Monday, January 27, 2014

စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များတွင် နှစ်၂၀ အတွင်း သေဆုံးသူ ၁၇၀ ကျော်ရှိခဲ့

မြန်မာနိုင်ငံရှိ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များ အသီးသီးတွင် ၁၉၈၈ခုနှစ်မှ ၂ဝဝ၇ ခုနှစ်အထိ သေဆုံးခဲ့သည့် သံဃာများအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၇ဝကျော်ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့က နာယက ဆရာတော် ရွှေဝါရောင် သံဃာ့အရေးအခင်းတွင် အကျဉ်းကျခဲ့သည့် ဦးပဏ္ဍဝံသက ဇန်နဝါရီ၂၆တွင် မဇ္ဈိမကို မိန့်သည်။

စစ်ကြောရေးများတွင် သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ၏ စာရင်းကို အတိအကျ ရရှိနိုင်ရန်  ၁၉၆၂ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အတွင်းရှိ စာရင်းကို ၂ဝ၁၄ခုနှစ် ဇန်နဝါရီ၁၉ရက်မှ စတင်ကာ နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP)တို့ ပူးပေါင်းကောက်ယူခဲ့ရာ ၁၉၈၈ခုနှစ်မှ ၂ဝဝ၇ခုနှစ်အထိ စစ်ကြောရေးစခန်းနှင့်အကျဉ်း ထောင်အသီးသီးတွင် ကျဆုံးခဲ့သော သံဃာတော်၅ပါး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၇ဝ ကျော် နှင့် အခြားနိုင်ငံရေးအကျဉ်းသားဟောင်း ၅ဝဝဦး၏ စစ်တမ်းများကိုကောက်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
စစ်တမ်းကောက်ယူရရှိမှုအရ စစ်ကြောရေးနှင့် အကျဉ်းထောင်များအတွင်း ဘီပိုး၊စီပိုး၊ အရိုး တီဘီ၊ HIVရောဂါများ ကူးစက်ခံ ရခြင်းနှင့် ထောင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိခြင်းကြောင့် သေဆုံးခဲ့ရသည်။ သေဆုံးမှုအများဆုံးသည် အင်းစိန်အကျဉ်းထောင်၊ မန္တလေး အိုးဘိုထောင်၊ ရွှေဘိုထောင်၊ မြင်းခြံထောင်၊ သရက်ထောင်၊ ကလေးအကျဉ်းထောင်တို့တွင် သေဆုံးခဲ့သည့် နိုင်ငံရေး အကျဉ်းသားများ ဖြစ်သည်ဟု ဆရာတော် ဦးပဏ္ဍဝံသ က မိန့်သည်။
“စစ်ကြောရေးနဲ့ နိုင်ငံရေးအကျဉ်းထောင်တွေထဲမှာ ကူးစက်ရောဂါတွေကြောင့် သေဆုံးသွားတဲ့ နိုင်ကျဉ်းတွေထဲမှာ သံဃာတော်တွေလည်း ပါတယ်။ ၁၉၉ဝက ကမ္မဝါဖတ်လို့ သရက်ထောင်မှာ ထောင်ဒဏ် ၁ဝနှစ်ကျခဲ့တဲ့ ဆရာတော် အရှင်အာစရက အကျဉ်းထောင်အတွင်းမှာပဲ အာဟာရချို့တဲ့ပြီး ပျံလွန်တော်မူခဲ့တာကအစ မြို့တော်ခန်းမရှေ့ ဗုံးပေါက်ခွဲ တယ်လို့ စွပ်စွဲခံပြီး သရက်ထောင်မှာ စိတ်မနှံတဲ့ ထောင်သားတစ်ဦး ရိုက်တာခံရလို့ ထောင်တွင်းမှာ သေဆုံးသွားတဲ့ ကိုအောင်နိုင် တို့ရဲ့ စစ်တမ်းတွေအထိ ကောက်ယူထားပါတယ်’’ဟု ဆရာတော် ဦးပဏ္ဍဝံသက မိန့်သည်။
ကူးစက်ရောဂါများကြောင့် သေဆုံးရခြင်းသည် အကျဉ်းထောင်များတွင် ဆေးထိုးအပ်တစ်ချောင်းတည်းကို အသုံးပြု
ဆေးကုသခြင်းကြောင့် HIVရောဂါကူးစက်ခံရမှုများ ရှိသည်ဟု ဆရာတော် ဦးပဏ္ဍဝံသ က မိန့်ကြားသည်။

Mizzima

No comments:

Post a Comment