments:

Post a Comment