ပဲခူးတိုင်း ဒေသကြီး အရှေ့ပိုင်း တောင်ငူမြို့တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့
ခရစ္စမတ်နေ့ မွန်းလွဲ ၁၂ နာရီခန့်က အမှတ် (၁၉) ရပ်ကွက်၊ ကန်လမ်းရှိ မြို့နယ်
ပြည်သူ့ဆေးရုံ မျက်နှာ ချင်းဆိုင် ဆေးရုံ ဝန်ထမ်း လိုင်းခန်း
ရှေ့ရေမြောင်း တစ်ခုအတွင်း အသံဗုံး တစ်လုံးအား တွေ့ရှိပြီး မွန်းလွဲ ၂ နာရီ
၄၀ မိနစ်ခန့်က နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတစ်ခုက ဖောက်ခွဲ
ဖျက်ဆီး ခဲ့ရကြောင်း တောင်ငူမြို့ခံ များက ပြောကြားသည်။
တောင်ငူမြို့ တေဇာခင်ဦး ၄ လမ်း အမှတ် (၂) ရပ်ကွက်နေ ဆိုင်ကယ်ကယ်ရီ
မောင်းနှင်သူ ဦးတင်ကိုသိန်း ဆိုသူသည် မွန်းလွဲ ၁၂ နာရီခန့်တွင်
ပြည်သူ့ဆေးရုံ ဝန်ထမ်း လိုင်းခန်းရှေ့ ရေမြောင်းအတွင်း အရှည်ရှစ်လက်မ၊
လုံးပတ်သုံးလက်မရှိ အဖြူရောင် စက္ကူကတ်ထူဘူးကို တိပ် အမည်းရောင်နှစ်ခု၊
တိပ်အစိမ်းရောင်တစ်ခု ပတ်လျက် ဂက်စ်မီးခြစ်တစ်ခု ပါဝင်သော လက်လုပ်ဗုံး
တစ်ခုသဏ္ဌာန်ကို တွေ့ရှိပြီး အနီးရှိ ဆိုင်ကယ်ပစ္စည်း
အရောင်းဆိုင်ပိုင်ရှင်မှ တစ်ဆင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းသို့
သတင်းပေးပိုခဲ့ခြင်း ဖြစ်ကြောင်း ဗုံးဟု ယူဆရသော ပစ္စည်းကို စတင်တွေ့ခဲ့သူ
ဦးတင်ကိုသိန်း၏ ပြောကြားချက်များအရ သိရသည်။
မွန်းလွဲ၂ နာရီခန့်တွင် သက်ဆိုင်ရာ နယ်မြေခံ တပ်ရင်း တပ်ဖွဲ့များနှင့်
အမှတ် (၉၁၁) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ ဗုံးကျွမ်းကျင်သူများက
ဘေးအန္တရာယ် ရှိနိုင်သေးကြောင်း ဆုံးဖြတ် စစ်ဆေးချက်များအရ လက်လုပ်ဗုံးဟု
ယူဆရသော စက္ကူဘူးခွံကို ရေပုလင်းတစ်ခုတွင် ပိုက်တပ်ကာ ယမ်းတပ်ဆင်ပြီး (Water
Bottle) စနစ်ဖြင့် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် အောင်မြင်စွာ
ဖျက်ဆီးနိုင်ခဲ့ကြောင်း တောင်ငူမြို့နယ် အမှတ် (၈၄၈) စစ်လက်နက်ပစ္စည်း
ထိန်းသိမ်းရေးတပ်ခွဲ တပ်မှူးဗိုလ်မှူး ညီဂျော်က ပြောကြားသည်။ “လက်လုပ်ဗုံး
သဏ္ဌာန်လုပ်ပြီး လှန့်တဲ့ သဘောပါပဲ။
ပထမနှစ်ဆင့် အထိကို စာဗုံးလို့ ထင်တာ။ ဗုံးကို ဖောက်ခွဲလိုက်ချိန်မှာ
မီးခိုးက အဖြူရောင်ပဲ တက်သွားတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် ဗုံးကို
ခွာထုတ်တဲ့အခါမှာ ဂက်စ်မီးခြစ် အနီရောင် တစ်လုံး၊ အပြာရောင်တစ်လုံး၊
အစိမ်းရောင် တစ်လုံးနဲ့ ဆေးထိုးအပ် ပြွန်သဏ္ဌာန် ကော်ပိုက်တစ်ချောင်းပဲ
ထွက်လာပါတယ်” ဟု ဗုံးသဏ္ဌာန် စက္ကူဘူး အဖြူရောင်ကို ဖျက်ဆီး ဖောက်ခွဲခဲ့သူ
စစ်မြေပြင် အင်ဂျင်နီယာ တပ်အမှတ် (၉၁၁) မှ ဗုံးကျွမ်းကျင်သူ တပ်ကြပ်ကြီး
ကျော်စွာက ဆိုသည်။ ဗုံးဖောက် ခွဲလိုက်ချိန်တွင် ရေပုလင်းနှင့် သဲအိတ်အချို့
ပေါက်ထွက်ခဲ့ပြီး အသံကျယ်လောင် ခဲ့သော်လည်း လူကို ထိခိုက်စေနိုင်သည် အထိ
ဘေးအန္တရာယ် မရှိသော ဗုံးလန့်မှုသာ ဖြစ်ပါကြောင်း တောင်ငူမြို့နယ်
ဒေသခံများနှင့် သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူများထံမှ
စုံစမ်းသိရှိရသည်။
တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင်
အောက်တိုဘာလ ၁၁ ရက်နေ့ည ၁၁ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာနှစ်ဦး
သေဆုံးပြီး တရားခံဖြစ်သူ စောထွန်းထွန်းကို ကရင်အမျိုးသား အစည်းအရုံး၏
ကူညီပံ့ပိုးမှုဖြင့် ဖမ်းဆီး ရရှိထားကာ တောင်ငူမြို့မ ရဲစခန်းက ပ-၅၃၅/၂၀၁၃၊
ဖောက်ခွဲ (၃) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း အဆိုပါ မြို့မရဲစခန်း
တာဝန်ရှိတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံ မြို့ကြီးအချို့တွင်
အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ခုနစ်ရက်တာ ကာလအတွင်း ဗုံးတွေ့ရှိမှု
လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်၊ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ်
ဖြစ်ပွားခဲ့ရာတွင် လူသုံးဦး သေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
by the voice
No comments:
Post a Comment